• Monday, July 11th, 2011
အဲ့ဒီညကပေါ့ …………။
မိုးစက်လေးတွေ ဖြည်းဖြည်းချင်းကျနေခဲ့တဲ့ အေးစက်စက်ညတစ်ခုလေ အိပ်မက်ဆိုးတစ်ခုနဲ့အတူ ကျွန်မရဲ့ အိပ်စက်ခြင်းတွေကို ခိုးယူသွားခဲ့တာ။
မောင်…. ကျွန်မ ရှေ့မှာ သူ ရပ်နေခဲ့တယ်။ စကားအချို့ကို စိတ်ဆိုးမာန်ဆိုးနဲ့ အော်ဟစ်ပြောဆိုနေလိုက်တာ ခေါင်းတွေရော လက်တွေရော အသုံးပြုပြီးပေါ့။ သူ ဘာအတွက် ဘာကြောင့် စိတ်ဆိုးပြီး ဘာတွေကို ပြောနေရသလဲဆိုတာ ကျွန်မ တွေးလို့မရနိုင်ဘူး။ သူ အော်ပြီးပြောနေပေမယ့်လည်း ဘာစကားတွေလဲဆိုတာ ကျွန်မ မကြားရဘူး။ ဘာကြောင့်များပါလိမ့်။ ကျွန်မ သူ့ ရှေ့နားတိုးပြီး ထပ်ပြီးအာရုံစိုက်နားထောင်ကြည့်တယ်။ မကြားရဘူး။ ထူးဆန်းလိုက်တာ ဒီလောက် နီးကပ်နေပါရက် နဲ့ အော်ဟစ်ပြောဆိုနေပါရက်နဲ့ သူ့စကားသံကို ကျွန်မ ဘာလို့မကြားရတာလဲ။မောင်.. ဘာဖြစ်နေတာလဲ
သူ့ရှေ့နားထပ်တိုးပြီး သူ့လက်အစုံကို ဆွဲကိုင်ကာ ကျွန်မ မောင့်ကို မေးခွန်းထုတ်လိုက်သည်။ နှုတ်ခမ်းလှုပ်ရုံလောက်သာ လေသံနဲ့ ဖြစ်ပေမယ့် မောင်ရော ကျွန်မပါ သေချာကြားနိုင်သည့် အသံပမာဏကို ကျွန်မ ပြောလိုက်ခြင်းဖြစ်သည်။ သို့သော် မယုံနိုင်စရာပင် ကျွန်မ ကိုယ့်အသံကို ကိုယ်ပြန်မကြားရ၍ အံသြနေစဉ်မှာပဲ မောင့်လက်ကို ကိုင်ဆွဲထားသည့် ကျွန်မ၏ လက်အစုံအား ရုတ်ချည်း ကြမ်းတမ်းစွာပင် ပုတ်ချခံလိုက်ရသည့်အခါ ကျွန်မ ဆွံ့အသွားခဲ့ရသည်။ ထင်မှတ်မထားသည့် မောင့်ရဲ့ အပြုအမှုအတွက် စိတ်ထိခိုက် ဝမ်းနည်းသွားရသည်မှာ မျက်ရည်များ ဝေသီလာသည့်အထိပင် ဖြစ်သည်။
ကျွန်မမှာ ဘာအပြစ်ရှိလို့လဲ… ကျွန်မ ဘာမှားလို့လဲ မောင်ရယ်… ဘာကြောင့်များ ဒီလောက်အထိ မောင် ဒေါမာန်တွေ ကြီးနေရတာလဲ…..
ကျွန်မ အမေးစကားတွေ ဆက်တိုက်မေးပြီး အော်ဟစ်ငိုယိုမိသည်။ ကျွန်မအပေါ်မှာ အမြဲလိုလို ကြင်နာယုယတတ်တဲ့ မောင့်ဆီမှာ ဒီလိုမျိုး ကြမ်းတမ်းတဲ့ ဆက်ဆံမှုမျိုးတွေ ရှိနေတာကို မယုံရဲမယုံဝံ့စွာနဲ့ ကျွန်မတစ်ကိုယ်လုံး အားငယ်ဝမ်းနည်းမှုတွေနဲ့ ဖုံးလွှမ်းနေရသည်။ ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်နေတဲ့အထိ ငိုကြွေးနေတဲ့ ကျွန်မကို ကြည့်ရင်း မောင် အော်ဟစ်ပြောဆိုနေတာကို ရပ်လိုက်သည်။ နားမလည်စွာ မော့ငေးနေသည့် ကျွန်မကို စူးစိုက်စွာ ကြည့်နေသည့် မောင့် မျက်ဝန်းများမှာ မောင်ဟုပင် မထင်မှတ်နိုင်လောက်အောင် ရဲရင့်စိမ်းကားနေသည်။
ဒါဟာ… တစ်ခုခုကို စိတ်နာနေသည့် မျက်လုံးတွေလား………။ ဒါမှမဟုတ် ဆုံးဖြတ်ချက်တစ်ခုခုကို သေချာပိုင်နိုင်စွာ ချမှတ်ပြီးသည့် မျက်လုံးတွေလား…….။ သံယောဇဉ်တစ်ပြားသားမှ မရှိတဲ့ သူစိမ်းလူတစ်ယောက်ကို ကြည့်သည့် မျက်လုံးတွေလား….။ မေးခွန်းတွေနဲ့ ဝေခွဲမရနိုင်ဖြစ်နေတဲ့ ကျွန်မကို ကျောခိုင်းပြီး ရုတ်တရက် မောင် လှည့်ထွက်သွားသောအခါမှသာ ကျွန်မ သတိပြန်ဝင်လာခဲ့သည်။
မောင်…. ဘယ်ကိုသွားမှာလဲ… ကျွန်မကို မထားခဲ့ပါနဲ့
ဟင့်အင်း….။ ကျွန်မပါးစပ်ကနေ ဘာအသံမှ ထွက်မလာဘူး။ ကျွန်မ လည်ပင်းတွေကို ကျွန်မ အယောင်ယောင်အမှားမှားနှင့် ပြန်စမ်းမိသည်။
မောင်ရေ……….
မောင် ……….
ကျွန်မ ဘာအသံကိုမှ မကြားရဘူး။ မောင်ထွက်သွားလိုက်တာ ကျွန်မနဲ့ တော်တော်လှမ်းနေပြီ။ ပြေးလိုက်သွားမည် ကြံသောအခါတွင်လည်း ကျွန်မရဲ့ ခြေအစုံတို့မှာ ကြိုးအထပ်ထပ်ချည်ထားသည့်အလား တုပ်နှောင်နေသည်။ ဘာတွေဖြစ်နေတာလဲ။ မောင် ကျွန်မကို ထားခဲ့လို့ မဖြစ်ဘူးလေ။ မောင် မရှိပဲ ကျွန်မ အသက်ရှင်ဖို့ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲလေ။ မောင်ရေ… ပြန်လာပေးပါ။
ေ မာ င် ……….
မောင့်နောက်ကျောကိုမျှ မမြင်ရတော့သောအခါ နာကျင်မှုများနှင့် ကျွန်မ အားရှိသမျှ ကြုံးအော်လိုက်သည်။ မောင်… ဟုသော အသံအစား.. အဲ့.. အဲ့… ဟုသော အသံကိုသာ ကျွန်မ ကြားလိုက်ရသည်။ ဟင် ကျွန်မ အသံတွေ ဘာဖြစ်သွားတာလဲ။ မောင်… ကျွန်မ ထပ်ခေါ်ကြည့်သည်။ အဲ့.. အဲ့…. ။ အို.. ကျွန်မ အသံ……။ ကြောက်ရွံ့မှု၊ ထူးဆန်းမှု၊ သိမ်ငယ်မှုတို့ကို ရောပြွန်းခံစားနေစဉ်မှာပဲ ကျွန်မ တစ်ကိုယ်လုံး မိုးရေတို့နှင့် ရွှဲစိုသွားရတော့သည်။ မိုး….။ မိုးတွေရွာနေတယ်။ ကျွန်မ မျက်ရည်တို့ မိုးနဲ့ ရောပါစေတော့လေ….. အတွေးနဲ့ ကျွန်မ မျက်နှာကို မော့လိုက်တယ်။ အံသြစရာ…… မိုးက တစ်စက်တစ်ပေါက်လေးတောင် ကျမလာဘူးလေ။ နားမလည်နိုင်သော ဖြစ်ရပ်ဆန်းတို့ကြောင့် ကျွန်မ ဝမ်းပမ်းတနည်း ရှိုက်ငိုပစ်လိုက်သည်။ အဲ့… အဲ့….။ ကျွန်မဆီက ကလေးတစ်ယောက်ရဲ့ ငိုသံပဲ ထွက်လာခဲ့တယ်။
ကလေး…….။ မိုးမရွာပဲ မိုးရေစို……။ ဟာ… သွားပြီဆိုတဲ့ အတွေးနဲ့ ကျွန်မ ငုပ်တုပ်ထထိုင်မိသည်။ ရောက်နေတဲ့ ပါတ်ဝန်းကျင်ကို မြင်လိုက်ရင်ပဲ သေလိုက်ပါတော့ မယ်နုရယ် ဟု ကိုယ့်ကိုကိုယ် ကောင်းချီးထောပနာပြုပြီး နဖူးကိုသာ ပစ်ရိုက်မိတော့သည်။ ဒေါ်နန်းသီရိမောင် တစ်ယောက်က သူကိုယ်တိုင်ရော သူ့အမေ ကျွန်မကိုပါ သေးဖြင့်ပန်းပြီး ထိုသေးစိုအဝတ်တို့အထဲတွင် တ အဲ့ အဲ့ ဖြင့် ငိုကြွေးနေသည်လေ။
မောင်ရေ…. မောင့်သမီး ဒီမှာ …….
ကိုယ့်ခေါင်းကို ကိုယ်စုံကုတ်ပြီး မောင့်ကို အော်ပြောလိုက်သည့် ကျွန်မရဲ့ ခေါ်သံတို့ တစ်ဝက်တစ်ပျက်နှင့်ပင် ရပ်တန့်သွားရသည်။ မောင်မှ မရှိတာ…….။ ကျွန်မတို့ သားအမိကို ထားရစ်ခဲ့ပြီး လေးလသင်တန်းတက်ဖို့ရန် ထွက်ခွာသွားရသည်လေ။ ထွက်သွားသည့်နေ့ကနေ ရေတွက်လျှင် (၇၇) ရက် ရှိသွားပြီ ဖြစ်သော်လည်း မောင်မရှိပဲ အိပ်စက်ရသည့် ကျွန်မရဲ့ ညရေးညတာတွေ မနေတတ်၊ မထိုင်တတ်နှင့် အကျည်းတန် အသားမကျနိုင်သေးပေ။ ခင်ပွန်းသည်အား သတိရလွမ်းဆွတ်သည့် စိတ်ကို အသာထားကာ သမီးငယ်အား အဝတ်လဲလှယ်ဝတ်ဆင်ပေးလိုက်သည်။ ခန္ဓာကိုယ်အောက်ပိုင်းတစ်ခုလုံး သမီး၏ ရှုးရှုးတို့ဖြင့် ရွှဲနစ်နေသည်ကို သန့်စင်၊ အိပ်ယာခင်းတို့ အသစ်လဲလှယ်၊ ပြီးသည်နှင့် သမီးသီရိ ပြန်လည်အိပ်ပျော်စေရန် ချော့သိပ်လိုက်သည်။ အခါတိုင်း သိပ်နေကျ မောင် မဟုတ်၍လားမသိ သမီးက လွယ်လွယ်နှင့် မအိပ်။ ချစ်သော မောင်ရေ… သမီးသီရိရော ကျွန်မ နန်းနုပါ မောင့်ကို လိုအပ်နေတယ်…..။ သမီးသာ အိပ်ပျော်သွားသည်၊ ထိုစိတ်နှင့်ပင် ကျွန်မ ပြန်လည်အိပ်မပျော်ခဲ့။ မောင်သာ ရှိနေခဲ့ရင် မောင့်လက်မောင်းပေါ် ခေါင်းအုံးရင်း မောင့်သီချင်းသံတိုးတိုးဖြင့် ခဏချင်း အိပ်ပျော်သွားမည် ဖြစ်သည်။ ယခုတော့ ….. ။
အဲ့ဒီညကပေါ့ …………။ မိုးစက်လေးတွေ ဖြည်းဖြည်းချင်းကျနေခဲ့တဲ့ အေးစက်စက်ညတစ်ခုလေ အိပ်မက်ဆိုးတစ်ခုနဲ့အတူ ကျွန်မရဲ့ အိပ်စက်ခြင်းတွေကို ခိုးယူသွားခဲ့တာ။
Category: မောင် | Leave a Comment
• Monday, March 21st, 2011
သဲ.. သဲ ဘာမှမဖြစ်ရဘူးနော်..။ သဲသာ တစ်ခုခု ဖြစ်သွားရင် မောင်ရင်ကျိုးရမှာကွ ဘယ်လိုမှလဲ ဖြေလို့ရမှာ မဟုတ်ဘူး၊
ကျွန်မရဲ့ မှတ်ညဏ်အချို့ကို ပြန်ရတဲ့အချိန်မှာ ပထမဆုံးကြားရတာက မောင့်ရဲ့ ထိုစကားသံ ဖြစ်ပြီး ပထမဆုံး မြင်ရတာက စိတ်ထိခိုက်မှုတွေ၊ ယူကြုံးမရဖြစ်မှုတွေနဲ့ ပြည့်နေတဲ့ မောင်ရဲ့ မျက်လုံးများပင် ဖြစ်သည်။ ကျွန်မနှာခေါင်းနှင့် ယဉ်ပါးနေပြီဖြစ်သော ဆေးနံ့တွေကို ရလိုက်တာနဲ့ ကျွန်မ ဆေးရုံရောက်နေပြီဆိုတာ သိလိုက်သည်။
ဆေးရုံ………။
အို.. ကျွန်မမှာ ကိုယ်ဝန်ရှိနေတာကို မောင်သိလို့ မဖြစ်ဘူး၊ မောင် သိလို့ လုံးဝမဖြစ်ဘူး။ အတွေးနှင့်အတူ ကျွန်မ အိပ်ယာထဲမှ ကုန်းရုန်းထမိသည်။ သို့သော် ခေါင်းထဲက မိုက်ခနဲဖြစ်သွားသလို ဗိုက်အောက်ပိုင်းဆီမှလဲ စူးရှစွာ နာကျင်မှုကို ခံစားရကာ ချက်ချင်းပင် ကျွန်မ ပြန်လည်လဲပြိုသွားသည်။ ဘာဖြစ်တာလဲ၊ ကျွိန်မ ဘာဖြစ်သွားတာလဲ။ အို.. ဘာပဲဖြစ်ဖြစ် ဒီအချိန်မှာ ကျွန်မ ကျန်းမာနေဖို့လိုတယ်။ အထူးသဖြင့် ကျွန်မဗိုက်ထဲက ကလေးအတွက် ကျွန်မ ပိုပြီး ကျန်းမာသန်စွမ်းနေလို့ လိုတယ်။
မိခင်စိတ်ဆိုသည်မှာ အရမ်းအံသြဖို့ကောင်းပါသည်။ သားလေးလား သမီးလေးလားပင် မသိရသေးသည့် ဒီလိုအချိန်မျိုးမှာတောင် ငါ့ကလေးဆိုတဲ့ စိတ်နဲ့ အတွေးနဲ့ အရာရာကို ရင်ဆိုင်ဖို့ အသင့်ဖြစ်ရသည်။ သားသမီးဇောဖြင့် အစခပ်သိမ်း ကျော်လွှားနိုင်ဖို့ အားအင် အပြည့် ဖြစ်ရသည်။
သဲ.. သတိရပြီနော် .. ဘယ်လိုနေသေးလဲ
မောင်….
မောင် ရှိတယ်လေ.. သဲ ဘာလိုချင်လို့လဲ.. ဘယ်လိုနေလို့လဲဟင်
ဟင့်အင်း… သဲ အိမ်ပြန်မယ်.. သဲကို အိမ်ပြန်ပို့ပေးပါ
သဲ ပြန်လို့မရသေးဘူးလေ ဆေးရုံမှာ ကောင်းကောင်းနေနေဖို့ လိုသေးတယ်
သဲ ဘာမှမဖြစ်ပါဘူး ကျန်းမာနေတာပဲ သဲ ဆေးရုံမှာ မနေချင်ဘူး အိမ်ပြန်မှ ဖြစ်မယ် သဲကို အိမ်ပြန်ပို့ပေး ပြန်ပို့ပေး
သဲလေးရာ…. မောင့်ကို ဒီပုံစံနဲ့တော့ ဒဏ်မခတ်ပါနဲ့ အပြစ်မပေးပါနဲ့။ နော် မောင့် အသဲလေး နေကောင်းမှ ဖြစ်မယ် လိမ်မာပါတယ်ကွာ နော် သဲ နေကောင်းလို့ ဆရာဝန်ကြီးက ဆင်းခွင့်ပေတာနဲ့ မောင် သဲကို အိမ်ပြန်ပို့ပေးမှာပေါ့
သဲ ဘာဖြစ်နေလို့လဲ
သဲရဲ့ သားဥအိမ်ထဲမှာ အရည်အိတ်လေးတွေ ရှိနေတယ်ကွ.. အဲဒါတွေကို ထုတ်ပစ်ဖို့ သဲလေး ခွဲစိပ်ခန်း ဝင်ရမယ်
ဘာ….. အရည်အိတ် ဘာအရည်အိတ်လဲ သဲ ဗိုက်ထဲမှာ ကလေးလေး ရှိရမှာလေ ဘာအရည်အိတ်လဲ
မောင့်ချစ်သူလေးကတော့ကွာ အမေကလဲ ဖြစ်ချင်လိုက်တာ ကလေးဆို မွေးမယ်ဆိုတာချည်းပဲ မွေးရမှာပေါ့ မောင့်အတွက် သားသားလေးတွေ၊ မီးမီးလေးတွေ အများကြီး မွေးပေးရမှာ မပူနဲ့ ဟုတ်ပြီလား
သဲ မေးတာကို အရင်ဖြေ.. သဲဗိုက်ထဲမှာ ကလေးလေး ရှိနေတာ မဟုတ်ဘူးလား ဘာဖြစ်လို့ အရည်အိတ်လို့ ပြောရတာလဲ
ဖြေမယ်ဗျား.. ဒီလို သဲလေးရ သဲလေးရဲ့ သားဥအိမ်ဆီကနေ လစဉ်လတိုင်း သားဥလေးတွေ ကြွေကျတယ်လေ အဲ့ဒီဖြစ်စဉ်ကို သဲသိတယ်ဟုတ်
အင်း သိတယ်လေ အဲဒါနဲ့ ဘာဆိုင်လို့လဲ
ဆိုင်ပါသကောဗျာ.. အဲလိုကြွေတဲ့ သားဥလေးတွေက ပုံမမှန်ပဲ ဖြစ်လေ့ဖြစ်ထရှိတဲ့အတိုင်း မကြွေကျတဲ့အခါ သွေးအရည်အိတ်လေးတွေ အဖြစ်နဲ့ သားဥအိမ်ထဲမှာ ရှိနေရော ပွင့်ပွင့်လင်းလင်း ပြောရရင် ဓမ္မတာဆင်းရမယ့် သွေးတွေ ကျန်ကျန်နေခဲ့တာပေါ့ သဲလေးရာ
ဒါဆို ဒေါက်တာမင်းကျော်နိုင်က သဲမှာ ကိုယ်ဝန်ရှိနေပြီလို့ ဘာလို့ ပြောခဲ့တာလဲ
အင်း…. ဒါက ဒီလိုရှိတယ် သဲလေးရ သဲဗိုက်ထဲမှာ ကလေးလေး ရှိမရှိဆိုတာကို ဆီးနဲ့စစ်မယ် သို့မဟုတ် အယ်လ်ထရာဆောင်း ရိုက်ကြည့်မယ် အဲလိုနည်းတွေနဲ့ သိနိုင်တာလေ
အော သူတို့ သဲကို အယ်လ်ထရာဆောင်း ရိုက်တယ်လေ ဒါဆို သူတို့ မှားတာပေါ့ ဟုတ်လား
အဲလိုလဲ ပြောလို့မရဘူး သဲရ အယ်လ်ထရာဆောင်းရဲ့ သဘောတရားက အသံလှိုင်းနဲ့ အလုပ်လုပ်ရတာ သူ လွှင့်လိုက်တဲ့ အသံကို တန်ပြန်ရိုက်ခတ်လိုက်တဲ့ ပဲ့ထင်သံပေါ်မှာ မူတည်ပြီး သိနိုင်မြင်နိုင်တာမျိုး
အဲဒီတော့….
အင်း.. စောစောက ပြောတဲ့ သဲလေးရဲ့ သားဥအိမ်လေးထဲက သွေးအရည်အိတ်လေးတွေကို အယ်လ်ထရာဆောင်း ကိရိယာကနေ လွှင့်လိုက်တဲ့ အသံက သွားထိရော အဲဒီမှာ ပြန်လာတဲ့ ပဲ့ထင်သံအရ သဲ သားအိမ်ထဲမှာ တစ်ခုခု ရှိနေပြီပေါ့ အဲလို ကောက်ချက်ချနိုင်တယ် နောက်ပြီး သဲရဲ့ ဆေးမှတ်တမ်းတွေအရ ရာသီသွေးပေါ်ရမယ့် ရက်ကလဲ ငါးပါတ်နီးပါး ကျော်နေပြီ အယ်လ်ထရာဆောင်းက ပေးတဲ့ ပုံရိပ်တွေရဲ့ အရွယ်ပမာဏကလဲ ငါးပါတ်အရွယ် သန္စေသား အရွယ်ဆိုတော့ နောက်ဆုံးထွက်လာတဲ့ ကောက်ချက်က သဲမှာ ကိုယ်ဝန်တစ်လ ရှိနေပြီပေါ့
ဟင်… ဒါ သာမန်ကိစ္စမှ မဟုတ်တာ အဲလို လွယ်လွယ် ကောက်ချက်ချလို့ ရမလား
ဒါကတော့ သဲရယ် သူတို့လဲ ဗိုက်ထဲဝင်ကြည့်လို့မှ မရတာ စက်ကိရိယာတွေဆိုတာကလဲ အမှားအယွင်း ဖြစ်နိုင်တယ်လေ ဆရာဝန်ကို အပြစ်ပြောလို့မရဘူး
သဲက အပြစ်ပြောတာ မဟုတ်ပါဘူး ကလေး မဟုတ်ဘူးဆိုလို့ စိတ်မကောင်းဖြစ်တာ ခုလဲ ခွဲစိပ်မှုခံရဦးမယ်ဆိုတော့…
စိတ်မကောင်းမဖြစ်ပါနဲ့ သဲလေးရယ်.. သဲလေး ကျန်းမာဖို့ပဲလိုတယ် သဲ နေကောင်းတယ် ကျန်းမာတယ်ဆိုရင် ဘယ်အချိန် ကလေးယူယူ ယူလို့ရနေတာပဲလေ နော် ခွဲစိပ်တယ်ဆိုတာကလဲ အသေးစားခွဲစိပ်မှုပါ ဘာမှ စိတ်ပူစရာမရှိဘူး မောင်တစ်ယောက်လုံး ရှိတယ် နော်
မောင်………. မောင်က သဲဘေးမှာ ရှိနေမှာမှ မဟုတ်တော့တာ
နိုး.. အဲဒါတွေ ဘာမှ မစဉ်းစားပါနဲ့ မောင့်ဘဝမှာလဲ သဲမရှိလို့ မဖြစ်ဘူးဆိုတာ မောင်သိလိုက်ပြီ သဲလေး မေ့နေတုန်းကဆို တစ်ခုခု ဖြစ်သွားခဲ့ရင်ဆိုတဲ့ အတွေးနဲ့ မောင် ဘယ်လိုမှ ဆောက်တည်ရာ မရဘူး ဒါကြောင့် သဲလေးဘေး.ကနေ မောင် ဘယ်ကိုမှ ထွက်မသွားဘူး မောင့်ဘဝရဲ့ နောက်ဆုံးထွက်သက်တွေအထိ သဲလေးဘေးမှာ စောင့်ရှောက်မယ် ချစ်မယ် ဒါ မောင်ရဲ့ သစ္စာပဲ မောင် ရည်းစားများခဲ့တယ်ဆိုပေမယ့် ဘယ်မိန်းကလေးကိုမှ သစ္စာမဆိုခဲ့ဖူးဘူး သဲလေးတစ်ယောက်ပဲ မောင့် ဘဝ မောင့်ချစ်သူလေး စိတ်ချလက်ချ ယုံပေးနော်
ဒါပေမယ့်… သီရိ….
တော်ပြီကွာ… သဲလေးဘေးမှာ မောင်ရှိနေပြီပဲ ကျန်တာတွေ ဘာမှ မတွေးနဲ့တော့ မောင် သဲကို ချစ်တယ် နော် သဲလေးလဲ စကားပြောရတာ ပင်ပန်းနေပြီ နားလိုက်တော့ ခဏဖြစ်ဖြစ် ပြန်အိပ်လိုက်နော် မောင် စာသင်ခန်းဝင်စရာ ရှိသေးတယ် နော်
ဟုတ်… သဲ ပြန်နိုးလာရင် မောင် ရှိနေမှာလား
ဒါပေါ့. မောင့်အချိန်က နှစ်နာရီတည်းပဲလေ သဲလေး မနိုးခင် မောင် ရောက်အောင် ပြန်လာခဲ့မယ် ကျေနပ်ပါသလား မောင့်ချစ်သူလေး…
ဟုတ် မောင့်ကို အရမ်းချစ်တယ်
မောင်လဲ သဲကို အရမ်းချစ်ပါတယ် မောင် သွားမယ်နော်
ဟုတ် ဘိုင် ဘိုင်…….
—————————————————————————————————————————————————————————————————————————————————————-
မောင် အခန်းထဲက ထွက်သွားသည့်အချိန်ထိ ကျွန်မ မျက်လုံးများ ပိတ်ကာ အိပ်ချင်ယောင်ဆောင်နေခဲ့သည်။ ကျွန်မ ဘယ်လောက်ပဲ မောင့်ကို လိုအပ်ပါစေ.. မောင်ရဲ့ နှလုံးသားကို စတေးလို့ဖြင့် ပျော်ရွှင်မှုကို အရမယူချင်ပါ။ သူ သီရိကို အမှန်တကယ် ချစ်မြတ်နိုးသည် ဆိုတာကို ကျွန်မ ရင်နှင့်ခံစားသိရှိသည်ပဲလေ။ ကျွန်မမှာ ကလေးရှိမနေဘူး ဆိုပေမယ့်လည်း မောင်နဲ့ဝေးရာ အရပ်ကို ကျွန်မ ရှောင်ပုန်းထွက်ခွာမှ ဖြစ်မည်။ ထိုအတွေးဖြင့်ပင် လက်မှာသွင်းထားတဲ့ ဆေးပိုက်အပ်ကို ဆွဲဖြုတ်လိုက်သည်။ သွေးအချို့ လွင့်စင်သွားရသည်။ ဒါ မောင့်ရင်သွေးအဖြစ် အမှန်တကယ် ဖြစ်မလာခဲ့တဲ့ ကျွန်မရဲ့ နှလုံးသွေးတွေပဲ ဖြစ်မှာပါ။ ခါးဆီမှ နာကျင်မှုကို အနည်းငယ်ခံစားလိုက်ရသော်လည်း ကုတင်ပေါ်မှ ကျွန်မ လျှောဆင်းလိုက်သည်။ ထို့နောက် တံခါးဆီသို့လျှောက်သွားကာ အသာအယာဆွဲဖွင့်လိုက်သည်။ အို…….။ မောင် မသွားသေးဘူးပဲ။ သူ့သူငယ်ချင်း ဆရာဝန်တစ်ယောက်နှင့် ရပ်စကားပြောနေသော မောင့်နောက်ကျောကို မြင်လိုက်သည်တွင် တံခါးကို ကျွန်မ မြင်သာရုံပဲ လှစ်ဟကာ မောင်တို့စကားသံကို နားစွင့်ကြည့်မိသည်။ ကျွန်မရဲ့ ရောဂါအကြောင်း ဆွေးနွေးနေသည်လား….။
…..
ဒါဆို သီရိ ကိစ္စက မင်း ဘယ်လို ဆက်လုပ်မှာလဲ ငသန့်
သီရိ………။ သြော်.. မောင်၊ သီရိနှင့် ကျွန်မ အကြောင်း ပြောဆိုနေသည်ပဲ။ သီရိနှင့် ကိစ္စက မောင် ဘယ်လိုဆက်လုပ်မှာလဲတဲ့။ ဒီမေးခွန်းကို မောင် ဘယ်လိုပြန်ဖြေမလဲဆိုတာ ကျွန်မ စိတ်ဝင်စားသွားသည်။ မောင် ဘယ်လိုဆက်လုပ်မှာပါလိမ့်…..။
…..
ငါ သီရိကို ဘယ်လောက်အထိ ချစ်လဲဆိုတာ မင်းသိပါတယ် သူရိန်ရာ.. လက်ထပ်ဖို့ဆုံးဖြတ်ထားတာ သူ့ကိုပါ
ဒါပေမယ့် မင်း အခု နန်းနု အနားမှာ နေတော့မယ်လို့ ပြောခဲ့တယ်ဆို…
အေးကွာ.. နန်းကို ငါ သနားတယ် သူက အမေ အရမ်းလုပ်ချင်တာကွ ငါ သိတယ် သူရဲ့ နှလုံးရောဂါ အခြေအနေအရ ကလေးယူလို့ မဖြစ်သေးဘူးဆိုတာကိုတောင် ငါ့ကို သီရိဆီမှာ ထားခဲ့ပြီး သူက ကလေးသွားမွေးမယ်တဲ့
မင်း တစ်ယောက်ကို ချစ်၊ တစ်ယောက်ကို သနားတော့ မဖြစ်တော့ဘူးနော် ငါ့ကောင် ပြတ်ပြတ်သားသား ရွေးတော့
အင်း ငါ စဉ်းစားပြီးပါပြီ သီရိကို ရွေးလိုက်မယ်ဆိုရင် နန်းက တစ်သက်လုံး ဆိုက်ကိုဝင်တော့မှာ ပြီး သူ့ကျန်းမာရေး အခြေအနေကလဲ ကောင်းကောင်းစိတ်မချရဘူး ဒါက တစ်ဖက်… နန်းကို ရွေးလိုက်ရင်ကျတော့ အခြေအနေက မတူတော့ဘူးကွ ငါထားခဲ့လို့ သီရိ ခံစားရပါလိမ့်မယ် ဒါပေမယ့် သူ့ဘဝ၊ သူဦးတည်ချက်ကိုတော့ သူ ဆက်လျှောက်သွားမှာ ငါ အဲဒါကို ယုံကြည်တယ် ဆိုလိုတာကကွာ သီရိ ငါ့ကို မုန်းရင်မုန်းသွားမှာပေါ့ ဒါပေမယ့် ငါနဲ့အတူနေတာထက် ငါနဲ့လက်တွဲတာထက် သူ့ဘဝက ပိုပြီးမြင့်တက်သွားမှာပါ ပိုပြီးကောင်းသွားမှာပါ သူ အလွန်ဆုံးခံစားရ တစ်နှစ်ပေါ့ကွာ ငါ့ထက်သာတဲ့လူတွေ သူ့ဘေးမှာ အများကြီးရှိနေတာပါ
မင်း အဲ့စကားတော့ မပြောနဲ့လေ ငသန့်ရာ.. ဘယ်သူတွေ ဘယ်လိုသာသာ မင်းကိုပဲ သူရွေးထား၊ ချစ်ထားခဲ့တာကွ
ငါ နားလည်ပါတယ်… ငါ ပြောချင်တာက ငါ့ဘဝ၊ ငါ့အခြေအနေနဲ့ သီရိကို မြှင့်တင်ပေးနိုင်ဖို့ထက် ဆွဲချဖို့က ရာနှုန်းပိုများနေတယ်ဆိုတာလဲ မင်းသိပါတယ်
အင်း………
ပြဿနာတစ်ခုကို analysis လုပ်ကြည့်ရင် lose ထက် profit ထွက်နိုင်ဖို့ စဉ်းစားရမှာပေါ့ကွာ သီရိလဲ ငါ့ကို နားလည်မယ်လို့ ထင်ပါတယ် ဟူး……… မတက်နိုင်ဘူးကွာ သီရိရဲ့ စာမျက်နှာပေါင်းကိုးရာကျော်မှာ ငါ လူဆိုးဖြစ်ကောင်း ဖြစ်နေလိမ့်မယ် နန်းရဲ့ ဘဝတစ်သက်စာလုံးမှာတော့ ငါ လူယုတ်မာ မဖြစ်ချင်တော့ဘူး သီရိရဲ့ အမုန်းပဲ ခံလိုက်တော့မယ်
အေးကွာ ငါလဲ သီရိအတွက်တော့ စိတ်မကောင်းပါဘူး ဒါပေမယ့် မင်း ဒီလိုဆုံးဖြတ်နိုင်လိုက်တဲ့အတွက်တော့ ငါ ဂုဏ်ယူပါတယ် ဟုတ်ပြီ ဟေ့ကောင် နောက်မှ အေးအေးဆေးဆေး ဆုံကြသေးတာပေါ့ ငါ လူနာတွေ လိုက်စစ်လိုက်ဦးမယ်
အေး သူငယ်ချင်း ဆီးယူ..
မောင် ဆက်လက်ထွက်ခွာသွားသည်ကိုပင် ကျွန်မ စောင့်မကြည့်တော့။ တံခါးကို နောက်ကျောနှင့် တွန်းပိတ်ကာ တံခါးအနီးတွင်ပင် ငုတ်တုပ်ထိုင်ချလိုက်သည်။ ရင်ဘတ်ထဲဆီက စူးအောင့်လာသော ဝေဒနာက ခါးဆီမှ နာကျင်မှုကို မေ့လျော့သွားစေသည်ထင်ပါရဲ့လေ။ မောင်… သူ ချစ်သည်က သီရိ၊ ရွေးလိုက်သည်က ကျွန်မ။ ဒါဟာ ကျွန်မရဲ့ မောင့်အပေါ်မှာ ထားရှိသော မေတ္တာစစ်မှန်ခဲ့လို့သာ မောင့် ကျွန်မ အနားပြန်ရောက်လာတာဟုပင် ကျွန်မ ယုံကြည်လိုက်ချင်သည်။ ဘာအကြောင်းကြောင့် ရွေးချယ်သည် ဖြစ်စေ.. မောင် ကျွန်မ အနားမှာ ရှိနေတော့မည် ဖြစ်သည်။ ယုတ္တိကျသော မောင့် အတွေးများအတွက် ကျွန်မ ထွက်ခွာသွားဖို့ လိုအပ်ပါသေးလား။
——————————————————————————————————————————————————————————————————————————————————————
နှစ်လခန့်ကြာသောအခါ

