• Saturday, July 16th, 2011
ကျွန်မရဲ့ ပထမဆုံး ရည်းစားဦးက ကျွန်မထက် အသက်အားဖြင့် ကိုးလငယ်ပြီး အတန်းတစ်တန်း နောက်ကျတယ်။ ရှမ်းဗမာတစ်ဦး ဖြစ်ပြီး အသားဖြူဖြူနဲ့ အရပ်ရှည်တယ်။ ကလေးမျက်နှာကို ပိုင်ဆိုင်ထားပြီး လူချစ်လူခင် ပေါများတယ်။ ဂစ်တာကို ကျွမ်းကျွမ်းကျင်ကျင် တီးတတ်ပြီး လေးဖြူသီချင်းတွေကို နှစ်သက်စွာ သီဆိုတတ်တယ်။ အလိုလိုက်ခံရသော တစ်ဦးတည်းသော သားပီပီ ဘာတစ်ခုကိုမှ အလေးအနက် မရှိတတ်ဘူး။
ကလေးအတွဲဆိုတော့ ဘာမှ အမှတ်တရ မရှိခဲ့ဖူးဘူး။ ဓါတ်ပုံတစ်ခါ တွဲရိုက်ခဲ့ဖူးပေမယ့် သူ့အမေက ထာဝရသိမ်းထားလိုက်တယ်။ သူ့ထက် အစစအရာရာမှာ သာလွန်ထူးချွန်တဲ့ ကျွန်မက သူ့သားကို အတည်ချစ်တာ မဟုတ်ဘူးလို့ သူမက ထင်မြင်ခဲ့ဖူးတယ်။ ချိန်းတွေ့တာမျိုး မရှိသလောက် ရှားပါးပြီး စာပေးစာယူရည်းစားဘဝနဲ့ သူနဲ့ကျွန်မ ချစ်သူသက်တမ်း လေးနှစ်နီးပါး ရှိခဲ့တယ်။ “မ” လို့ ကျွန်မကို ခေါ်ဝေါ်ပြီး သူ့ကိုသူ “ညီ” လို့ ပြောတတ်တဲ့ သူက နောက်ဆုံးမှာတော့ ကျွန်မကို ချန်ထားခဲ့တယ်။
သူ ပေးခဲ့တဲ့ အကြောင်းပြချက်က သိပ်ကို ထက်မြက်လွန်းတဲ့ “မ” လက်ကို ကျွန်တော် တွဲမထားရဲရက်တော့ဘူး၊ ကျွန်တော့်ထက်သာတဲ့သူတွေ အလယ်မှာ “မ”ကို ကျွန်တော့်ဘဝထဲ ဆွဲမခေါ်ရက်ပါဘူး တဲ့။
သိပ်ကို နားထောင်လို့ ကောင်းပြီး လှပရိုးစင်းလွန်းတဲ့ ဆင်ခြေလေးတစ်ခုပေါ့။ ဒီလိုနဲ့ပဲ ကျွန်မရဲ့ ပထမအချစ်က အသည်းကွဲခြင်းနဲ့ အဆုံးသပ်ခဲ့ရတယ်။
“ညီ”ထားခဲ့ပြီးလို့ တစ်နှစ်ကျော်၊ အတိအကျ ပြောရရင် တစ်နှစ်၊ ငါးလနဲ့ ဆယ့်ရှစ်ရက်အကြာမှာ “ကိုကို” လို့ ကျွန်မက ခေါ်ပြီး “မေလေး” လို့ ကျွန်ကို နူးနူးညံ့ညံ့ ခေါ်တတ်တဲ့ တစ်ယောက်နဲ့ ဒုတိယအကြိမ် ချစ်သူဖြစ်ခဲ့တယ်။ နွေးထွေးမှု ကင်းမဲ့တဲ့ မိသားစုတစ်စုရဲ့ အငယ်ဆုံးသား သူလည်းပဲ အရပ်ရှည်တယ်၊ အသားဖြူတယ်၊ အတော်ကြည့်လို့ကောင်းတဲ့ ရုပ်ရည်နဲ့ အညိုရောင် မျက်လုံးတွေကို ပိုင်ဆိုင်ထားတယ်။