နှင်းဆီပန်းတွေရဲ့ ရနံ့နဲ့ နိုးထလာခဲ့ရတဲ့ အဲဒီနေ့ မနက်က ၁၄၊၂၊၂၀၁၁ ချစ်သူများနေ့။ နာရီကို လှမ်းကြည့်လိုက်တော့ ရှစ်နာရီ ဆယ့်တစ်မိနစ်။ အော… မောင် အတန်းသွားစစ်နေပြီပဲ။ ခေါင်းအုံးဘေးက ပန်းတွေကို နှစ်ခြိုက်စွာ မွှေးကြူလိုက်ပြီးသည်နှင့် ရေချိုးခန်းဆီသို့ ကျွန်မ ထွက်လာလိုက်သည်။ အခန်းထဲသို့ ဝင်ဝင်ချင်းမှာပင် စင်လေးပေါ်က မြင်ကွင်းတစ်ခုကြောင့် မျက်ရည်များ ဝေသီသွားရသည့်အထိ ကျွန်မ ကြည်နှုးသွားရသည်။ တုန်ယင်သော လက်အစုံဖြင့်ပင် ဖဲပြားလှလှလေးနှင့် ချည်ထားသည့် သွားတိုက်တံအတွဲလေးကို လှမ်းယူလိုက်သည်။ သွားတိုက်တံတစ်ချောင်းစီမှာ ကဒ်ပြားလေးတွေ ဆွဲထားသည်ကို ကျွန်မ တွေ့လိုက်ရသည်။
ပထမတစ်ကဒ်
“မောင်”
ဒုတိယတစ်ကဒ်
“သဲ”
တတိယတစ်ကဒ်
“သမီးလေး”
ထိုအချိန်မှာပဲ အိပ်ခန်းဆီမှ ချမ်းချမ်းရဲ့ တကယ်ဆိုရင် အချစ်ပဲလိုတယ် သီချင်းသံသဲ့သဲ့ကို ကြားလိုက်ရသည်။ ဒါ.. မောင့်ဆီက ဖုန်းပဲ။ သွားတိုက်တံလေးတွေကို ကိုင်ကာ ကျွန်မ အပြေးတစ်ပိုင်း ထွက်လာခဲ့သည်။
မောင်….
………..
ဟုတ် သမီးလေးအတွက် နာမည်ကို သဲ ကြိုပြီး စဉ်းစားပြီးသွားပြီ
……….
ဟုတ် သဲပဲ ပေးမှာနော် မောင် မငြင်းရဘူး
………
သမီးလေး နာမည်ကလေ… နန်းသီရိမောင်။ ။
ချစ်ခင်စွာဖြင့်
နန်းလေပြေနု