လူမြင်တင့်တယ်တဲ့ တူညီဝတ်စုံကို ဝတ်ဆင်ထားတဲ့ သူဟာ လွတ်လွတ်လပ်လပ် ပျော်ပျော်ရွှင်ရွှင် နေတတ်တဲ့ ကျွန်မနဲ့ မသင့်တော်ဘူးလို့ သူ့မိသားစုက ထင်မြင်ကြသလို လူလတ်တန်းစား ကြွယ်ဝမှုထက် အနည်းငယ် ပိုလွန်တဲ့ ကျွန်မ မိသားစုကလဲ သတ်မှတ်လစာ တစ်ခုတည်းနဲ့ ရပ်တည်ရတဲ့ သူနဲ့ မဖြစ်နိုင်ဘူးလို့ ယူဆခဲ့ကြတယ်။အတားအဆီးတွေ အခက်အခဲတွေကြားထဲကနေပဲ သူနဲ့ကျွန်မ ချစ်သူ သက်တမ်း လေးနှစ်နီးပါးတိုင်အောင် ချစ်ခဲ့ကြတယ်။ နှစ်ဖက် အသိုင်းအဝိုင်းတွေ၊ ပါတ်ဝန်းကျင်တွေနဲ့ သူငယ်ချင်း အပေါင်းအသင်းအားလုံး အသိပေးတွဲခဲ့ကြတယ်။ တစ်ဘဝစာ လက်တွဲဖို့အထိ ဆုံးဖြတ်ပြီး အမှတ်တရပေါင်းများစွာ ဖန်တီးခဲ့ကြတယ်။ ဒါပေမယ့် သူလည်းပဲ ကျွန်မကို ချန်ထားခဲ့တယ်။
သူ ပေးခဲ့တဲ့ အကြောင်းပြချက်က ဒုက္ခဆင်းရဲတွေနဲ့ မတွေ့စေချင်လို့ ကျွန်မ ပျော်ရွှင်မှုတွေကို အဆုံးသပ်မသွားစေချင်လို့ပါတဲ့။
ဒါလည်းပဲ ယုတ္တိယုတ္တာတန်မှု နည်းပေမယ့် လက်ခံလို့ ဖြစ်တဲ့ လှပသေသပ်တဲ့ ဆင်ခြေလေးတစ်ခုပါပဲ။ ဒီလိုနဲ့ပဲ ကျွန်မရဲ့ နှစ်ကိုယ်တူ အိပ်မက်လေးက ယုံကြည်မှု ပြိုကွဲခြင်းနဲ့အတူ ပျက်ဆီးယိုယွင်းသွားခဲ့ရပြန်တယ်။
“ကိုကို” နဲ့ လွဲခဲ့ပြီးလို့ တစ်နှစ်နဲ့ သုံးရက်အကြာမှာ “ဇကွဲ” လို့ ကျွန်မက ခေါ်ဝေါ်ပြီး ကျွန်ကို “ချစ်” လို့ ခေါ်တတ်တဲ့ တစ်ယောက်နဲ့ တတိယအကြိမ်မြောက် ချစ်သူဖြစ်ခဲ့တယ်။ ဓါတ်ပုံသုံးပုံမှ အပ သူ့မျက်နှာကို ကျွန်မ မမြင်ခဲ့ဖူးဘူး။ ရှမ်းလူမျိုးဖြစ်တဲ့ သူဟာ ဓါတ်ပုံတွေအရတော့ အသားဖြူပြီး အရပ်ရှည်တယ်။ သူလည်းပဲ ဂစ်တာတီးကျွမ်းကျင်ပြီး သီချင်းဆိုကောင်းတယ်ဆိုတာကို ဖုန်းထဲကနေတဆင့် ကျွန်မ သိရတယ်။ မိသားစုရဲ့ အငယ်ဆုံးသားပီပီ ဂရုစိုက်ခံချင်တဲ့သူလည်း ဖြစ်တယ်။