Category: အခန်းဆက် ၀တ္ထုရှည်, မောင် | 12 Comments
• Wednesday, February 02nd, 2011
သဲ.. သဲမှာ ကိုယ်ဝန်များ ရှိနေလား
မောင့်ဆီကနေ ရုတ်တရက် ထွက်လာသော ထိုစကားသံကြောင့် ကျွန်မ စက္ကန့်ပိုင်းမျှ ကြောင်အသွားခဲ့ရသည်။ ဘာကိုမှ မမျှော်လင့်ထားပေမယ့် ကိုယ့်ဝမ်းထဲမှာ မှီတွယ်နေသော ရင်သွေးငယ်ရဲ့ အဖေဆီကနေ အခုလိုမျိုး အမေးစကားအတွက်လည်း ကျွန်မ ဝမ်းသာဝမ်းနည်း ဖြစ်မိသည်။ မောင်နဲ့ကျွန်မရဲ့ ပါတ်သက်မှုကို မောင် သတိတရ ရှိရှာသားပဲ။ မောင် ကျွန်မကို ဂရုစိုက်ရှာသားပဲ ဆိုတဲ့ အတွေးနဲ့ ဝမ်းသာရသလို၊ သြော်.. သူလျှောက်မယ့် လမ်းကြောင်းမှာ ဘာအနှောင့်အယှက်မှ ရှိချင်ပုံ မပေါ်ဘူး.. သူ့ဘဝအတွက် အရာရာကို ပိုင်နိုင်သေချာချင်နေတာပဲ ဆိုတဲ့ အတွေးနဲ့ ကျွန်မ ဝမ်းနည်းရသည်။ စိတ်ချပါ မောင်ရယ်..။ နန်းနု ဆိုတဲ့ အမျိုးသမီးက မောင့်အတွက် အနှောင့်အယှက် ဖြစ်မယ်ဆိုရင် မျက်ရည်တောင် အမြင်မခံပါဘူးကွယ်။
သဲ ကိုယ်ဝန်ဆောင်နိုင်တဲ့ ကျန်းမာရေးမျိုး မရှိဘူးလေ မောင်ရယ် ဘာတွေ မေးနေတာလဲ
ဟုတ်တော့ဟုတ်ပါတယ်.. ဒါပေမယ့် သဲပုံစံက တစ်မျိုး ဖြစ်နေသလိုပဲ မောင့်စိတ်ထဲမှာ တစ်ခုခုကို ခံစားမိနေတယ်
ဘာမှမဖြစ်ပါဘူး မောင်ရယ်. ဒီလိုပဲပေါ့ ချစ်တဲ့သူကို စွန့်လွှတ်လိုက်ရတော့မှာဆိုတော့ ဝမ်းနည်းမိတာပေါ့ ဒါပါပဲ
အင်း. အင်း.. တကယ်လို့ တစ်ခုခုဆို မောင့်ကို ပြောပြနော် သဲ..
ပြောပြရင်…
အင်း……….. သဲကလဲ ပြဿနာဆိုတာ ဖြစ်လာရင် ဖြေရှင်းရမှာပဲလေ ဘယ်လိုမျိုး ဖြေရှင်းရင် အဆင်ပြေမလဲဆိုတာ တွေးရတာပေါ့
ပြဿနာ.. မောင်က အဲ့ကိစ္စကို ပြဿနာလို့ သဘောထားတာပေါ့.. နော်…….
အာကွာ.. သဲကလဲ ပြဿနာပေါ့.. မောင်မရှိပဲ သဲ အဲ့ကလေးကို ဘယ်လိုမွေးမလဲ အဖေမရှိပဲ ကလေးမွေးလို့ မရဘူးလေ သဲလေးရ
သြော်.. အဖေမရှိပဲ ကလေးမွေးလို့ မရဘူးတဲ့လား။ အဲဒါ ပြဿနာတစ်ခုလို့ပဲ မောင်က ခံယူထားတာတဲ့လား။ သဲမှာ ကိုယ်ဝန်ရှိနေခဲ့တာကို မောင်သိခဲ့ရင်ရော.. အဲ့ပြဿနာကို မောင်က ဘယ်လိုမျိုး ဖြေရှင်းမှာပါလိမ့်၊ ကလေးရဲ့ အဖေပါလို့ မောင် အသိအမှတ်မပြုနိုင်ခဲ့ရင် သဲ ဒီကလေးကို မမွေးရတော့ဘူးလား မောင်။ အို… ဘယ်ဖြစ်မှာလဲ။ လူ့ပြည်က အပ်တစ်စင်းနဲ့ နတ်ပြည်က အပ်တစ်စင်း အပ်သွားချင်း ထိဖို့ အခွင့်အရေးက အရမ်းနည်းသလို သားသမီးရတနာဆိုတာကလဲ ကိုယ်နဲ့ထိုက်မှ ရတာ မောင်ရဲ့။ ဘဝ အဆက်ဆက်က ရေစက်ကလေးတွေ စုပြီးမှ သားနဲ့အမေဆိုတဲ့ ရင်းနှီးပါတ်သက်မှုကို ရတာ မောင်ရဲ့။ သဲကတော့ ဒီကလေးကို မွေးလို့ သေသွားမယ်ဆိုရင်တောင် မွေးပြီးမှပဲ သဲသေမယ်။ သဲနဲ့မောင်နဲ့ နီးစပ်ခွင့်မရှိလို့ ဒီကလေး လူ့ဘဝမရောက်ရဘူးဆိုတာတော့ လုံးဝအဖြစ်မခံနိုင်ဘူး မောင်၊ သဲ ရအောင်မွေးမယ်။ အဲ့အတွက် မောင် သဲကို ဘာမှတာဝန်ယူစရာ မလိုဘူး၊ အဲ.. အဲလိုပဲ သဲရော သဲ ကလေးကိုပါ မောင် တစ်သက် မမြင်စေရဘူး။ မယုံကြည်နိုင်လောက်အောင် ပြင်းထန်လှတဲ့ ခွန်အားတစ်ချို့နဲ့ စိတ်ထဲမှာ ကြုံးဝါးလိုက်မိသည်။
ဟုတ်ပါပြီ မောင်ရယ်… အဲ့ကိစ္စက မောင်နဲ့သဲနဲ့ကြားမှာ ဆွေးနွေးဖို့ မလိုပါဘူး ထားလိုက်ပါတော့
စကားပြောရင်း မောင့်ဖက်သို့ လှည့်ပြီး ကျွန်မ မတ်တပ်ရပ်လိုက်တဲ့အချိန်မှာပဲ အမြင့်ဆုံးမှာ ရပ်ပေးထားတဲ့ ရဟတ်က ပြန်ပြီး စတင်လည်ပတ်လေသည်။ ရုတ်တရက်မို့ ရင်ထဲမှာ အေးစက်သွားကာ ကျွန်မ ခေါင်းထဲမှာ ချာချာလည်သွားရသည်။ ကိုယ့်ကိုကိုယ် မထိန်းနိုင်ပဲ ဟန်ချက်ပျက်ကာ ရဟတ်အိမ်လေးထဲမှာပဲ ကျွန်မ လဲပြိုသွားခဲ့ရသည်။ လဲကျသွားသည့် အရှိန်ကြောင့် ယိမ်းထိုးသွားသည့် ရဟတ်အိမ်လေးထဲတွင် ကျွန်မ မောင့်ဆီက တစ်ခုခု ကြားလိုက်ရသလိုပဲ။ မောင် ဘာများပြောလိုက်တာလဲ ကျွန်မ အာရုံစိုက်ပြီး နားထောင်ကြည့်မိသည်။ မကြားရ။ ကျွန်မကို မိုးကြည့်ရင်း တစ်စုံတစ်ခုကို ရေရွတ်ပြောဆိုနေသော မောင့်လက်ကို ကျွန်မ ဖမ်းဆုပ်လိုက်မိသောအခါတွင်မူ.. အရာအားလုံး မှောင်အတိကျသွားလေတော့သည်။
————————————————————————————————————————————
သဲ.. သဲ ဘာမှမဖြစ်ရဘူးနော်..။ သဲသာ တစ်ခုခု ဖြစ်သွားရင် မောင်ရင်ကျိုးရမှာကွ ဘယ်လိုမှလဲ ဖြေလို့ရမှာ မဟုတ်ဘူး၊
ကျွန်မရဲ့ မှတ်ညဏ်အချို့ကို ပြန်ရတဲ့အချိန်မှာ ပထမဆုံးကြားရတာက မောင့်ရဲ့ ထိုစကားသံ ဖြစ်ပြီး ပထမဆုံး မြင်ရတာက စိတ်ထိခိုက်မှုတွေ၊ ယူကြုံးမရဖြစ်မှုတွေနဲ့ ပြည့်နေတဲ့ မောင်ရဲ့ မျက်လုံးများပင် ဖြစ်သည်။ ကျွန်မနှာခေါင်းနှင့် ယဉ်ပါးနေပြီဖြစ်သော ဆေးနံ့တွေကို ရလိုက်တာနဲ့ ကျွန်မ ဆေးရုံရောက်နေပြီဆိုတာ သိလိုက်သည်။
ဆေးရုံ………။
အို.. ကျွန်မမှာ ကိုယ်ဝန်ရှိနေတာကို မောင်သိလို့ မဖြစ်ဘူး၊ မောင် သိလို့ လုံးဝမဖြစ်ဘူး။

Category: အခန်းဆက် ၀တ္ထုရှည်, မောင် | 2 Comments
• Wednesday, January 19th, 2011
စာမေးပွဲ ပြီးသွားပြီ ဖြစ်သောကြောင့် နယ်မှလာတက်သော သူငယ်ချင်းများအားလုံး အသီးသီးအိမ်ပြန်ရန် တာစူနေကြသည်။ ကျွန်မလည်း အိမ်ကိုပြန်ချင်သည်။ အိမ်ကိုမပြန်ဖြစ်တာ သုံးလကျော်သွားပြီ ဖြစ်သည်။ ဖေဖေနှင့် မေမေအား တွေ့ချင်သည်။ အထူးသဖြင့် မေမေ့ရင်ခွင်ထဲမှာ ငြိမ်ငြိမ်လေး နေနေချင်သည်။ သို့သော်… ကျွန်မ အိမ်ပြန်လို့ မဖြစ်သေးပါ။ စာမေးပွဲရက်က မပြီးပြတ်သေးသော မောင်၊ သီရိနှင့် ကျွန်မ၏ ဇာတ်လမ်းရှိနေသေးသည်။ မည်သို့ဆုံးဖြတ်ကြမည်ဆိုတာ မေမေ မေးလာခဲ့ရင် ကျွန်မမှာ ဖြေစရာစကားမရှိသေးဘူးလေ။ ထို့အတွက် ကျွန်မ မောင်နှင့် စကားပြောဖို့လိုပါသည်။ မျက်နှာချင်းဆိုင် ပွင့်ပွင့်လင်းလင်း စကားပြောဖို့လိုပါသည်။ သို့အတွက် ကျွန်မရှိရာ မန်းလေးသို့ ဆင်းလာရန် မောင့်အား ညကပင် ဖုန်းဆက်အကြောင်းကြားထားသည်။
ကျွန်မ မောင်နဲ့တွေ့ဖို့ရာ အဆင်သင့်ဖြစ်ပါပြီလား…….။ မောင့်ဆုံးဖြတ်ချက်ကို နာယူဖို့ အင်အားရှိပါပြီလား……….။ ဘယ်လိုပဲဖြစ်ဖြစ်ပေါ့လေ… ဇာတ်လမ်းတစ်ခုရဲ့ အဆုံးသတ်ကိုတော့ ရောက်ဖို့အချိန်တန်နေပြီဆိုတော့ ကျွန်မ မောင်နဲ့ တွေ့ရပါမည်။ မောင်နဲ့ကျွန်မ တွဲရိုက်ထားတဲ့ ဓါတ်ပုံတွေ၊ မောင် စကားပြောထားသည့် အသံဖိုင်တွေ၊ အပျော်တမ်းရိုက်ခဲ့ဖူးတဲ့ ဗီဒီယိုဖိုင်တွေ၊ မောင် ရေးပေးဖူးတဲ့ စာတွေ၊ ဆင်တူဝယ်ဝတ်ခဲ့ကြသည့် အကျိံတွေ အားလုံးကို လက်ဆွဲအိတ်တစ်လုံးအတွင်းမှာ သေသေသပ်သပ်ထုတ်ပိုးသိမ်းဆည်းကာ မောင် ရောက်အလာကို ကျွန်မ ထိုင်စောင့်နေခဲ့တယ်။ မောင် ရောက်လာခဲ့ရင် …….။
မမကြီး….. အောက်မှာ အစ်ကိုကြီး ရောက်နေတယ်။
သြော်.. အေးအေး ခုပဲ ဆင်းလာပြီလို့ ပြောလိုက် ညီမလေး
သတင်းလာပို့တဲ့ ညီမဝမ်းကွဲလေးကို ပြန်ပြောရင်း. ကိုယ့်ကိုကိုယ် သပ်ရပ်အောင် အနည်းငယ် ပြုပြင်လိုက်သည်။ ဖြူဖျော့နေသည့် အသားရောင်ကို ဖုံးကွယ်ဖို့အတွက် အကျိံလက်၏ အရှည်က လုံလောက်ပါသည်။ မည်းယောင်ယောင်ဖြစ်နေသော မျက်လုံးနားတစ်ဝိုက်အား ပေါင်ဒါအနည်းငယ်တို့လိုက်သည်။ ခြောက်သွေ့နေသည့် နှုတ်ခမ်းအစုံတို့အား သွားနှင့် ခပ်နာနာ ဖိကြိတ်လိုက်သည်။ ရေမွှေးဆွတ်ပြီး ခေါင်းကို နှစ်ချက်လောက် ခါလိုက်လျှင် ကျွန်မအတွက် ပြည့်စုံသွားပြီ ဖြစ်သည်။ လက်ကိုင်အိတ်ထဲတွင် ဖုန်းနှင့် ပိုက်ဆံအိတ် ပါ၊ မပါ တစ်ချက် စစ်ပြီးသည်နှင့် ကျွန်မ မောင်နှင့် တွေ့ရန် အဆင်သင့်ဖြစ်သွားပြီ ဖြစ်သည်။
လှေကားထစ်တွေကို တစ်ထစ်ချင်း သတိထားကာ ဆင်းလာလိုက်သည်။ မောင့်အရှေ့မှာ ကျွန်မ စိတ်လှုပ်ရှားပြနေ၍ မဖြစ်ပါ။ အရာအားလုံးအတွက် တည်ငြိမ်အေးဆေးသော နန်းနုသာ ဖြစ်နေစေချင်သည်။ အောက်ဆုံးထပ်မှာ သူရှိမနေပါ။ အိမ်အပြင်ဖက်တွင် စောင့်နေသည်ဖြစ်ရမည်။ ကြိုးတွေအများကြီးနှင့် အဝါရောင်ဖိနပ်အား ရွေးချယ်စီးပြီးသည်နှင့် အိမ်အပြင်ဖက်သို့ လှမ်းထွက်လိုက်သည်။ ဆိုင်ကယ်ပေါ်ကပင် မဆင်းသည့် မောင်ရဲ့ နောက်ကျောကို မြင်မြင်ချင်း ကျွန်မ မျက်ရည်ဝဲသွားသည်။ နန်းနုရယ် နင် ငိုလို့မဖြစ်ဘူးလေ။ ယောင်္ကျားတစ်ယောက်ရဲ့ စိတ်ခံစားမှုနဲ့ ဆုံးဖြတ်ချက်တွေကို နင့်မျက်ရည်တွေနဲ့ ပြောင်းလဲမသွားပါစေနဲ့။ I Can Do It. စိတ်ထဲမှ လေးလေးနက်နက်ရွတ်ဆိုကာ မောင့်အနားသို့ ကျွန်မ လျှောက်သွားလိုက်သည်။
ဆောရီးနော် သဲ နည်းနည်းကြာသွားတယ် ဟုသော စကားကို ပြောရင်း ကျွန်မ မောင့်ကို နှုတ်ဆက်လိုက်သည်။ အို……. လှည့်ကြည့်လာတဲ့ မောင့်မျက်ဝန်းတွေထဲမှာ ကျွန်မကို သနားခြင်းတွေ အပြည့်နဲ့။ ဟင့်အင်း…..။ ကျွန်မ မောင်သနားတာ မလိုချင်ပါဘူး။ ကျွန်မ အားလုံးအဆင်ပြေပါတယ်။ အဲလိုမျိုးအကြည့်တွေနဲ့ ကျွန်မကို မနှစ်သိမ့်ပါနဲ့။ စိတ်ထဲမှာ စကားတွေ အလောတကြီးဆိုကာ ကျွန်မ မောင့်ကို လှိုက်လှိုက်လှဲလှဲ ပြုံးပြလိုက်မိသည်။
ဘယ်လိုဖြစ်လို့ အိတ်က နှစ်လုံးဖြစ်နေတာလဲ.. ဘယ်သွားမလို့လဲ
လက်ကိုင်အိတ်တစ်ဖက်၊ လက်ဆွဲအိတ်တစ်ဖက်နှင့် ကျွန်မအား ကြည့်ပြီး မောင်မေးသည်။
မောင်နဲ့သဲရဲ့ အမှတ်တရပစ္စည်းတွေလေ… နောက်မှ မေးပါ။ ခု သဲကို မြို့တော်ဥယျာဉ်လိုက်ပို့၊ မဟာရဟတ်စီးချင်တယ်။
အင်း ပို့မယ်လေ.. လမ်းပြော
မန္တလေးမြို့ကို မကျွမ်းကျင်သော မောင်က ကျွန်မအား လမ်းပြခိုင်းသည်။
ကျုံးဘေး ၂၆ လမ်းကို သွားတတ်တယ်မလား…။ အဲ့ကနေ ဟိုး… အနောက်ထဲထိ မောင်း၊ မြို့တော်ဥယျာဉ်လို့ တွေ့မှ ရပ်။
မောင်က ပြန်လည်စကားမဆိုပဲ ဆိုင်ကယ်ကိုမောင်းထွက်သည်။ နောက်ကျောမှနေ၍ မောင့်ခါးကို သိုင်းဖက်ကာ ကျွန်မ မျက်လုံးမှိတ်ထားလိုက်သည်။ အဲ့ဒီအချိန်မှာပဲ မောင် ဆိုင်ကယ်ကို ထိုးရပ်လိုက်သည်။ မြို့တော်ဥယျာဉ်က ဒီလောက်မှ မနီးတာ.. ဘာများဖြစ်လို့ပါလိမ့်။ ကျွန်မ မျက်လုံးကို ဖွင့်ကြည့်လိုက်တော့ ကျုံးဘေးမှာပဲ ရှိနေသေးသည်။
——————————————————————————————————————————————————————————————–
မောင်.. ဘာဖြစ်လို့လဲ
ခဏဆင်း သဲ
ကျွန်မ ဆိုင်ကယ်ပေါ်က ဆင်းသည်နှင့် ကျွန်မလက်ထဲက အိတ်တွေအား ဆွဲယူပြီး ဆိုင်ကယ်ပေါ်တင်လိုက်သည်။ နားမလည်နိုင်စွာ ကြောင်အနေသော ကျွန်မ၏ လက်အား ကိုင်ဆွဲကာ ကျုံးဘေး သံတိုင်တွေဆီကို မောင် လျှောက်သွားသည်။
မောင် .. ဘာလဲ ဘာဖြစ်တာလဲ မြို့တော်ဥယျာဉ်မှ …..
ကျွန်မ၏ စကားမဆုံးခင်မှာပဲ တင်းကြပ်နေအောင် မောင် ကျွန်မကို ပွေ့ဖက်လေသည်။ ကျွန်မ ရင်ထဲ စူးရှစွာ နာကျင်သွားသည်။ မောင် ကျွန်မကို နှုတ်ဆက်တော့မည်ပေါ့.။ မောင် ချစ်သော သီရိနှင့် ရှေ့ဆက်နိုင်ဖို့ရာ ကျွန်မကို ချန်ထားရစ်တော့မည်ပေါ့။ ဟင့်အင်း…… မောင် ကျွန်မကို ချန်ထားရစ်ဖို့ အခွင့်အရေး မပေးနိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီသုံးပွင့်ဆိုင်ဇာတ်လမ်းထဲကနေ နှုတ်ထွက်ဖို့ ကျွန်မ ဆုံးဖြတ်ပြီးသားလေ။ ဒါကြောင့်.. နှုတ်ဆက်လမ်းခွဲဖို့အတွက် ကျွန်မသာလျှင် အစပြုချင်သည်။ ကျွန်မ ခံစားခဲ့ရသော စိတ်နာကျင်မှုများစွာအတွက် ဒီလိုအခွင့်အရေးမျိုးတော့ ကျွန်မ ပိုင်ဆိုင်သင့်သည် ထင်သည်။
မောင့်ကို မေးမယ် မှန်မှန်ဖြေမလား
မောင့်အား တွန်းဖယ်ကာ စကားဝိုင်းကို စလိုက်သည်။
အင်း.. မေးလေ သဲ ဘာမေးမလဲ
မောင် ….. သဲကို ချစ်လား
ချစ်တာပေါ့ သဲရာ.. သဲ မယုံလို့လား…
ဟင့်အင်း မောင် သဲကို ချစ်တယ်ဆိုတာ သဲယုံပါတယ်၊ အဲလိုပဲ မောင် သီရိကို ချစ်တယ်ဆိုတာလဲ သဲ ယုံတယ်။
အင်း…………..
လေးရိပျင်းတွဲစွာ အင်းလိုက်ပြီး.. သက်ပြင်းတစ်ခုကို မောင် ချလိုက်သည်။ ထို့နောက်..
မောင် မှားတယ်ဆိုတာ ဝန်ခံပါတယ် သဲရာ…။ ဒါပေမယ့် သီရိနဲ့ မောင်က …..
စကားကို ဆုံးအောင် မပြောပဲ သံတိုင်လက်ရမ်းတွေကို ဆုပ်ကိုင်ကာ ကျုံးရေပြင်ကို စိုက်ငေးကြည့်နေသည့် မောင့်ကို လွမ်းမောစွာ ကျွန်မ ကြည့်နေမိသည်။
ုဟုတ်တယ်. သဲ၊ မောင် နဲ့ သီရိ သုံးနှစ်နေရင် လက်ထပ်ကြဖို့ ကတိပြုထားတယ်၊ သီရိနဲ့ ရင်းနှီးပါတ်သက်မှုကတော့ သဲ သိပြီးသားပဲလေ
အင်း… သဲ သိပြီးပါပြီ
မောင် ဘယ်လိုလုပ်ရမလဲဟင် သဲ
သြော်.. မောင်ရယ်၊ မောင်ကလဲ သီရိကိုချစ်တယ်၊ သီရိကလဲ မောင့်ကိုချစ်တယ်၊ ဘဝနဲ့ချီပြီးလဲ ရင်းနှီးခဲ့ကြပြီ၊ လက်ထပ်ဖို့လဲ စကားဆိုထားကြပြီးသား.. ဒါကို ဘာလုပ်ရမလဲ မေးနေတုန်းလား.. တစ်နှစ်နေရင် သူ ခဏပြန်လာမယ် မလား၊ အဲ့ကျ သုံးနှစ်ထိ အချိန်မဆွဲနဲ့တော့ပေါ့ မောင်ရယ်၊ မြန်မြန်လက်ထပ်လိုက်ကြပေါ့ ဒါပဲရှိတာ
သဲ ကျတော့ရော……
သဲ လား……၊ ဒီလိုပဲပေါ့ ကျောင်းပြီးအောင်တက်၊ ပြီး အိမ်မှာနေရင်နေ၊ အလုပ်လုပ်ရင်လုပ်၊ နိုင်ငံခြားထွက်ရင်ထွက်.. တစ်ခုခုပေါ့ မောင်ရယ်
သဲက မောင်နဲ့ခွဲပြီး နေနိုင်တယ်ပေါ့..
အင်.. မောင်ကလဲ ခွဲမနေနိုင်လို့ အတူတူနေဖို့မှ မဖြစ်တာ ခက်ပြီ ကဲပါ.. ဘာမှတွေးမနေနဲ့ လမ်းဘေးကြီး စကားရပ်ပြောနေတာ လူမြင်လို့မကောင်းဘူး မြို့တော်ဥယျာဉ်မှာ အေးအေးဆေးဆေး သွားပြောမယ် လာ….
————————————————————————————————————————————————————————————————
ဦးလေး.. ဒီမှာ သုံးခေါက်စာ.. သမီးတို့ အပေါ်ဆုံးရောက်ရင် စက်ကို နာရီဝက်လောက် ရပ်ထားပေးပါ နော် ဦးလေး နော်..
အေး အေး ကောင်းပြီ သွား သွား တက်တော့
လည်ပတ်စ ပြုနေသော ရဟတ်အိမ်လေးထဲသို့ မောင်နဲ့ကျွန်မ တက်လိုက်ကြသည်။ စိတ်ထဲမှာ ရှုပ်ထွေးသည့်အခါတိုင်း ကျွန်မ ရဟတ်စီးလေ့ရှိသည်။ ကောင်းကင်ထဲသို့ ဖြေးညှင်းစွာ တက်သွားရင်း ဧရာဝတီမြစ်နှင့် မန်းလေးမြို့အား အပေါ်စီးကနေ ကြည့်ရသည့် မြင်ကွင်းအား ကျွန်မ နှစ်သက်ပါသည်။
သဲ.. အိတ်ထဲက ဘာတွေလဲ…….
မောင်နဲ့ သဲ ရဲ့ အမှတ်တရပစ္စည်းတွေ.. အဲဒါတွေ သဲဆီမှာ မရှိသင့်တော့ဘူးလေ ဖျက်လဲမဖျက်ဆီးချင်တာနဲ့ မောင့်ကို ပြန်ပေးတာ။ မောင်ပဲ ဖျောက်ဖျက်ပစ်လိုက်တော့…
ဧရာဝတီမြစ်ကို မျှော်ကြည့်ငေးရင်း မောင့်အား လှည့်မကြည့်ပဲ ကျွန်မ ဖြေလိုက်သည်။ မောင့်ဖက်က အသံတိက်သွားသည်။ အင်းပေါ့လေ… ချစ်ခဲ့ကြဖူးတာ၊ သံယောဇဉ်ရှိခဲ့ဖူးတာပဲလေ သူလဲ စိတ်ကောင်းနိုင်မှာ မဟုတ်ဘူးပေါ့။ ဒါပေမယ့်လည်း ခုလိုမျိုးပဲ ကျွန်မ မောင့်ကို တစ်သက်လုံး နောက်ကျောပေးရတော့မည်လေ။ မောင် ပြန်သွားသည်နှင့် အခန်းမှာ အသင့်ပြင်ထားသော ခရီးဆောင်အိတ်ကို ယူဆောင်ကာ ကလေးမြို့သို့ ခရီးထွက်မည်။ အစ်ကိုရင်းတစ်ယောက်လို ခင်မင်ခဲ့ဖူးသော ကိုကျော်မင်းလှိုင်၏ မိခင်အိမ်မှာ သွားနေရန် အကြောင်းကြားစီစဉ်ပြီးသား ဖြစ်သည်။ မထင်မှတ်၊ မပါတ်သက်သော နေရာတစ်ခုမို့ မောင်သာ မက၊ မေမေနှင့် ဖေဖေပါ အလွယ်တကူ ရှာဖွေလိုက်လာနိုင်မှာ မဟုတ်ဘူးလေ။
မေမေ ဆင်ပေးထားသည့် လက်ဝတ်လက်စားများက တစ်နှစ်စာ နေထိုင်စားသောက်ဖို့နှင့် ကျန်းမာရေးအတွက် လုံလောက်သည်။ ထို့ပြင် သူငယ်ချင်း၏ မိခင်မှာလဲ ကျွန်မအား သမီးတစ်ယောက်လို ချစ်ခင်သူ ဖြစ်သည့်အတွက် သက်တောင့်သက်သာဖြင့် နေဖို့ အဆင်ပြေသည်။ ကလေး မွေးပြီးမှပဲ… ဘာဆက်လုပ်ရမည်ကို သူတို့မိသားစုနှင့် တိုင်ပင်မည်ဟု စဉ်းစားထားသည်။ကလေး……..။ အဲ့စကားလုံးလေး စဉ်းစားမိတာနဲ့ ကျွန်မ ရင်ထဲမှာ ကြည်နူးမိသည်။ ကျွန်မရဲ့ ကျန်းမာရေး အခြေအနေအရ ကလေးယူဖို့ရာ၊ မွေးဖို့ရာ မလွယ်ကူဟု သိထားရသည့် ကျွန်မအတွက် အဖြစ်ချင်ဆုံးဆန္ဒမှာလဲ မိခင်တစ်ဦးဘဝပင် ဖြစ်သည်။ အခုလို မမျှော်လင့်ပဲ မိခင်လောင်းဘဝကို ရရှိခဲ့သည့်အတွက်ပင် အရာရာရင်ဆိုင်ဖို့ အင်အားတွေ ကျွန်မ ရရှိလာတာ ဖြစ်သည်။
ကျွန်မ မောင့်ကို ချစ်သည်၊ လိုအပ်သည်။ ထို့အတူ သီရိသည်လည်း မောင့်ကို ချစ်သည်၊ လိုအပ်သည်။ အဝေးကို ရောက်နေသော သီရိထက် အနီးမှာ ရှိနေသော ကျွန်မက မောင့်ကို ရယူပိုင်ဆိုင်ဖို့ အခွင့်အရေး ပိုရသည်ကို ကျွန်မသိသည်။ နောက်ဆုံး မောင့်ကို ရွေးချယ်ခွင့်မပေးပဲ မိဘတွေချင်း စကားပြောကာ ချက်ချင်းလက်ထပ်ယူခိုင်းလျှင်လည်း ဖြစ်သေးသည်။ သို့သော်…………………။
ကျွန်မဗိုက်ထဲမှာ မောင့်ကိုယ်စား သူ့ရင်သွေးလေး ရှိနေပြီဆိုတာ သိလိုက်သည်နှင့် မောင့်ကို ရယူပိုင်ဆိုင်ရမည်လား၊ လက်လွှတ်ဆုံးရှုံးခံမည်လား ကျွန်မ မတွေဝေတော့။ ချစ်ခဲ့ကြသူချင်းအတူတူ ကျွန်မမှာ မောင့်ရင်သွေးကို ပိုင်ဆိုင်ထားသည်ဆိုလျှင် သီရိအနေနှင့် မောင့်ကိုတော့ ပိုင်ဆိုင်သင့်သည်ဟု ကျွန်မ ယူဆသည်လေ။
အဖေခေါ်စရာ မရှိသည့် ကလေးအတွက်တော့ ကျွန်မ စိတ်မကောင်း၊ သို့သော် ကျွန်မက နှစ်ယောက်စလုံးစာ ပိုလို့ချစ်၊ ဂရုစိုက်မည်လေ။ ရုပ်ရှင်တွေထဲကလို မင်းအဖေက သေသွားပြီလို့တော့ဖြင့် ကလေးကို မလိမ်ညာလိုပါ။ သူ သိနားလည်သည့် အရွယ်ရောက်သည်နှင့် အဖြစ်မှန်ကို ရှင်းပြရန် ရည်ရွယ်ထားသည်။ ကတိစကားတစ်ခုကို တည်ကြည်တတ်သည့် သူ့ဖခင်အတွက် သူ ဂုဏ်ယူနေလိမ့်မည်၊ တရားသဖြင့် ဆုံးဖြတ်နိုင်ခဲ့သည့် မိခင်အတွက် ဝမ်းမြောက်နေလိမ့်မည်ဟု ကျွန်မ မျှော်လင့်ပါသည်။
—————————————————————————————————————————————————————————————————–
Category: အခန်းဆက် ၀တ္ထုရှည်, မောင် | Leave a Comment
• Thursday, January 13th, 2011
ဟဲ့ နန်းနု နင် ဘာတွေ စဉ်းစားနေတာလဲ ငါ ကြည့်နေတာ ကြာပြီ ဘာလဲ.. ဒီခွေးမိသားစုနဲ့ နင် ဘဝဟောင်းက အမျိုးတွေလို့များ ထင်နေတာလား…
မိဖြိုး… အဲ့ခွေးကလေးလေးတွေရဲ့ အမေက ဒီခွေးမကြီးပေါ့နော်
အေးပေါ့ နင်ကလဲ အဲဒါကြောင့်မို့ သူ ကလေးတွေကို နို့တိုက်နေတာပေါ့
ဒါဆို အဖေက ဘယ်သူလဲ… ခွေးလေးတွေရဲ့ အဖေက ဘယ်သူလဲ နင်သိလား…
အာ ကြောင်ပြီ။ စာမေးပွဲမှ မဖြေနိုင်ပါဘူးဆို လာ စားနေသေးတယ်
ငါ သိချင်လို့ပါ မိဖြိုးရယ်.. ခွေးလေးတွေ အဖေတော့ ရှိမှာပဲလေ.. သူတို့ ဘယ်သူ့ကို အဖေခေါ်ကြလဲလို့ နင်သိလား
ဒေါ်နန်းနု… အဖေမရှိပဲတော့ ဘယ်လိုလုပ် ကလေးဖြစ်လာမှာလဲ.. ရှိတာပေါ့ ဒါပေမယ့် ဘယ်သူကတော့ ကလေးအဖေပါလို့ ဘယ်ခွေးကမှ အသိအမှတ်မပြုကြပါဘူးဟယ် စိတ်ညစ်တယ် နင် စာမေးပွဲတွင်း ကြောင်များသွားလား
သြော်… ကလေးအဖေ ဘယ်သူပါလို့ နာမည်တပ်နေစရာ မလိုဘူးပေါ့ နော် မိဖြိုး..
ဟုတ်တယ်ဟေ့.. သူတို့မှာ မွေးစာရင်း မလိုဘူး၊ လဝက လိုမျိုး ခဝက မရှိဘူး ကဲ.. စိတ်လေဒယ်
ကောင်းလိုက်တာ…. ငါ ခွေးဖြစ်ချင်လိုက်တာ မိဖြိုးရယ်
ဘာ.. ခွေးဖြစ်ချင်တယ်..
နန်းနုရယ်.. မကြံကောင်းမစည်ရာတွေ စဉ်းစားနေတယ် ဒုတ်ခွ သွား သွား ခဏ အိပ်လိုက်. စာမေးပွဲ မဖြေနိုင်တာနဲ့ ရူးချင်နေတာလား မသိ
——————————————————————————————————————————————————————————————————————
ှ
ဖြိုးဖြိုးဝေ ပြောသလို ကျွန်မ ခဏဖြစ်ဖြစ် အိပ်စက်လိုက်ဖို့သင့်သည်။ များပြားလှစွာသော စာတွေကြားမှာ အိပ်ပျက်ပေါင်းများနေပြီ မဟုတ်ပါ့လား။ အခုလို နားရက်မှာ ခဏလောက်တော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်လိုက်သင့်သည်။ သီချင်းတိုးတိုးလေး ဖွင့်ကာ တစ်ခန်းလုံး အမှောင်ချပြီး အိပ်ပျော်ဖို့ ကျွန်မ ကြိုးစားကြည့်သည်။ ရာပေါင်း၊ ထောင်ပေါင်းချီတဲ့ အတွေးတို့နဲ့ ကျွန်မ အိပ်မပျော်နိုင်ခဲ့။ ဒီအချိန်ဆို မောင် ကျွန်မကို သတိရနေမလား…။ ကျွန်မ ဒီလောက် လွမ်းဆွတ်နေသည်ပဲလေ သူလဲ သတိရနေမှာပါ။ ကျွန်မနည်းတူ… သီရိကိုလဲ သူ သတိရနေပေလိမ့်မည်။ ထိုအတွေးနှင့်ပင်.. ကျွန်မ ပိုလို့ အိပ်မပျော်နိုင်ပါ။ မောင့်အကြောင်းတွေးတိုင်း သီရိက တွဲလျှက်ပါနေသည်။ သီရိက မောင့်ဘဝရဲ့ တစိတ်တပိုင်းပင် မဟုတ်လားလေ။
မောင်၊ သီရိနှင့် ကျွန်မ။
သီရိ၊ ကျွန်မနှင့် မောင်။
ကျွန်မ၊ မောင်နှင့် သီရိ။
ရှုပ်ထွေးလှသော အတွေးတို့အား ခေါင်းထဲမှ ခါရမ်းထုတ်ကာ မေမေ့ဆီ ဖုန်းဆက်ဖို့ ကျွန်မ ပြင်မိသည်။ လူဆိုတာ ခလုပ်ထိတိုင်း အမိတော့တတတ်ကြတာပဲလေ။ မေမေ့ စကားတို့က ကျွန်မအတွက် အားတစ်ခု ဖြစ်စေမှာပါ။

ဟယ်လို…. မေမေလား.. သမီးကြီးပါ…
……….
ဟုတ် ဖြေနိုင်ပါတယ် မေ..၊ သမီး မေ့ကို မေးစရာ ရှိလို့…
………..
ဟိုလေ.. သမီးက မေမေတို့အတွက် သက်ဦးသမီး မဟုတ်လား… အဲဒါလေ မေမေ့ဗိုက်ထဲမှာ သမီး ရှိနေတာကို စသိသိချင်း မေမေ ဘယ်လိုခံစားရလဲဟင်.
…………
ဟုတ်တယ်နော်.. အရမ်း အံသြဖို့ကောင်းတယ် လူတစ်ယောက်ရဲ့ ဗိုက်ထဲမှာ လူတစ်ယောက် ရှိနေတာလေ..
………….
ဟုတ်လား….. အဲ့ကျ ဖေဖေက အရမ်းပျော်သွားတာလား………
…………
တကယ်… ဖေဖေက အဲလိုကြီး တကယ်ထအော်တာလား…..
…………
ဟင် သူငယ်ချင်းတွေကိုတောင် ပတ်ကြွားလိုက်သေးတယ်….. ဖေကြီးကလေ.. ရှက်စရာကြီး
………..
အင်း .. ဟုတ်ပါတယ်.. ဒါ ပျော်စရာပါ.. ဂုဏ်ယူစရာပါ မေမေရယ်… မေမေ့နားမှာ ဖေဖေ ရှိတယ်လေ.. မေမေ့ကိုလဲ ဖေက ချစ်တယ် ဂရုစိုက်တယ်လေ..
…………
ဘာမှမဟုတ်ပါဘူး မေမေရယ် သမီး အက်ဆေးတစ်ပုဒ် ရေးနေလို့လေ အဟီး…….
………..
ဟုတ်ကဲ့ပါ မေ… သမီး အမေဖြစ်ရင်လေ. မေမေလိုမျိုး သမီးတွေအပေါ်မှာ ကောင်းနိုင်ပါ့မလား မသိဘူးနော်…. သမီး စောင့်ရှောက်နိုင်ပါ့မလား
…………
ဟုတ် မေ ဟုတ်… သမီး နားလည်ပါတယ်.. ဒါဆို မေမေ ဘာမှာဦးမလဲ.. သမီး စာပြန်ကျက်ဦးမယ်
………..
ဟုတ်.. မေမေ့ကို ချစ်တယ်။
—————————————————————————————————————————————————————————————————————–