မတူညီတဲ့နိုင်ငံ၊ ကွဲပြားတဲ့ နယ်ပယ်အသိုင်းအဝိုင်းနဲ့ ခြားနားတဲ့ ထင်မြင်ယူဆချက်တွေရှိနေပေမယ့် ကွန်ပျူတာ ဖန်သားပြင်ကနေ တဆင့် ဖုန်းထဲကနေ တဆင့် နေ့နေ့ညည မောင်နဲ့ကျွန်မ သိပ်ချစ်ခဲ့ကြတယ်။ ဒါပေမယ့် သူဟာ ကျွန်မ ချစ်သူတွေထဲက ချစ်သူသက်တမ်းအတိုဆုံး သူတစ်ယောက်ပဲ ဖြစ်တယ်။ သူရှိတဲ့ အရပ်ဒေသဆီကို လိုက်သွားနိုင်ဖို့ ကျွန်မဖက်က တိတ်တဆိက် ငွေစစုတဲ့အချိန်မှာပဲ သူ ကျွန်မကို ချန်ထားရစ်ပြန်တယ်။ ရုတ်တရက်ချလိုက်တဲ့ သူ့ရဲ့ တစ်ဖက်သက်ဆုံးဖြတ်ချက်တွေကြောင့် ဘာတစ်ခုမှ တိတိပပ မသိပဲ ကျွန်မရဲ့ တတိယအချစ်က အသည်းကွဲခြင်းနဲ့ အဆုံးသပ်ရပြန်တယ်။
နောက်ပိုင်း ပြန်တွေ့လို့ အကြောင်းရင်းကို မေးကြည့်တော့ “ရှေ့ဆက်ဖို့က ဘယ်လိုမှမှ မဖြစ်နိုင်တာလေ ချစ်လဲ သိနေတာပဲ” တဲ့။
ဒါဟာ အရမ်းရိုးစင်းတဲ့ အဖြေဖြစ်သလို တိကျမှန်ကန်ပြီး ယုတ္တိတန်တဲ့ အဖြေတစ်ခုလဲ ဖြစ်တယ်ဆိုတော့ ကျွန်မ ဘာကြောင့် လက်မခံရမှာလဲ။ ဒီလိုနဲ့ပဲ ကျွန်မရဲ့ ချစ်စိတ်ကူးယဉ်တွေ လွင့်စင်ပေါက်ကွဲခဲ့ရပြန်တယ်။
အကြိမ်ကြိမ် အဖန်ဖန် ကွဲခဲ့ဖူးတာတောင် ကျွန်မ အသည်းက မရင့်ကျက်နိုင်ဘူး။ “ဇကွဲ” ချန်ထားခဲ့လို့ ငါးလအကြာမှာ ကျွန်မ ချစ်သူ တစ်ယောက် ထပ်ရပြန်တယ်။ “သဲ” လို့ ကျွန်မကို ခေါ်ပြီး သူ့ကိုယ်သူ “မောင်” လို့ သုံးနှုန်းတတ်တဲ့ အဲ့ဒီချစ်သူက ပထမချစ်သူလိုမျိုးပဲ ကျွန်မထက် ကိုးလနီးပါး အသက်ငယ်ပြီး တစ်တန်းနောက်ကျတယ်၊ ဒုတိယချစ်သူလိုမျိုး တူညီဝတ်စုံ ဝတ်တဲ့ ဝန်ထမ်းတစ်ယောက် ဖြစ်တယ်၊ တတိယချစ်သူလိုမျိုး သီချင်းဆိုကောင်းတယ်၊ ဒါပေမယ့် အားလုံးနဲ့ ကွဲလွဲတဲ့ အချက်က “မောင်” က အရပ်မရှည်ဘူး၊ အသားမဖြူဘူး။တိုက်ဆိုက်တဲ့အချက်က ကျွန်မရဲ့ ချစ်သူအားလုံး တစ်ဦးတည်းသော နဲ့ အငယ်ဆုံးသား တွေချည်းပဲ ဖြစ်နေခဲ့တယ်။