Category: အခန်းဆက် ၀တ္ထုရှည်, မောင် | One Comment
• Monday, December 27th, 2010
အခန်း ၂၀၅ က လူနာ.. ခဏနေ ဆရာဝန်ကြီး လာကြည့်မယ်နော် အဆင်သင့်ပြင်ထားပါ…
ကုတင်ခြေရင်းမှာ Patient Record Card ကို လာချိတ်ရင်း နာစ်အမျိုးသမီးလေးက ပြောသွားခြင်းရယ်ပါ။ ဒီနေ့နဲ့ဆိုရင် သူမ ဆေးရုံပေါ်နားနေရတာ သုံးရက်စေ့သွားပြီ ဖြစ်သည်။ စာမေးပွဲအတွက် ကိုယ်ပိုင်စာကြည့်ချိန်ပေးထားသော အချိန်မို့သာ တော်တော့သည်။ သို့မဟုတ်ရင် ကျောင်းခေါ်ချိန် မပြည့်၍ မော်ကွန်းထိန်းရုံးခန်း သွားနေရပေဦးမည်။ ဆရာဝန်ကြီး လာရင်တော့ ဆေးရုံမှ ပေးဆင်းရန် နားပူရမည်။ အချစ်အတွက်၊ အလွမ်းအတွက် အချိန်ပေါင်း မြောက်မြားစွာ သူမ ဖြုန်းတီးပြီးခဲ့ပြီ။ စိတ်ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ဒီအချိန်ထိ ဂရုစိုက်ကာ ချစ်နေပေးတဲ့ မိဘအတွက်၊ အမြဲလိုလို အားပေးချစ်ခင်ပေးတဲ့ ညီမလေးအတွက် စာမေးပွဲကို အောင်အောင်ကြိုးစားဖြေပေးရမည်။ အသည်းကွဲမည်ဆိုလဲ စာမေးပွဲပြီးမှသာ ကွဲတော့မည်။ အတွေးနှင့်အတူ သူမ ယဲ့ယဲ့လေး ပြုံးမိသည်။
သစ်စေးဆိုတာ သစ်ပင်ရဲ့ အခေါက်ကို ခွာမှ ထွက်တာလေ… သစ်ပင်ကြီးက နာကျင်မှုကို ခံစားပြီးမှ သစ်စေးကို ရတာဟ။ သစ်စေးပြုံးဆိုတာက နာကျင်မှုကို ခံစားရင်းနဲ့ ပြုံးနေရတာကို ဆိုလိုတာ.. ဆိုတဲ့ သူငယ်ချင်းမ မေကျော်ရဲ့ သစ်စေးပြုံး အဓိပါယ် ဖွင့်ဆိုချက်ကို သွားသတိရမိသည်။ မေကျော်မရေ… ငါလည်းပဲ သစ်စေးပြုံး ပြုံးတက်နေပြီဟ။ နာနာကျင်ကျင်နဲ့ ပြုံးနေတတ်ပြီ သိလား။
နန်းနုလေး တစ်ယောက်တည်း ပြုံးနေပါ့လားဟေ့… ဧကန္တတော့ သတင်းပေါက်ကြားသွားပုံရပြီထင်တယ် ဟုတ်လား…
ရှင် အန်ကယ်လ် ဘာပြောတာလဲ…
ဟော… အိပ်ချင်ယောင်ဆောင်ပြီ.. ငါ့လူနာလေးကို ဘယ်သူက သတင်းကောင်းပါးသွားသလဲ ပြောစမ်း..
ဟင့်အင်း.. ဘယ်သူမှ နန်းကို ဘာမှ လာမပြောပါဘူး အန်ကယ်လ်.. ဘာများ ထူးလို့လဲဟင်.. သြော်.. သမီး ဆင်းရတော့မလား ဟုတ်လား အန်ကယ်လ်
ဆင်းရတော့မယ်ဆိုတာတော့ မှန်တယ် ဒါပေမယ့် အဲဒါက သတင်းကောင်း မဟုတ်သေးဘူး နန်းနုရ
အင်.. ဒါဆို သတင်းကောင်းဆိုတာ ဘာလဲ အန်ကယ်လ် နန်းကို ပြောပြ..
…………………………………….
ရှင်… အန်ကယ်လ် တကယ် ပြောနေတာလား..
ဟားဟား ဒါ နောက်စရာမှ မဟုတ်တာ နန်းလေးရယ်.. ကဲ အန်ကယ် တခြားအခန်းတွေ လိုက်ကြည့်လိုက်ဦးမယ် သမီး ဆေးရုံဆင်းဖို့သာ ပြင်တော့ ဟုတ်ပြီလား
ဟုတ်………. ဟုတ်……
အခန်းထဲမှ ပြန်ထွက်သွားသော ဒေါက်တာ မင်းကျော်နိုင်၏ နောက်ကျောကို ကြည့်ကာ.. ကျွန်မ ကြက်သေသေနေမိသည်။ နားထဲမှာလဲ.. ညီမငယ်၏ စကားသံများကိုသာ ပြန်လည်ကြားယောင်နေမိသည်။
နင့်ဘဝအတွက် သူရှိမှ ဖြစ်မှာဆိုရင် နင့်ဘဝထဲမှာ သူရှိနေဖို့ပဲ လိုတယ်………….

ကျွန်မဘဝမှာ … မောင်ရှိမှဖြစ်မှာလား…….။ ကျွန်မ မောင့်ကို မရှိမဖြစ် လိုအပ်ပါသလား….။ မောင်သည် ကျွန်မအတွက်.. ရှိနေဖို့ လိုပါသလား….။ ကိုယ်တိုင်ရဲ့ မေးခွန်းတွေ.. ကျွန်မ ဖြေဆိုနိုင်ဖို့ ဒီလောက်ခက်ခဲပါသလားကွယ်။

Category: အခန်းဆက် ၀တ္ထုရှည်, မောင် | 3 Comments
• Wednesday, December 22nd, 2010
မကြီး…. နင့်အတွက် သူလိုအပ်လား…
နာရီပေါင်းများစွာကြာအောင် မျက်ရည်စတို့နှင့် တွေဝေမိန်းမောနေသော ကျွန်မအား မေးခွန်းထုတ်လာသော ညီမငယ်ကို နားမလည်နိုင်စွာ မော့ကြည့်မိသည်။
နင် သူ့ကို လိုအပ်လားလို့ မေးနေတာဟာ………
ဘာဖြစ်လို့လဲ
သေချာစဉ်းစားနော် မကြီး နင့်ဘဝအတွက် သူကမရှိမဖြစ် လိုအပ်နေလား သူရှိမှ ဖြစ်မှာလား
…….
အေး.. နင် တကယ်လိုအပ်တယ်ဆိုရင် ဘယ်သူ့အတွက်မှ စဉ်းစားပေးနေစရာ မလိုဘူး၊ နင်ဖန်တီးထားတဲ့ ဖြစ်ရပ်တွေလဲ မဟုတ်လို့ ဟိုကောင်မလေးကို နင် ငဲ့ကြည့်စရာ မလိုဘူး
………
နောက်ဆုံး ကုန်ကုန်ပြောမယ်ဟာ.. ကိုကြီးရှင်းသန့်က နင့်ကို မချစ်ဘူးဆိုရင်တောင် နင် ဂရုစိုက်နေစရာ မလိုဘူး၊ နင့်ဘဝအတွက် သူရှိမှ ဖြစ်မှာဆိုရင် နင့်ဘဝထဲမှာ သူရှိနေဖို့ပဲ လိုတယ်
စကားတစ်လုံးချင်းစီအား ပြတ်သားစွာ ပြောကြားနေသော ညီမငယ်အား ကျွန်မ ဘာစကားတစ်ခွန်းမှ ပြန်မပြောနိုင်ခဲ့ပါ။
ငါ ပြောတာ ကြားလား မကြီး..။ ငါတို့တစ်မိသားစုလုံး နင့်ကို အရမ်းချစ်တယ်ဆိုတာ နင်သိတယ်။ နင် ကျန်းမာရေးနဲ့ စိတ်ချမ်းသာမှုကိုပဲ ငါတို့ ရှေ့ရှုနိုင်မယ် မကြီးရဲ့ ၊ ငါ့ကို တစ်ကိုယ်ကောင်းဆန်တယ်ပြောပြော ငါ ဘယ်သူ့ကိုမှ မညှာနိုင်ဘူး နင်လဲ ညှာစရာ မလိုဘူး ငါ ပြောတာ နားလည်လား မကြီး။
ကျွန်မ မျက်လုံးအစုံကိုမှိတ်ပြီး ခေါင်းကိုပဲ ငြိမ့်ပြနိုင်ခဲ့တယ်။ ကျွန်မမှာ ညီမလေးရဲ့ ပြတ်သားမှုမျိုး တစ်ဝက်လောက်သာ ရှိခဲ့မယ်ဆိုရင် ဒီလို ခံစားနေရမယ့်ပုံ မပေါ်ပါ။ လူပုံစံက နူးညံ့နုနယ်သလောက် အရာရာမှာ ဆုံးဖြတ်ရဲ၊ ပြတ်သားရဲတဲ့ ညီမလေးကို ကျွန်မ အားကျလေးစားမိသည်။ ကျွန်မကတော့…. နှစ်သက်ခဲ့ဖူးသည့် ကဗျာဆရာတစ်ယောက်ရဲ့ စကားအတိုင်းဆို မပြတ်သားသူသည်လည်း တစ်ယောက်၊ တွေဝေမိသူသည်လည်း တစ်ယောက်၊ ထိုနှစ်ယောက် ပေါင်းသော် နန်းလေပြေနု ဖြစ်သည်ဟုပင် ဆိုရမည် ထင်သည်။
ကျွန်မ သူ့ကို လိုအပ်ပါသည်။ မောင့်ကို ကျွန်မ လိုအပ်သည်။
သို့သော် ကျွန်မ လိုအပ်၍ မောင်သည် ကျွန်မ အပါးတွင်သာ ရှိရမည်ဟု ကျွန်မ မဆုံးဖြတ်နိုင်သေးပါ။ ကျွန်မ မောင့်ကို လိုအပ်သည်မှာ မှန်ကန်သော်လည်း တခြားသော တစ်ယောက်က ကျွန်မထက်ပိုပြီး လိုအပ်နေခဲ့လျှင် မောင့်ကို ကျွန်မ စွန့်လွှတ်ပေးသင့်တယ် မဟုတ်လား။ မောင်ရှိမှ ဖြစ်မယ်ဆိုရင်တော့ ညီမလေး ပြောသလို မျက်စေ့စုံမှိတ်ပြီး ရယူပိုင်ဆိုင်သင့်ပြန်သည်။
အို……….. ကျွန်မဟာ တကယ်ဆိုတော့ တွေဝေသူ တစ်ယောက်သာ ဖြစ်သည်။ မိမိ ဘာလိုချင်သည်၊ ဘာဖြစ်ချင်သည်ဆိုတာကို အတိအကျ သိမှတ်ထားပါလျှက်နှင့် ဆုံးဖြတ်ချက်တစ်ခုကို ပြတ်သားစွာ ချလိုက်ဖို့ သတ္တိမရှိသော ခပ်ညံ့ညံ့ မိန်းမတစ်ယောက်မျှသာ ဖြစ်သည်။
———————————————————————————————————————————————————————————–

• Sunday, November 28th, 2010
သဲ အတွက်တော့ ပုံပြင်လိုလို ဇာတ်လမ်းလိုလို ဖြစ်နေမယ် ထင်တယ်။ မောင် အားလုံး ပြောပြမယ်နော်…..
နာရီပေါင်းမြောက်များစွာ.. ဖုန်းပြောပြီးခဲ့သည့်နောက်တွင် ကျွန်မ မောင့်နှလုံးသားကို ပြက်ပြက်ထင်ထင် မြင်တွေ့လိုက်ရသည်။ ကျွန်မကို အစကနေ အဆုံး ပြောပြနေသည့် မောင့် လေသံတို့မှာ ရှုပ်ထွေးခြင်း မရှိ၊ ကြည်လင်သော စိတ်တို့နှင့် ကြည်နူးမှုကို ပြန်လည်ခံစားနေရပုံပေါ်သည်။ မောင် သီရိကို အရမ်းချစ်ခဲ့တာပဲ။ ဒါ သိပ်သေချာပါသည်။ ကျွန်မ နှလုံးသားနှင့် ခံစားမိနေရသည်။ သီရိ နှင့် စတွေ့စဉ်ကနေ နောက်ဆုံးစကားပြောခဲ့သည့်အချိန်ထိ သီရိအပေါ်မှာ ထားရှိတဲ့ မောင်ရဲ့ သံယောဇဉ်တွေ နက်ရှိုင်းလေးနက်တယ်ဆိုတာ ကျွန်မ ယုံကြည်ပါသည်။
———————————————————————————————————————————————————————————————
ဘဝဆိုတာ မထင်မှတ်သော အချိုးအကွေ့တို့နှင့် ပြည့်နှက်နေသော တစ်လမ်းသွား လမ်းမကြီး တစ်ခုပင် ဖြစ်သည်။ ရုတ်တရက် တွေ့ကြုံရင်ဆိုင်လိုက်ရတဲ့ အချို့သော အချိုးအကွေ့တို့မှာ မည်သည့်ဖက်ကို ချိုးကွေ့ရမည်နည်းဟု စဉ်းစားနေချိန်မရပဲ ခြေဦးတည့်ရာအရပ်သို့ ဆက်လျှောက်လိုက်ရသည်များမှာ အားလုံးသော ဘဝတွေမှာ တည်ရှိနေကြမြဲ ဖြစ်ပေမည်။ ကိုယ်ရွေးချယ်ခဲ့သော လမ်းမှာ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ… ဘဝဆိုတာ နောက်ပြန်ဆုတ်ခွင့် မရရှိသော တစ်လမ်းမောင်း စနစ် လမ်းမကြီး တစ်ခုသာ ဖြစ်သည်။

မောင့်ဘဝတွင် သီရိသည် ရှိနှင့်နေပြီးသား ဖြစ်သည်။ လေးလေးနက်နက်နှင့် ချစ်ခင်မြတ်နိုးခဲ့ရသော မိန်းကလေးလဲ ဖြစ်သည်။ သို့သော်……………..။ မောင့်ဘဝအတွက်.. အကြီးမားဆုံးသော အချိုးအကွေ့တစ်ခုမှာလဲ ကျွန်မ ဖြစ်နေသည်။ ဘယ်သူမှ ကြိုမသိနိုင်တဲ့ ကံကြမ္မာတစ်ခု၏ စေစားချက်တစ်ခုအောက်မှာ ကျွန်မနှင့် မောင် ဆုံတွေ့ဖြစ်ကြသည်။ အလယ်တန်း၊ အထက်တန်း ခြောက်နှစ်လုံးလုံး ကျောင်းတစ်ကျောင်းတည်းမှာ အတူတကွ တက်ခဲ့ကြပါလျှက်နှင့် ရေခြား၊ မြေခြား ရောက်မှသာ သိကျွမ်းခင်မင်ကြရသည် မောင်နဲ့ ကျွန်မသည် တစ်ယောက်အကြောင်းကို တစ်ယောက် ရင်ဖွင့်တိုင်ပင်ခဲ့ကြသည့် သူငယ်ချင်းများသာ ဖြစ်သည်။ ကျွန်မထက် တစ်နှစ်နီးပါး ငယ်ရွယ်ကာ နာမည်မှာ မောင် ပါသော သူ့ကို ချစ်စနိုးဖြင့် မောင် ဟုလည်းကောင်း၊ စကားပြောသောအခါ သဲကလေ သဲကလေ ဟု ထည့်ပြောတတ်သော ကျွန်မအား သဲဟုလည်းကောင်း စနောက်ခေါ်ဝေါ်ခဲ့ကြသည့် သူငယ်ချင်းများသာ ဖြစ်သည်။
ကျွန်မဘဝရဲ့ ကျရှုံးချိန်များဟု ဆိုနိုင်သော မောင့်ရဲ့ သူငယ်ချင်း၊ ကျွန်မ၏ ချစ်သူ ဖိုးဇော်မှာ ကျွန်မနှင့် ချစ်နေရက်နှင့် တခြားသော မိန်းကလေးတစ်ဦးနှင့် လက်ထပ်သွားသည့်အချိန်တွေမှာ ကျွန်မဖက်ကနေ ရပ်တည်ပြီး မကျေမနပ်ဖြစ်ခဲ့ရသော သူငယ်ချင်း မောင်သည် ကျွန်မအား အရင်ကထက်ပိုပြီး ဂရုစိုက်ကြင်နာခဲ့သော်လည်း ကျွန်မအတွက် သူငယ်ချင်းကောင်း တစ်ဦးသာ ဖြစ်သည်။ ကျွန်မ တွေဝေမိတဲ့အချိန်တွေမှာ ဖေးမပြီး စောင့်ရှောက်ပေးခဲ့သော မောင်ငယ်တစ်ဦးသာ ဖြစ်သည်။ မောင် နှင့် ကျွန်မ ချစ်သူတွေ ဖြစ်သွားကြလိမ့်မည်ဟု မည်သူတစ်ဦးတစ်ယောက်ကမှ ထင်မှတ်မထားခဲ့ကြဖူးပါ။ ကျွန်မကိုယ်တိုင်လဲ မျှော်လင့် မတွေးတောခဲ့မိပါ။
သို့သော်… ဆိုခဲ့ပြီးသလို မမျှော်လင့်တာတွေ မထင်မှတ်ပဲ ဖြစ်တတ်တဲ့ လောကကြီးထဲမှာမှ မောင် နဲ့ ကျွန်မက ဆုံမှတ်တစ်ခုတည်းမှာ မျက်နှာချင်းဆိုင် ရပ်မိခဲ့သည် ထင်သည်။ ကျွန်မ မောင်နှင့် တွေ့ခဲ့သည်။ ချစ်ခဲ့သည်။
နှစ်နာရီခရီးသာ ကွာဝေးသော တောင်ပေါ်မြို့လေးနှင့် တောင်ခြေမြို့လေးနှစ်ခုမှာ နေထိုင်တဲ့ မောင် နှင့် ကျွန်မ မကြာခဏ ဆုံတွေ့ဖြစ်ကြသည်။ နေရာ၊ ဒေသ နှင့် အချိန်၊ ကာလတို့ရဲ့ ဖျားယောင်းမှုကြောင့် မောင်နှင့် ချစ်သူတွေ ဖြစ်သွားကြပါသည်ဟု ဆိုရအောင်လည်း ကျွန်မတို့နှစ်ဦးစလုံး ရင်ခုန်တတ်တဲ့ ဆယ်ကျော်သက်အရွယ်မှ မဟုတ်ပဲလေ။ ကျွန်မ ဆင်ခြေတွေ မပေးလိုပါဘူး။ အရာတော်တော်များများ ပြည့်စုံသော ကျွန်မအတွက် လိုအပ်သည်မှာ ဂရုစိုက်ကြင်နာနွေးထွေးမှု ဖြစ်သလို၊ တစ်ပါးသူကို အမြဲတစေ ဂရုစိုက်တတ်တဲ့ မောင်အတွက် ချစ်သူနှင့် မိုင်ပေါင်းမြောက်များစွာ ဝေးကွာနေရသည်ကတော့ အကြောင်းရင်းတစ်ခု ဖြစ်ကောင်းဖြစ်နေနိုင်ပါသည်။
စိတ်၏ဒဏ်ရာနှင့် ကျန်းမာရေးချို့တဲ့လွန်းသော ကျွန်မအနားမှာ နာရီပေါင်းမြောက်များစွာ နေကြာလာတဲ့အခါ…..။ အသည်းကွဲနေသည့် သူငယ်ချင်းတစ်ယောက်ကို စာနာစိတ်ဖြင့် ယုယမှုများ ထူထဲလာတဲ့အခါ….။ အားငယ်တတ်လွန်းတဲ့ ကျွန်မကို နဖူးလေးအား နမ်းရင်း နှစ်သိမ့်ပေးမှု သိပ်သည်းလာတဲ့အခါ…….။ နှစ်ဖက်မိဘတွေကို ဖွင့်ပြောဖြစ်ကြသည့်အထိ မောင်နဲ့ကျွန်မ ဆက်ဆံရေးတွေ ခုန်ပျံကျော်လွှားခဲ့ကြသည်။
အကြောင်းအမျိုးမျိုး ရှိသော်လည်းပဲ မုန်တိုင်းတိုက်ခတ်စဉ် အပြင်မထွက်ရ သတင်းထုတ်ပြန်ထားတဲ့နေ့မျိုးမှာတောင် မိုးကာအကျိံအထပ်ထပ်ဝတ်ပြီး အရောက်လာကာ ကျွန်မတို့မိသားစုနှင့် အတူတူ နေ့လည်စာ စားတတ်တဲ့ မောင်ရဲ့ ဂရုစိုက်မှုကို ကျွန်မ မိဘတွေ အသိအမှတ်ပြုခဲ့ရတယ်။ စကားလုံးတွေကြားမှာ မျက်ရည်ပိုးပိုးပေါက်ပေါက်ကျနေတာတောင် မောင်ရဲ့ ခြေသည်းလက်သည်းကအစ အရာခပ်သိမ်း လိုက်လံပြင်ဆင်ပေးတတ်တဲ့ ကျွန်မရဲ့ အချစ်တွေကိုလဲ မောင် မိဘတွေ နားလည်လက်ခံခဲ့ကြရတယ်။ အခက်အခဲတွေ ရှိပေမယ့်လည်း.. ကျွန်မ၏ ပါရဂူဘွဲ့သင်တန်း ပထမစာသင်နှစ်အပြီးတွင် လက်ထပ်ကြမည်ဟု ကျွန်မနှင့် မောင် ဆုံးဖြတ်ခဲ့ကြသည်။
ကျွန်မနှင့် မောင် ဆုံးဖြတ်ခဲ့ကြသည် ဆိုသော်လည်း.. ကျွန်မ၏ ဆုံးဖြတ်မှုအား မောင် ခေါင်းငြိမ့်ခဲ့သည်ဟု ပြောရလျှင် ပိုမှန်မည် ထင်သည်။ ထိုခေါင်းစဉ်အား ဆွေးနွေးတိုင်း မောင် နှုတ်ဆိတ်နေခဲ့သည်မှာ ကျွန်မတို့ ရင်ဆိုင်နေရသော မိသားစု ပြဿာနာများကြောင့်သာဟု ကျွန်မ ထင်မှတ်ခဲ့သည်။ သို့အတွက် ကျွန်မဖက်က သူ့အား နှစ်ဆတိုး ဂရုစိုက်ပေးခဲ့သည်။ မချည်နှောင်ခဲ့ချင်သော်လည်း ထိုအရာများက မောင့်အား တုပ်နှောင်မိစေခဲ့သည် ထင်သည်။ ကျွန်မရဲ့ အချစ်နဲ့ မေတ္တာတွေက မောင့်အတွက် ဝန်ထုပ်ဝန်ပိုးတွေ ဖြစ်စေခဲ့သည် ထင်ပါသည်။ ပြန်တွေးမိတိုင်း ကျွန်မ စိတ်ထိခိုက်ရပါသည်။ ကျွန်မအတွက်နှင့် မောင်သည် သူချစ်သော မိန်းကလေးအား ဝေဒနာတွေ ပေးခဲ့ရသည်။ ကျွန်မအတွက်နှင့် မောင်သည် သူ မြတ်နိုးသော မိန်းကလေးအား အချိန်မပေးနိုင် ဖြစ်ခဲ့ရသည်။

ကျွန်မရဲ့ အချစ်တွေက မောင်နှင့် သီရိ နှစ်ယောက်စလုံးကို အထိနာစေခဲ့တာပဲ။ ဆေးရုံပေါ်မှာ နားမနေနိုင်ပဲ လပ်တော့တစ်လုံးနှင့် စာတွေရေးနေတတ်တဲ့ ကျွန်မကို …၊ တွေဝေမိန်းမောကာ မျက်ရည်တွေ စီးကျနေတတ်တဲ့ ကျွန်မကို ဘယ်လိုအရာကမှ မနှစ်သိမ့်နိုင်ခဲ့ဘူးလေ။ ကျွန်မ ကိုယ့်ကိုကိုယ် ခွင့်မလွှတ်နိုင်ခြင်းများစွာဖြင့် နောင်တကြီးစွာ ရနေမိသည်။

• Friday, November 26th, 2010
မငြိမ်နိုင်သော စိတ်တို့နှင့် ကျွန်မ သီရိဆီကို ဆက်သွယ်ကြည့်မိသည်။ မောင့်ပုံစံဖြင့် သူ့ကို စကားပြောကြည့်သည်။ သို့သော် ကျွန်မကပဲ ဟန်ဆောင်နိုင်စွမ်း နည်းတာလား။ သို့တည်းမဟုတ် သီရိကပဲ အာရုံခံနိုင်စွမ်းကောင်းနေလား မသိပါ။ ကျွန်မသည် သူချစ်သော မောင် မဟုတ်မှန်း မိနစ်ပိုင်းအတွင်းမှာပင် သူ သိရှိသွားသည်။ ကျွန်မလဲ လိမ်ညာလိုစိတ်မရှိပါ။ ကျွန်မ ချစ်ရသော မောင်၏ ချစ်လှစွာသော မိန်းကလေးအား စူးစမ်းလိုစိတ်နှင့်သာ ဆက်သွယ်ကြည့်မိခြင်း ဖြစ်သည်။ စာကြောင်းပေါင်းမြောက်များစွာ ကီးဘုတ်ကနေ တဆင့် ရိုက်ထည့်ပြီး သီရိနှင့် ကျွန်မ စကားပြောဖြစ်သည်။
ကျွန်မ မောင့်ကို ကျွန်မ ဆန္ဒတွေအားလုံးထက် ချစ်သည် ဆိုလျှင် သီရိသည်လည်းပဲ သူမ၏ အတ္တများစွာထက် မောင့်ကို ချစ်သည်ဟု ပြောရမည်။ ကျွန်မက မောင့်အတွက် အရာရာပြောင်းလဲဖို့ ကြိုးစားပြင်ဆင်နေချိန်မှာ သီရိသည်လည်းပဲ မောင့်အတွက် ရည်မှန်းချက်အားလုံးကို ပြောင်းလဲယူပြီးနေပြီ ဖြစ်သည်။ ကျွန်မက မောင့်မျက်နှာကို ကြည့်ပြီး မောင် ဘာဖြစ်နေလဲ ဂရုတစိုက် မေးမြန်းနေချိန်မှာ သီရိက မောင့်စကားသံကနေ တဆင့် မောင်ခံစားမှုကို သိရှိနေသည်။ ကျွန်မ၏ ဘဝအား မောင့်လက်ထဲမှာ အပ်ထားဖို့ ကျွန်မ အသင့်ပြင်နေချိန်မှာ သီရိက သူမဘဝကို မောင့်အား အပြီးပေးအပ်ပြီး ဖြစ်သည်။ ကျွန်မထက် သုံးနှစ်မျှ စောပြီး မောင်နှင့် ရင်းနှီးချစ်ခင်ခဲ့သည့် သံယောဇဉ်နှင့် မောင့်အပေါ်ထားသည့် သူမ၏ ချစ်ခြင်းမေတ္တာကို မိန်းကလေးချင်း ကျွန်မ ခံစားမိခဲ့သည်။
ကျွန်မ အသက်ထက် မောင့်ကို ချစ်သလို သီရိ မောင့်ကို ချစ်သည်မှာလဲ ကျွန်မထက် မလျော့နည်းခဲ့ပါ။ သို့ဆိုလျှင် မောင် မည်သို့ ဆုံးဖြတ်မည်နည်း။ မောင့်ကို ဘယ်လိုအရာမျိုးနဲ့မှ ချည်နှောင် မထားချင်ပါဘူး… မောင် စိတ်တိုင်းကျ ရွေးချယ်ခွင့် ရှိသည်ဟု မောင့်ကို အသိပေးထားခဲ့သည်မှာ စောလွန်းသွားသည် ထင်သည်။ အကယ်၍များ မောင်က ကျွန်မ မဟုတ်သော အခြားသော လမ်းကို ရွေးချယ်ခဲ့သည်ရှိသော်.. ကျွန်မ ဘယ်လိုဆက်လက်ရပ်တည်ရပါ့မလဲ။ မောင်မရှိပဲ ကျွန်မ ဘယ်လိုရှင်သန်ရပါ့မလဲ။ ကျွန်မ စကားကို ကျွန်မ နောင်တရချင်သွားသည်။ ကူကယ်ရာမဲ့တဲ့ အတွေးတွေနဲ့ ကျွန်မ တစ်ကိုယ်လုံးပူလောင်နေမိသည်။
ကျွန်မနည်းတူ သီရိသည်လည်း ပူလောင်နေလိမ့်မည်။ ဘဝတစ်ခုလုံးစာ ချစ်ခင်ခဲ့ရသည့် ယောင်္ကျားတစ်ယောက်အပေါ်မှာ ထားရှိသည့် ယုံကြည်မှုတို့အား တုန်လှုပ်စွာနှင့် သူမ လက်လွှတ်ဆုံးရှုံးရတော့မည်လား ဟု သူမသည်လည်း ခြောက်ခြားနေလိမ့်မည်။ မောင်ကရော………….။ သုံးနှစ်စာ ခင်တွယ်ခဲ့သည့် သီရိနှင့် သူ၏ သံယောဇဉ်တို့အား ဖြတ်တောက်ကာ လပိုင်းမျှသာ ချစ်သူသက်တမ်းရှိသော ကျွန်မဆီကို လျှောက်လာလိမ့်မည်ဟု…. ကျွန်မကိုယ်ကျွန်မ မယုံကြည်ရဲပါ။ မောင့်ကို ကျွန်မ လက်လွှတ်ဆုံးရှုံးရတော့မည် ထင်ပါသည်။ မိသားစု အသိုင်းအဝိုင်းနှင့် ပါတ်ဝန်းကျင်ကိုပါ အသိပေးပြီး လက်ထပ်ဖို့အထိ စီစဉ်နေသော ကျွန်မနှင့် မောင်တို့၏ အနာဂတ်ကို ကျွန်မကိုယ်တိုင်ပဲ ပြတ်ပြတ်သားသား စွန့်ပစ်ရပေလိမ့်မည်။ ကျွန်မ ညီမထက် ငယ်ရွယ်သော သီရိဟုသော အမျိုးသမီးငယ်လေး၏ စိတ်ကူးအိပ်မက်တွေကို အကောင်အထည်ဖော်ခွင့်ရဖို့ ကျွန်မ.. အိပ်မက်တွေကို ကျွန်မကိုယ်တိုင်ပဲ ဖဲ့ချွေရပေလိမ့်မည်။
သက်ပြင်းတစ်ချက်ကို ရိုက်ထုတ်ရင်း ဆုံးဖြတ်ချက်တစ်ခုကို ကျွန်မ ချလိုက်သည်။ တိုက်ပွဲတစ်ခုမှာ ထိခိုက်နစ်နာ ကျရှုံးမှုများ ရှိစမြဲ ဖြစ်သည်။ ထို့အတွက်.. နစ်နာမည်ဆိုလဲ. ကျွန်မ နစ်နာခံလိုက်မည်။ သူတစ်ပါးအား နစ်နာအောင် ပြုလုပ်လိုက်ရသူ မဖြစ်လျှင်ပဲ ကျွန်မ ကျေနပ်လိုက်မည်။ အထိအခိုက်အကျအရှုံးများအား ကျွန်မဖက်မှာ ထားရှိပြီး မောင်နှင့် သီရိတို့အတွက် ကျွန်မ နောက်ဆုတ်ပေးလိုက်တော့မည်။ ဆုံးဖြတ်ချက် ချပြီးသည်နှင့် တပြိုက်နက် စောစောက ပူလောင်နေသော ကျွန်မ၏ စိတ်နှင့် ခန္ဒာအားလုံး ငြိမ်းချမ်းသွားရသည်။ အတားအဆီး မရှိ ဆီးကျနေသည့် မျက်ရည်များလည်းပဲ တဖြည်းဖြည်းချင်း ခမ်းခြောက်သွားရသည်။
ကျွန်မ ချစ်သော မောင်.. သူ ချစ်သော မိန်းကလေးနှင့် ပျော်ရွှင်ပါစေ။
———————————————————————————————————————————————————————————————
Tweety Tweety SMS!
စိတ်အရမ်းရှုပ်တဲ့အချိန်ဆို ဖုန်းအဝင်ကို ပိတ်ထားတတ်တာ ကျွန်မ၏ မကောင်းသော အကျင့်တွေထဲက တစ်ခု ဖြစ်မည်။ ဒီ Message Alam က မောင့်ဆီက ဝင်လာတာမှန်း ကျွန်မ သိသည်။ ဖွင့်မဖတ်ဘူးလို့ ဘယ်လိုပဲ ကျွန်မ တင်းထားထား သူ ဘာပြောမလဲဆိုတာကိုလဲ သိချင်နေမိသည်။ ဖုန်းကို အသာဖွင့်ကြည့်လိုက်သည်။
သဲလေးရေ..
မောင်ဖုန်းခေါ်နေတယ်လေကွာ၊ မောင် တောင်းပန်ပါတယ်ကွာ။ ဖုန်း ဖွင့်ပေးပါနော်။
သဲကို မောင် အရမ်းချစ်ပါတယ်ကွာ။ သဲကို လိမ်ထားတာ မဟုတ်ပါဘူး
သဲ စိတ်ညစ်နေမှာစိုးလို့ မောင်ဘာသာ ဖြေရှင်းမလို့ သဲကို ပြောမပြခဲ့တာပါ
ဟန်နီ ဖုန်းကိုင်ပေးပါကွာ နော်။
Tweety Tweety SMS!
သဲလေးရေ..
မောင် မနက်ဖြန်ကို သဲဆီ ဆင်းလာခဲ့မယ်နော်။ မောင် လုပ်ခဲ့မိတဲ့အပြစ်အတွက် သဲ ကြိုက်တဲ့အထိ မောင့်ကို စီရင်နော်။
မောင် အရမ်းကို စိတ်ရှုပ်နေပါပြီကွာ။ စိတ်နဲ့လူနဲ့လည်း မကပ်ဘူး။ နေ့လည်ကလဲ ဖုန်း ကျပျောက်သေးတယ်။
ဆိုင်ကယ်စီးရင်လဲ အဲဒါပဲ တွေးနေတာ။ မောင် တစ်ခုခု ဖြစ်သွားမှာ သဲ မစိုးရိမ်ဘူးလားဟင်။
ဖုန်းဖွင့်ပေးပါနော်။
ပြဿနာတစ်ရပ်ကို ရှောင်သည့်နည်းလမ်းဖြင့် ဖြေရှင်း၍မှ မရနိုင်ပဲကွယ်။ ကျွန်မ ဘယ်လောက်အထိ ရှောင်ပုန်းနိုင်မှာမို့လို့လဲ။ စိတ်ကို အတက်နိုင်ဆုံး တည်ငြိမ်အောင် ထားကာ ကျွန်မ ဖုန်းအဝင်ကို ပြန်ဖွင့်လိုက်သည်။

သဲရေ……… မောင့်ရင်မှာ ပူလောင်နေပါပြီကွာ. မောင့်ကို ကူပါဦး မောင် ဘာလုပ်ရမလဲဟင်။
ဖုန်းဖွင့်ဖွင့်ချင်း ကြားလိုက်ရတဲ့ မောင့်ရဲ့ အသံဖြစ်သည်။ တကယ်ဆို ကိုယ့်အပြစ်နဲ့ကိုယ် ခံစားစမ်းဟု ပစ်ထားလိုက်ဖို့သင့်သည်။ သို့သော်.. ကျွန်မသည် သူတစ်ပါးအတွက် စဉ်းစားတွေးပူရင်း ကိုယ့်အတွက်ကိုယ် စဉ်းစားဖို့ မေ့နေသော အပူသည်တစ်ယောက် မဟုတ်လား။ ကျွန်မ ဘဝနဲ့ထပ်တူ ချစ်မြတ်နိုးရပါသော မောင့်ကို ကျွန်မ ပစ်မထားနိုင်ပါ။ ဘဝတစ်ခုစီ ခြားနားရမယ့် သူတွေ ဖြစ်သွားပေမယ့်လည်း ချစ်သူတစ်ယောက်လို၊ ခင်ပွန်းကောင်းတစ်ယောက်လိုအပြင် မောင်ငယ်တစ်ဦးလိုပါ ချစ်ခင်ရသော ထို အမျိုးသားငယ် စိတ်ဆင်းရဲကြီးစွာ ခံစားနေရသည်ကို ကျွန်မ ကြည့်မနေနိုင်ပါ။ ကိုယ့်ရင်ထဲက အပူကို ခဏမေ့.. မောင့်အတွက် အကြံညဏ်ကောင်းတွေ စဉ်းစားပေးရပေဦးမည်။
မောင်.. ဘာဖြစ်ချင်လဲဟင်… ဘာကိုလုပ်ချင်လဲ သဲကိုပြောပြ သဲတက်နိုင်သလောက် စဉ်းစားပေးမယ်
သီရိ… သူ အရမ်းခံစားနေရမှာကွ မောင် သိတယ်။ အား……. စိတ်ရှုပ်လိုက်တာကွာ.. မောင် မကောင်းတာ မောင် မပြတ်သားခဲ့တာ မောင့်ကြောင့် သူပါ စိတ်ညစ်နေရပြီ
အဲ့ဒီအတွက် စိတ်မရှုပ်ပါနဲ့ မောင်ရယ် သဲ သူနဲ့ စကားပြောခဲ့တယ်ဆိုပေမယ့် မောင့်အပြစ်မဖြစ်အောင် သဲ ဆင်ခြင်ပြီးမှ ပြောခဲ့တာပါ။ သဲဖက်ကပဲ မောင့်ကို ချစ်ခဲ့ရတာပါ။ မောင် တကယ်ချစ်တာ သူ့ကိုပါလို့ သဲ ပြောပေးခဲ့တာပါ။ အဲဒီတော့ မောင် စိတ်မပူနဲ့နော်။ အပြစ်တွေအားလုံး သဲအပေါ်မှာ ပုံချလိုက်ပြီး သူ့ကို တောင်းပန်လိုက် သူကျေအေးမှာပါ။ သူ မောင့်ကို အရမ်းချစ်တယ်ဆိုတာ သဲ သိနေတာပဲလေ။ နော်။
မဟုတ်ဘူး … သဲရ။ မောင်က သဲလေးကို ဘယ်လို ထားခဲ့ရက်မှာလဲ။ သဲ နှလုံးသားမှာ ဒဏ်ရာတွေအပြည့်နဲ့ မောင် ဘယ်လိုထားခဲ့ရက်မှာလဲကွာ.. မောင့်ချစ်သူလေးရာ
သြော်.. မောင်ရယ်။ သဲ အတွက်လဲ စိတ်မပူပါနဲ့။ သဲ ကိုယ့်ကို စောင့်ရှောက်တတ်ပါတယ်။ နောက်ပြီး မောင့်ကို အားလုံးနားလည်ခွင့်လွှတ်တယ်။ ကြည်ဖြူတယ်။ သီရိကို ကူပြောပေးဖို့ လိုအပ်ရင် သဲ ကူပြောပေးမှာပေါ့ နော်။ စိတ်ရှုပ်မနေပါနဲ့ မောင်ရယ်။ မောင် စိတ်ညစ်တာကို သဲ မမြင်ချင်ဘူး။
သဲ မောင့်ကို အရမ်းချစ်တာပဲလားဟင်
ကျွန်မ ပြုံးမိသည် ထင်သည်။ တခြားသော ယောင်္ကျားများနည်းတူ မောင်လည်းပဲ အတ္တကြီးသော အမျိုးကောင်းသားလေး တစ်ယောက်ပင် ဖြစ်သည်။ မည်သည့်ဖက်ကိုမျှ သူ ရက်စက်ချင်ပုံ မပေါ်ပါ။ ကျွန်မနှင့် သီရိတို့၏ ဆုံးဖြတ်ချက်ကိုသာ သူ စောင့်နေပုံပေါ်သည်။ ဟုတ်ပြီလေ.. ဖြည့်ဆည်းမှတော့ အဆုံးစွန်ထိ ဖြည့်ဆည်းပေးရုံပေါ့ မိနန်းနုရယ်။
သဲ မောင့်ကို အရမ်းချစ်ပါတယ်၊ လိုလဲလိုအပ်ပါတယ်။ ဒါပေမယ့် သီရိက မောင့်ကို ပိုလိုအပ်လိမ့်မယ်။ နောက်ပြီး သူက ငယ်ရွယ်သူ ဖြစ်တဲ့အတွက် မောင့်ကို ခွင့်လွှတ်နိုင်မှု နည်းလိမ့်မယ်။ သဲကို မောင်ရွေးလိုက်ရင် သူ မောင့်ကို နာကျည်းမုန်းတီးသွားလိမ့်မယ်။ သဲအတွက်ကတော့ ဘာမှသိပ်မထူးပါဘူး။ မောင် သီရိကို ရွေးမယ်ဆိုလဲ နားလည်ပါ့မယ်။ မောင် စိတ်မညစ်နဲ့နော်။ သီရိဆီကို သွားဖြေရှင်းလိုက်ပါ။ သဲဖက်က တစ်ဖက်သက်ချစ်ခဲ့တာပါလို့ ပြောပြလိုက်ပါ။
အား…….. မသိတော့ဘူးကွာ.. မောင် ခေါင်းတွေကိုက်လိုက်တာ.. အား….
ကလေးငယ်တစ်ယောက်လို အော်ဟစ်နေသော မောင့်ပုံစံကို မြင်ယောင်ကြည့်ရင်း…. ကျွန်မ ရင်ထဲမှာ ဆို့နစ်လာအောင် ဝမ်းနည်းမိလာသည်။ မောင့်အတွက် ကျွန်မ ဘာများလုပ်ပေးနိုင်ပါလိမ့်မလဲ။ ခုချိန်မှာ မောင်လိုအပ်သည်မှာ. တိုင်ပင်ရန် သူငယ်ချင်းတစ်ယောက်၊ အစ်မတစ်ယောက်သာ ဖြစ်လိမ့်မည်။ ဟိုတစ်ယောက်ဆီ သွားပါ၊ ကျွန်မကိုတော့ ထားခဲ့ပါ။ သို့မဟုတ် ကျွန်မကို ရွေးချယ်ပါ၊ ဟုသော တိုက်တွန်းစကား၊ ငြင်းပယ်စကားများထက် သူ့စိတ်ကိုသူ ရှင်းလင်းသွားအောင် လုပ်ပေးနိုင်မည့် နွေးထွေးတဲ့ နှစ်သိမ့်မှုများသာ ဖြစ်မည်။
———————————————————————————————————————————————————————————————-
မောင်.. မနက်စာ စားပြီးပြီလား
ဘယ်စားရဦးမှာလဲ သဲရာ။ ကော်ဖီတော့ ဖျော်ထားတယ် ထသောက်ချင်စိတ်ကို မရှိလို့
အို… အေးကုန်မှာပေါ့ မောင်ရဲ့ ထ ထ သောက်လိုက်ဦး ပြီးမှ သဲနဲ့ ဆက်ပြောနော် မောင် ဗိုက်အောင့်နေမှာပေါ့
ကျေးဇူးပြုပြီး မောင့်ကို ဂရုစိုက်မပြပါနဲ့ သဲရယ်… မောင့်အပြစ်တွေကို မောင် ပိုပိုမြင်လာလို့ပါ။
ဟုတ်ပြီ.. ခု မောင် ဘာလုပ်နေလဲ..
အိပ်ယာထဲမှာ ခွေခေါက်ပြီး ဖုန်းပြောနေတယ်လေ သဲလေးနဲ့
ဟင် မောင်ကလဲ.. အချိန်တွေပုတ်ပါတယ် ဖုန်းကို စပီကာ ဖွင့်ထားလိုက်၊ အခန်းရှင်းရအောင် ထ။ မောင့်အခန်းမှာ ကြက်ခိုးတွေ ရှိနေတာ သဲ ဟိုတစ်ခေါက်က မြင်ခဲ့တယ် ခု ရှင်းရအောင်နော်
အေး.. ဟုတ်သားပဲ မောင် မေ့နေတာကွ.. သဲစကားကို မောင်နားထောင်တယ်နော် ရေဘူးကို မောင်ဝယ်ပြီးသွားပြီ၊ ဖိနပ်စင်လဲ နေရာရွှေ့ပြီးသွားပြီ သိလား
မောင် အနည်းငယ် အာရုံပြောင်းသွားသည်ကို ကျွန်မ သိလိုက်သည်။ ကျွန်မ အောင်မြင်သည်ဟု ဆိုရမည်။ ဗလောင်ဆူနေသော မောင့်ရင်ခွင်အား အေးဆေးငြိမ်သက်သွားအောင် အရင်လုပ်ပေးမှသာ ကျန်တဲ့အရာတွေကို သူ စဉ်းစားနိုင်မှာလေ။
ဟုတ်ပါပြီ..။ မောင်က လိမ္မာတယ်။ အခန်းရှင်းမယ်။ ကြက်ခိုးတွေ လှဲချရင် ကြမ်းခင်းက ပြန်ညစ်ပတ်မှာနော် သဲ တိုက်ပေးခဲ့သလိုမျိုးလေး မှတ်မိတယ်မလား ရေလေးနည်းနည်း စွတ်ပြီးလေ
နေဦး သဲရ။ မောင် အဝတ်တွေ အရင်လျှော်လိုက်ရမလားလို့
အာ ဒါဆို ရေစိုဝတ်နဲ့ မောင် အကြာကြီး ဖြစ်နေမှာပေါ့လို့.. အခန်း အရင်ရှင်း သွား။
အင်း အင်း ဟုတ်ပြီ။ မောင့် အသဲလေး ပြောတာ နည်းလမ်းကျတယ်။ မောင် အမျှင်တွေ အရင်ရှင်းလိုက်မယ်။ ပြီးမှ ကြမ်းခင်း ပြန်တိုက်မယ်။ ပြီးမှ အဝတ်လျှော်မယ် ဟုတ်ပြီလား
ဟုတ်တယ် မောင်။ အဲလို အဆင်ပြေတယ်။
အိုခေ ဒါဆို အဝတ်လျှော်ပြီးမှ မောင် ဖုန်းပြန်ခေါ်မယ်နော် သဲလေးကို ချစ်တယ်နော်။

ချစ်သူ၏ စိတ်ချမ်းသာပျော်ရွှင်ခြင်းသည် ကျွန်မအတွက် အချစ်သာ ဖြစ်သည်။ နှစ်သက်ခဲ့ဖူးသော ကဗျာတစ်ပိုင်းတစ်စအား ကျွန်မ အသံထွက် ရွတ်ဆိုမိလိုက်သည်။
ဟိုတုန်းက ၀ထ္ထုတွေလို
သူရဲကောင်း မဆန်ချင်ပါဘူး
ပိုင်ဆိုင်လိုခြင်းနဲ့ပဲ
မင်းကို ချစ်ခဲ့တာပါ………။
ဒါပေမယ့်ကွယ်
နှလုံးသားနဲ့ ဦးဏှောက်
အရာရာ နောက်မကျခင်မှာ
ဒုတိယကို ရွေးခြယ်
နှလုံးသားကို ငြင်းပယ်လို့…………။
ဒါဟာ ……..
မင်းအတွက်ပါပဲကွယ်………….။
မျက်ဖြေလင်္ကာတစ်ပိုင်းတစ်စနှင့်
မာနတစ်ချို့ရဲ့ လဲပြိုသံ
လောကရေ…..
ငါ ဘာတွေများ လက်ခံပေးရဦးမလဲ!

• Thursday, November 25th, 2010
မသိတော့ဘူးကွာ.. မောင် အရမ်းစိတ်ညစ်လာပြီ.. ဘာလုပ်ရမှန်းကို မသိတော့ဘူး.. ခဏလောက် ဘာမှမစဉ်းစားပဲ နေချင်တယ် မောင့်ကို တစ်ယောက်တည်း ပေးနေ ဟုတ်ပြီလား…
ပါးစပ်က ပြောလဲပြော၊ ခေါင်းရော လက်ရော ခါယမ်းကာ ထွက်ခွာသွားတဲ့ မောင့် ကျောပြင်ကို ကြည့်ငေးရင်း.. ကျွန်မ ရင်ထဲမှာ နာကျင်လာသည်။ အင်းလေ.. ဒီလိုဇာတ်လမ်းမျိုးမှာ ဇာတ်ကောင်တစ်ကောင် အနေနဲ့ ပါဝင်နေမှတော့ နာကျင်ရမှာပါပဲ။ သမရိုးကျ သုံးပွင့်ဆိုင် ဇာတ်လမ်းမှာမှ မောင်က မင်းသား၊ ကျွန်မ နှင့် သီရိက ပြိုင်ဖက်။ အို.. ပြိုင်ဖက်လို့ သုံးသင့်ပါ့မလားတောင် ကျွန်မ မဝေခွဲနိုင်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ မောင့်မှာ ကျွန်မ ရှိနေတာကို သီရိ မသိသလို၊ သီရိနဲ့ မောင် ပတ်သက်နေတာကိုလဲ ကျွန်မ ပြီးခဲ့တဲ့ နာရီပိုင်းကမှ သိခဲ့ရတာမလား။ အကယ်၍သာ သီရိရှိနေတာကို သိခဲ့ရင် ကျွန်မ မောင် အချစ်ကို လက်ခံခဲ့မှာ မဟုတ်ဘူး၊ လက်ထပ်ဖို့လဲ စီစဉ်ခဲ့မှာ မဟုတ်ဘူးလေ။ သီရိလဲပဲ.. ကျွန်မရှိနေတာကို သိခဲ့ရင် မောင့်ကို ဆက်ချစ်နေနိုင်ဦးမလား မသေချာဘူး။
တကယ်ဆို မောင် ပြတ်သားခဲ့ဖို့ ကောင်းသည်။ သီရိ သို့မဟုတ် ကျွန်မ.. တစ်ယောက်ယောက်ကိုတော့ သူ ပြတ်ပြတ်သားသား ရွေးချယ်ခဲ့သင့်သည်။ ခုတော့.. အားလုံး နာကျင်ကြရသည်။ ကျွန်မသာ.. စပ်စပ်စုစုနှင့် မောင့် အီးမေးလ်ကို ဝင်မစစ်ဖြစ်ခဲ့ရင် ဘယ်အချိန်ထိအောင် သူ ဖုံးကွယ်ထားမည်လဲ မသိ။
ဘာကိုမှ မသိချင်ခဲ့ရင်.. သို့တည်းမဟုတ် ဘာကိုမှ မသိခဲ့ရင် ကျွန်မ ဒီလောက် ခံစားရမည်မထင်ပါ။ သို့သော်……….။
—————————————————————————————————————————————–
မောင်.. သဲကို မောင့် အီးမေးလ်ရဲ့ ပါ့စဝ ပေးပါ..။ မောင် ဘယ်သူတွေနဲ့ အဆက်အသွယ်လုပ်နေလဲ သိချင်တယ်။
အာ.. သဲနော် အဲလိုမျိုးတွေ မောင် မကြိုက်ပါဘူး
ရည်းစားမကလို့ လင်မယားပဲ ဖြစ်ဖြစ် privacy တော့ ရှိသင့်တယ်လေကွာ..
နောက်ပြီး မောင့်သူငယ်ချင်းတွေနဲ့ ပြောထားတာတွေက သဲတို့မိန်းကလေးတွေ ဖတ်လို့ မကောင်းပါဘူး
မောင် ဘယ်သူနဲ့ ဘာပြောမှာမို့လဲကွာ.. သဲအနားမှာပဲ မောင် တစ်ချိန်လုံး ရှိနေတာကို အင်တာနက်ကို မောင် မသုံးဖြစ်ပါဘူး
သုံးတော့ရော သဲ မသိတဲ့ တခြားနစ်နဲ့ မောင် ရှုပ်တော့ သဲ ဘာသိမှာမို့လို့လဲ ဟုတ်တယ်မလား
မောင်က သဲကိုချစ်တယ် သဲနဲ့ လက်ထပ်မယ် ကလေးတွေ အများကြီးမွေးမယ်၊ မိသားစုဘဝလေး တည်ဆောက်မယ်
ဒါပဲလေ.. သဲ မောင့်ကို ဘာတွေ စိတ်ပူနေတာလဲ….။
သဲက စိတ်ပူလို့ မဟုတ်ပါဘူး..။ သဲနဲ့ မောင်နဲ့ လက်ထပ်တော့မှာပဲလေ.. မောင်နဲ့ပါတ်သက်သမျှ သဲ သိထားချင်လို့ပါ။ တခြား မရှိပါဘူး။ ထားပါတော့ မောင် မပေးချင်လဲ မပေးနဲ့တော့ နော်။ အဆင်ပြေတယ်။
တကယ်ဆို… ကျွန်မ ပြောခဲ့သလို အဆင်ပြေပြေလေး ထားခဲ့လိုက်သင့်သည်။ ဒါပေမယ့် .. မရဘူးဆိုလျှင် ရအောင်ယူပြချင်တဲ့ ကျွန်မရဲ့ အကျင့်တစ်ခုက မောင့်အတွက် ကံဆိုးစေခဲ့သည် ထင်ပါရဲ့။ ဒါမှမဟုတ်လဲ ကျွန်မနှင့် သီရိအတွက် ဒဏ်ရာတွေ ဖြစ်စေခဲ့သည် ထင်သည်။
——————————————————————————————————————————————
——–
အေး အောင်ပိုင်လား… နန်းပါ။
——–
အင်း.. အကူအညီ တစ်ခုလောက် တောင်းချင်လို့လေ နန်း ဒီမှာလုပ်ဖို့ အခက်အခဲ နည်းနည်း ရှိလို့ဟ အဲဒါ နင် ကူညီမှ ဖြစ်မှာ
——–
ဒီလိုဟ.. နန်းနဲ့လက်ထပ်တော့မယ့် တစ်ယောက်လေ နင်သိတယ်မလား
——–
အေး.. ရှင်းသန့်ကို ပြောတာ။ သူ့ အီးမေးလ်ကို နန်းရချင်တယ် အဟဲ.. အဲဒါ နင်ကူပေး
——–
အာ နင်ကလဲ နန်း သူ့ကို တရားဝင် တောင်းတယ် သူကမှ မပေးတာ နန်းလိုချင်တာဆို ရကိုရမှ မရရင် နေလို့မကောင်းဘူး သိတယ်မလား လုပ်ပေးလေ သယ်ရင်းရယ် နော်. နော် နော်..။
——–
အင်း… သူများမေးလ်ဆို နန်း မလုပ်ခိုင်းပါဘူး။ ခုက နန်းနဲ့သူနဲ့ လက်ထပ်တော့မှာပဲဟာ.. နန်း အီးမေးလ်လဲ သူသိတာပဲ။ နန်းလဲ သိချင်တယ်.. သိဘူးဟာ လုပ်ပေး.. မလုပ်ပေးရင် နင့်ကို မခေါ်တော့ဘူး ဒါပဲ.။
——–
အဲလို လိမ္မာစမ်းပါ သယ်ရင်းလေးရာ.. အာ ဘွား….။
တစ်ဇွတ်ထိုးဆန်တတ်တဲ့ ကျွန်မမှာ အလိုလိုက်တတ်တဲ့ သူငယ်ချင်းကောင်းများစွာ ရှိနေတာကလဲ.. မောင့်အတွက် ကံဆိုးမိုးမှောင်ကျစေဖို့ အကြောင်းအရင်း တစ်ချက် ဖြစ်ကောင်းဖြစ်နေနိုင်သည်။

အေးမြတဲ့ နိုဝင်ဘာညချမ်းတစ်ခုမှာ ကျွန်မ မငြိမ်းချမ်းနိုင်ခဲ့ဘူး။ ရင်ထဲမှာ ပူလောင်စိတ်တွေနဲ့ ယောက်ယက်ခတ်နေပြီ။ ဖုန်းဟန်းဆဒ်ထဲကနေ ထွက်လာနေတဲ့ အောင်ပိုင်ရဲ့ စကားသံတွေက ကျွန်မအတွက်တော့ ဓါးတစ်ချက်ချင်း ရိုက်သွင်းနေသလိုပဲ။
နန်း နင့်ကောင်လေးက မင်းသားပဲဟ.. ရည်းစားတွေ အများကြီးပဲ ရှိတယ်။ ကောင်မလေးတိုင်းကလဲ သူ့ကို အရမ်းချစ်တယ်.. မောင်၊ ကိုကို နဲ့ သဲလေးတွေရော ချစ်လေးတွေရော.. အသဲတွေရော စုံနေတာပဲဟာ ငါတောင် အားကျလာပြီ .. ဟီး ဟီး။
ညရှစ်နာရီကျော်နေတာကိုတောင် ကျွန်မ ဂရုမစိုက်နိုင်ခဲ့ဘူး။ အင်တာနက်ဆိုင်ကို အပြေးအလွှားသွားခဲ့ရတယ်။ ပြီး မောင့်ရဲ့ အီးမေးလ်ဘောက်စ်ကို အောင်ပိုင်ပြောတဲ့ စကားဝှက်နဲ့ ဖွင့်ကြည့်လိုက်တယ်။ ခါတိုင်း အရမ်းလေးတဲ့ ကွန်နက်ရှင်းက ခုတော့လဲ ချက်ချင်းတက်လာလိုက်တာ။ ကျွန်မ မဟုတ်သော အခြား မိန်းကလေးအယောက် ဆယ်ဂဏန်းခန့်နဲ့ မောင် စကားပြောထားသည်ကို တွေ့လိုက်ရတယ်။ ယောင်္ကျားတွေဟာ ကိုယ်တစ်ကယ် မချစ်တဲ့ မိန်းမတစ်ယောက်ကို ချစ်တယ်ဟု ပြောထွက်ရက်ကြတယ်တဲ့လား။ ကြောက်စရာကောင်းလိုက်တာနော်။ သူနဲ့ စကားပြောခဲ့တဲ့ မိန်းကလေးတိုင်းအား ချစ်တယ်ဟု မောင် ပြောခဲ့သည်ပဲ။ ထိုသို့ဆိုလျှင် ကျွန်မကိုရော………။
ကျွန်မကိုရော မောင် တကယ်ချစ်ခဲ့ပါသလား…………………….။
——————————————————————————————————————————————————————————–
သဲကကွာ… မောင်အိပ်နေပြီကို ……
——-
မနက်မှ ပြောလဲ မရဘူးလား သဲရ။ မောင် တကယ်ပင်ပန်းနေပြီ။ ဆေးရုံမှာလဲ မောင် တစ်ချက်မှ နားရသေးတာ မဟုတ်ဘူး။
——-
ဟုတ်ပါပြီဗျာ… ကဲ မေးစေ…. မောင့်ချစ်သူလေး ဘာတွေ သိချင်တာလဲ ပြော မောင် ဖြေမယ်
——-
သြော်.. သဲကလဲ တကယ်ချစ်တာပေါ့ အရမ်းချစ်လွန်းလို့ မခွဲနိုင်တော့လို့တောင် လက်ထပ်ရအောင်လို့ မောင် ပြောခဲ့တာပေါ့
——-
မရှိပါဘူး သဲလေးရာ။ မောင့်မှာ သဲကလွဲရင် ချစ်ရမယ့်သူ ဘယ်သူမှ မရှိဘူး။ ဖေဖေ၊ မေမေ တောင် သဲ နောက်မှ ကဲ ကျေနပ်ပလား
——-
ဟောဗျာ… သဲလေးကလဲ.. မောင် ဘာလုပ်လို့လဲ သဲရ။ မောင် သဲဘေးနားမှာပဲ တစ်ချိန်လုံး ရှိနေတာပဲကို။ မဟုတ်လဲ ဆေးရုံသွားလိုက်၊ စာသင်လိုက်နဲ့ မောင် နားရလို့လား
——-
ခက်နေပါပြီ မောင့် ချစ်သူလေးကတော့ သဲ ဖုန်းခေါ်တိုင်း မောင် မကိုင်တာ ရှိဖူးးလားပြော၊ မောင့်ဖုန်း မအားဘူးလို့ သဲ ကြုံရဖူးလား ပြော သဲကကွာ မောင် ဒီလောက်ချစ်တာကို မောင့်ကို မယုံဘူး
——-
သိဘူးကွာ. မောင် ခံစားသွားပြီ ဒါပဲ၊ မောင် ဒီလောက် သဲကို ချစ်တာ ဂရုစိုက်နေတာကိုတောင် အသိအမှတ်အပြုမခံရဘူး၊ ယုံကြည်မှုမရဘူး ကြေကွဲတယ်…
——-
မောင် ဘာလိမ်လို့လဲ သဲရ
——-
မောင့်ချစ်သူလေးကို လက်ထပ်ဖို့ စိတ်ကူးရုံတင် မဟုတ်ဘူး ဆုံးဖြတ်ပြီးသား.. သဲလေး ကျောင်းမပြီးသေးလို့သာ မောင် သည်းခံနေရတာ နည်းနည်းလေးတောင် ခွဲချင်တာ မဟုတ်ဘူး
——-
ကဲပါ သဲရာ.. မောင်ချစ်သူလေး ဟိုတွေး ဒီတွေးနဲ့ ပင်ပန်းနေပါပြီ ဘာမှ တွေးမနေနဲ့ မောင် သဲကို ချစ်တယ်နော် အရမ်း…………… ချစ်တယ်၊ နားလိုက်တော့နော် မောင်လဲ အိပ်ချင်နေပြီ
——-
အင်း အင်း မောင်ချစ်သူလေး အိပ်လို့ပျော်ပါစေ… မွ .. မွ..
မောင်က အိပ်ပျော်ပါစေ ဆုတောင်းပေးခဲ့ပေမယ့် အဲ့ဒီညက တစ်ညလုံး ကျွန်မ မအိပ်ဖြစ်လိုက်ဘူး။ chat history ထဲက မောင့်စာသားတွေကို မြင်လိုက်၊ မောင့်မျက်နှာကို မြင်လိုက်နဲ့ အိပ်လို့မပျော်ခဲ့ဘူးလေ။ နေ့စွဲတွေက မောင်နဲ့ကျွန်မ ချစ်သူ မဖြစ်ခင် တစ်လအလိုလောက်ကတည်းကမို့လို့သာ ကျွန်မ ဖြေနိုင်တာ။ အင်းပေါ့လေ…။ လူဆိုတာ အတိက်တွေ ရှိကြတာပဲလေ။ သူ့သူ ကျွန်မ အရင်က ဘယ်မိန်းကလေးနဲ့ပဲ ချစ်ကြိုက်ခဲ့ဖူးဖူးပေါ့ ကျွန်မနဲ့ လက်တွဲပြီးမှ ထပ်မရှိရင် ပြီးတာပဲလို့ တွေးရမှာပဲ။ ကျွန်မမှ မောင့်ကို မချစ်ပဲ မနေနိုင်တာ၊ မခွဲနိုင်တာလေ။
—————————————————————————————————————————————————————————————-
တစ်ညလုံး ဟိုတွေး၊ ဒီတွေးနဲ့ နေခဲ့သမျှ မနက်လင်းခါနီးမှ မှေးကနဲ ပျော်သွားခဲ့သည့် ကျွန်မ နိုးလာတော့ ခြောက်နာရီ နှစ်ဆယ်၊ ကျောင်းက ရှစ်နာရီသုံးဆယ် သွားရမယ်။ ရေချိုး၊ ကိုယ်လက်သန့်စင်ပြီး လွယ်အိတ်ကို အမောတကော ပြင်ဆင်လိုက်ရသည်။ အဲဒီ့အချိန်မှာပဲ ကျွန်မဘဝထဲကို မုန်တိုင်းတစ်ခု ဝင်လာခဲ့တာ။
နန်း… နင့်လူက မမိုက်ပါဘူးဟာ၊ နင်နဲ့ ရှိနေတဲ့ နေ့တွေကလွဲရင် သီရိဆိုတဲ့ ကောင်မလေးနဲ့ အွန်လိုင်းမှာ တစ်ချိန်လုံး ပြောနေတာကွ၊ ပြီး သူတို့ စကားအသွားအလာတွေက ပုံမှန်မဟုတ်ဘူး၊ ရိုးရိုးသားသား ပါတ်သက်တာတော့ ဟုတ်ရဲ့လား မသိဘူးနော်၊ နင် လက်ထပ်ဖို့ ပြန်စဉ်းစားဦး
——-
နန်း ငါ ပြောတာ ကြားလား….
——-
ငါက နင့်အတွက် ပြောတာပါ နန်း ရယ်၊ မဟုတ်တဲ့ စကား ဘာလို့ ဖန်တီးပြောရမှာလဲ နင် မယုံရင် နင်ကိုယ်တိုင် ဖွင့်ကြည့်လိုက်၊ နင် မသိတဲ့ နစ်တစ်ခုနဲ့ ဝမ်းဘိုင်ဝမ်း ပြောထားတာ။
——-
အေး.. ငါ နင့်ဆီ မေးလ်ပို့ထားလိုက်မယ်။ နင် ဝင်သာကြည့်လိုက်။
ကျောင်းဖယ်ရီ မလာခင် အင်တာနက်ဆိုင်ကို ဝင်မှဖြစ်မည်ဟုသော အသိနှင့် ကျွန်မ အခန်းကနေ ပြေးဆင်းထွက်ခဲ့သည်။ မျက်လုံးထဲမှာ ဘာကိုမှ မမြင်နိုင်အောင် ဝေဝါးနေခဲ့ပြီ။ မောင် … ကျွန်မ အပေါ်ကို အဲလောက် မရက်စက်နိုင်ဘူး ထင်ပါရဲ့လေ။ မဖြစ်ဘူး.. ကျွန်မမှ မောင့်ကို မခွဲနိုင်တာ။ ကျွန်မစိတ်ထဲမှာ အင်တာနက်ဆိုင်ကို အမြန်ရောက်ဖို့သာ ရှိတော့သည်။ အထစ်တွေ ကျော်လွှားပြီး ဆင်းလာလိုက်တာ အောက်ဆုံး လှေကားထစ်နား အရောက်မှာ ကျွန်မ ပြုတ်ကျတော့သည်။
အိမ်က ညီမဝမ်းကွဲလေးတွေ လာထူပြီး ဆေးလိမ်းပေးကြသည်။ မျက်ရည်ကျလောက်အောင်ပင် ခြေထောက်က အလွန်အမင်း နာနေပေမယ့် ရင်ဘတ်ထဲက အပူရှိန်နှင့် ကျွန်မ အားတင်းပြီး ထွက်လာခဲ့လိုက်သည်။
———————————————————————————————————————————————————————————————
chat history ရဲ့ နောက်ဆုံးနေ့စွဲကို မြင်လိုက်ရသည်တွင်… ကျွန်မ မျက်ရည်များ ထိန်းမနိုင်သိမ်းမရ ကျလာသည်။ နိုဝင်ဘာ 22၊ တင်္နလာ။ အဲ့ဒီနေ့ညနေ ငါးနာရီအထိ မောင့်ဘေးနားမှာ ကျွန်မ ရှိနေခဲ့သည်လေ။ မခွဲချင်၊ မခွာရက်ပေမယ့် ငါးခွဲမှာ ဆေးရုံပြန်ဝင်ရမယ့် မောင့်ကို ထားရစ်ကာ ကျွန်မ ပြန်လာခဲ့ရတယ်။ သူ ပြောထားသည်က ည ရှစ်နာရီ….။ ရှစ်နာရီမထိုးခင် မိနစ်ပိုင်းကပဲ အရမ်းလွမ်းနေပါသည်ဟု ဆိုကာ မောင် ဖုန်းဆက်ခဲ့သေးတယ် မဟုတ်လား…။ သြော်…. ကျွန်မဆီ ဖုန်းဆက်ပြီးသည်နှင့် အဲ့ဒီအမျိုးသမီးလေးဆီ သူ သွားခဲ့တယ်ပေါ့။ လုပ်ရက်တယ် မောင်ရယ်။
သူတို့ဘာတွေပြောထားလဲကိုတောင်မှ ကျွန်မ စိတ်မဝင်စားနိုင်သေးဘူး၊ ဖုန်းလေးထုတ်ကာ မှတ်သားထားတဲ့ မောင်နဲ့ကျွန်မ ဆုံဖြစ်တဲ့ ရက်စွဲတွေကို ပြန်စစ်လိုက်တယ်။ နောက်.. သူ သီရိနဲ့ စကားပြောထားတဲ့ ရက်စွဲတွေကို တစ်ချက်ကြည့်လိုက်တယ်။ သိပ်ကို သေချာတာပေါ့…။ မောင့်အနားမှာ ကျွန်မ မရှိနေတဲ့အချိန်တွေမှာ …. သီရိအနားမှာ သူရောက်နေခဲ့တယ်။ သီရိနဲ့သူ ဘယ်လိုပတ်သက်တာလဲ.. ဘာတွေလဲ.. မောင် ချစ်တာ ဘယ်သူလဲ.. မေးခွန်းပေါင်းမြောက်များစွာနဲ့ ကျွန်မ ရင်ထဲမှာ မီးတောက်နေခဲ့ရတယ်လေ။
မောင့်မိန်းမလေးရေ.. အရမ်းလွမ်းတယ်ကွာ..
main ma le youk kyar ko ayan lwan nay dar
မောင့်မိန်းမလေးနဲ့ တွေ့ချင်လွန်းလို့ မောင် ဆေးရုံကနေတောင် လစ်လာခဲ့ရတာ သိလား
dar kount le main ma ka le mg ma mg tan tan swe phyit nay ya dar pop mg yal
ဒါဆို မောင့်ကို ကစ် ပေး
:kisssssssssssssssssssssss
…
..
..
..
ဘုရား ဘုရား……..။ ယောင်္ကျားတွေ မိန်းမတွေ ခေါ်တဲ့အဆင့်ကို ရောက်နေတာပါလား မောင်ရယ်။ ဒီစကားတွေနဲ့တင် မောင်နဲ့သူ ဘယ်လောက်အထိ ရင်းနှီးပါတ်သက်ခဲ့သလဲဆိုတာ ကျွန်မ နားလည်လိုက်ပါပြီ။ ကျွန်မ ဘယ်လောက် ညံ့လိုက်ပါသလဲကွယ်.. ကိုယ်နဲ့လက်ထပ်မယ့် ယောင်္ကျားတစ်ယောက်မှာ ဒီလောက်ထဲထဲဝင်ဝင် ရင်းနှီးတဲ့ မိန်းကလေးတစ်ယောက် ရှိနေတာကိုတောင် ကျွန်မ မသိခဲ့ရဘူး။ ရှေ့ရေးအတွက် စလုံးမှာ ကျောင်းသွားတက်နေပါတယ်ဆိုတဲ့ ဒီအမျိုးသမီးငယ်နဲ့ မောင်.. ရန်ကုန်မှာ ဘယ်အတိုင်းအတာထိ ကျွမ်းဝင်ခဲ့သလဲ ဆိုတာကို စာလုံးလေးတွေ ဖတ်ရင်း ဖတ်ရင်း.. ကျွန်မ သိနားလည်လာခဲ့ရသည်။
ရက်စက်လိုက်တာ မောင်ရယ်။ မောင့်မှာ လက်ထပ်ဖို့သာ ကျန်ရှိတော့တဲ့.. မောင် အချိန်တိုင်း စက္ကန့်တိုင်း သတိရ လွမ်းနေရပါတယ်ဆိုတဲ့.. မဝေးချင်တော့ဘူး မြန်မြန်ပြန်လာပါကွာလို့ တောင်းဆိုနေရတဲ့.. ဇနီးမယားတစ်ယောက်အရာထိ ချစ်ခင်ရတဲ့ ဒီ သီရိဆိုတဲ့ မိန်းကလေး ရှိနေပါရက်နဲ့ ဘာကြောင့်မို့များ.. ကျွန်မအနားကို ချည်းကပ်ခဲ့ရတာလဲ..။ ဘာအတွက်နဲ့များ ကျွန်မကို လက်ထပ်ရအောင်လို့ မောင် ဖွင့်ပြောခဲ့ပါသလဲကွယ်…။ မောင့် ရင်ထဲမှာ၊ မောင့်စိတ်ထဲမှာ အမှန်တကယ် ရှိနေတာ ကျွန်မလား……. သို့တည်းမဟုတ် သီရိလား…………………..။

မောင်.. ဘာဖြစ်လို့ သဲကို လိမ်ခဲ့တာလဲ။
မောင် ဘာလိမ်လို့လဲ သဲရ မောင် ဆေးရုံတစ်ဖက် ကျောင်းတစ်ဖက်နဲ့ အရမ်းပင်ပန်းနေတာပါကွာ.. မစားစမ်းပါနဲ့
မောင့်မှာ သီရိဆိုတဲ့ ကောင်မလေး ရှိနေတာ သဲကို ဘာလို့ မပြောပြခဲ့တာလဲ
ဟား…. ဘယ်က သီရိလဲ သဲရာ။ မောင့်မှာ သဲ အရင်က ရည်းစားတွေမှ အများကြီး သီရိတင်မကဘူး မဉ္စူ၊ စန္ဒကူး… အကုန်ရှိတယ် သိလား ဒါတွေက ပြီးခဲ့ပါပြီကွာ ခု မောင့်မှာ သဲရှိနေတာပဲလေ ဘာမှမလိုတော့ဘူး.. ဟောဒီက မောင့်ချစ်သူလေး ရှိနေမှတော့ ဘယ်ရည်းစားမှ မလိုအပ်တော့ဘူး
မောင် ကျေးဇူးပြုပြီး သဲကို ရိုးသားပေးပါ၊ ဝန်ခံပေးပါ၊ သဲ နားလည်ပါ့မယ် လိမ်တော့မလိမ်ပါနဲ့ မောင်ရယ် နော် သဲ စိတ်ထိခိုက်လွန်းလို့ပါ
မလိမ်ပါဘူးဆို သဲရာ.. ခက်လိုက်တာ ဘယ်သူကများ ပြောလိုက်တာလဲ မောင့်ချစ်သူလေးကို ပေါက်ကရတွေ ဘယ်သူ ချောက်တွန်းလိုက်လဲ ပြောစမ်း မောင် သွားရှင်းမယ်
သူများပြောတုန်းက သဲ မယုံချင်ဘူး မယုံခဲ့ဘူးမောင်ရဲ့၊ ခုက သဲကိုယ်တိုင် မြင်ခဲ့တွေ့ခဲ့လို့ သဲတုန်လှုပ်နေတာ ခြောက်ခြားနေတာ
ဟားဟား… ဖြစ်ရလေ ဒေါ်နန်းရယ်။ ပြောစမ်း ဘယ်မှာတွေ့ခဲ့တာလဲ တစ်ချိန်လုံး သူ့အနား ရှိနေတဲ့ ချစ်သူကို သံသယက လာဝင်နေသေးတယ်
မဟုတ်ဘူး… မောင် သဲနားမှာ မရှိတဲ့အချိန်တိုင်း.. သီရိအနားမှာ ရှိနေတာ၊ သီရိနဲ့ စကားပြောနေတာ သဲသိတယ် မောင် သဲကို ဗြောင်မလိမ်နဲ့
သဲ.. ဘာတွေ လာပြောနေတာလဲ မောင်မှာ အင်တာနက်သုံးဖို့ အချိန်မပြောနဲ့ ကိုယ့်အခန်းတင်တောင် ကွန်ပျူတာ မကိုင်ဖြစ်ဘူး
ဒါဆို.. မောင်တော်ဖုရား ဆိုတဲ့ အီးမေးလ်အကောင့်က ဘယ်သူသုံးတာလဲ ပြော..။ မိန်းမရေလို့ ခေါ်ပြီးပြောနေတဲ့ သီရိဆိုတာကရော.. မောင်နဲ့ ဘယ်လိုပါတ်သက်တာလဲ ပြော
သဲ……….။ သဲကို ဒါတွေ ဘယ်သူပြောလိုက်တာလဲ…..။
ဘယ်သူမှ ပြောပြစရာ မလိုဘူး၊ သဲ ကိုယ်တိုင် မြင်လာရတာ၊ မောင် ဘာငြင်းချင်သေးလို့လဲ။ အဲ့အကောင့်တစ်ခုလုံး သဲ အကုန်ပြောင်းပစ်လိုက်ပြီ မောင် ဝင်လို့မရတော့ဘူး။
သဲ.. မင်း ဘာတွေ လျှောက်လုပ်ခဲ့တာလဲ..။ သီရိကိုရော ဘာတွေ ပြောခဲ့သေးလဲ
အဟက် မစိုးရီမ်ပါနဲ့ မောင်ရယ် မောင့်ဇနီး မောင့်မယားလေးကို သဲ ဘာတစ်ခွန်းမှ ထိခိုက်မပြောဆိုခဲ့ပါဘူး စိတ်ချပါ နန်းတို့က အဲလောက် အကျင့်မတန်သေးဘူး သိလား။
အာ ကွာ…….။ မင်း ဘယ်လိုလုပ်ပြီး ဒီအကောင့်ကို ရလိုက်တာလဲ ပြောစမ်း.. သီရိတောင်မှ မသိဘူး။
မောင်က မောင့်ချစ်သူက အိုင်တီသမားဆိုတာ မေ့နေတာလား…
ကျွတ်…
ကောင်းပြီ မောင်.. သဲရဲ့ စာတွေ ဓါတ်ပုံတွေ အသင့်ပြင်ပေးထားပါ။ သဲ အကုန်ပြန်လိုချင်တယ်။
ဘာလို့ ပေးရမှာလဲ။ အဲလိုပြန်ပေးတယ်ဆိုတာ ပြတ်တဲ့စဲတဲ့သူတွေမှ ပေးတာ သဲနဲ့မောင်နဲ့ ဘာဖြစ်နေလို့လဲ။
သြော်.. .ဘာဖြစ်နေလို့လဲ မေးတတ်တယ်နော်။ မေးရဲတယ်နော်…။ ရှင့်မှာ သီရိဆိုတဲ့ မိန်းမရှိနေမှတော့ ကျွန်မက ဘာကိစ္စ ရှင့်နားမှာ ဆက်နေနေရမှာလဲ။ သဲ မေမေ့ကိုလဲ ပြောပြီးသွားပြီ လက်ထပ်ဖို့ ဖျတ်သိမ်းလိုက်ပြီလို့။
ဘာ… ဘာကွ သဲ မင်း ဘာတွေလျှောက်လုပ်နေတာလဲ ဟမ်..။ ဘာလို့ဖျတ်သိမ်းရမှာလဲကွ
မောင် သီရိကို လက်ထပ်ဖို့ ကတိပေးထားတယ်လေ။ မောင်နဲ့ သီရိ ကျွံလွန်ထားတယ်လေ။ လက်မထပ်လို့ ဖြစ်မလား။ အဲဒါကို ကျွန်မနဲ့ပဲ လက်ထပ်ချင်သေးတယ်ဆိုတော့ ရှင်မလွန်ဘူးလား
ရှင်တွေ ကျွန်မတွေနဲ့ မောင့်ကို မပြောဖို့ မှာထားတယ်နော်
ဒါဆို မောင် ဆုံးဖြတ်လေ.. မောင် သီရိကို ရွေးချယ်မယ်ဆို သဲကို မောင် လက်လွှတ်ရမှာပဲ။ သဲကိုမှ ရွေးချယ်မယ်ဆို သီရိ မောင်နဲ့ ပါတ်သက်နေမှာကို သဲ မလိုလားဘူး

No comments:
Post a Comment