ခုဆို မောင်နဲ့ကျွန်မ ချစ်သူတွေ ဖြစ်လာခဲ့တာ ကိုးလကျော်သွားခဲ့ပြီ။ သူလည်းပဲ ဘယ်အချိန်မှာ ဘယ်လိုအကြောင်းပြချက်မျိုးနဲ့ ကျွန်မကို ထားသွားလေမလဲ ကျွန်မ တွေးမိတယ်။ ရှေးဘဝက ဝဋ်ကြွေးတစ်မျိုးကြောင့် ကျွန်မ အသည်းကွဲကျန်ရစ်ရတယ် ဆိုရင်လဲ ကျွန်မရဲ့ ဝဋ်ကြွေးက ဘယ်နှစ်ယောက်ဆီမှာ တင်နေခဲ့သလဲ သိချင်တယ်။
ဘယ်လိုပဲဖြစ်ဖြစ်ပေါ့လေ ကျွန်မ အသေအချာ ပြောနိုင်တာ တစ်ခုတော့ ရှိတယ်။ အဲဒါက ကျွန်မ ချစ်သူလေးယောက်လုံးကို အလေးအနက်ထားပြီး ကျွန်မ ချစ်ခဲ့တယ်၊ ပြိုင် မထားခဲ့ဘူး၊ ဘယ်သူ့အပေါ်မှာ သစ္စာမမဲ့ခဲ့ဘူး၊ နောက်ဆုံးအချိန်ထိ ကျွန်မ ချစ်ခဲ့တယ် ဆိုတာပဲ။
( ဘာရယ်မဟုတ်ပါဘူး တစ်ယောက်မေး တစ်ယောက်ဖြေဆို အချိန်ကြာလို့ ပို့စ်ရေးပြီး တင်ပလိုက်တာ။
အမှန်တကယ် အဖြစ်အပျက်များ ဖြစ်ပြီး စုံစမ်းမေးမြန်းနိုင်ကြောင်း
Category: ချစ်သူအတွက်, အမှတ်တရ | 3 Comments
• Monday, July 11th, 2011
အဲ့ဒီညကပေါ့ …………။
မိုးစက်လေးတွေ ဖြည်းဖြည်းချင်းကျနေခဲ့တဲ့ အေးစက်စက်ညတစ်ခုလေ အိပ်မက်ဆိုးတစ်ခုနဲ့အတူ ကျွန်မရဲ့ အိပ်စက်ခြင်းတွေကို ခိုးယူသွားခဲ့တာ။
မောင်…. ကျွန်မ ရှေ့မှာ သူ ရပ်နေခဲ့တယ်။ စကားအချို့ကို စိတ်ဆိုးမာန်ဆိုးနဲ့ အော်ဟစ်ပြောဆိုနေလိုက်တာ ခေါင်းတွေရော လက်တွေရော အသုံးပြုပြီးပေါ့။ သူ ဘာအတွက် ဘာကြောင့် စိတ်ဆိုးပြီး ဘာတွေကို ပြောနေရသလဲဆိုတာ ကျွန်မ တွေးလို့မရနိုင်ဘူး။ သူ အော်ပြီးပြောနေပေမယ့်လည်း ဘာစကားတွေလဲဆိုတာ ကျွန်မ မကြားရဘူး။ ဘာကြောင့်များပါလိမ့်။ ကျွန်မ သူ့ ရှေ့နားတိုးပြီး ထပ်ပြီးအာရုံစိုက်နားထောင်ကြည့်တယ်။ မကြားရဘူး။ ထူးဆန်းလိုက်တာ ဒီလောက် နီးကပ်နေပါရက် နဲ့ အော်ဟစ်ပြောဆိုနေပါရက်နဲ့ သူ့စကားသံကို ကျွန်မ ဘာလို့မကြားရတာလဲ။မောင်.. ဘာဖြစ်နေတာလဲ
သူ့ရှေ့နားထပ်တိုးပြီး သူ့လက်အစုံကို ဆွဲကိုင်ကာ ကျွန်မ မောင့်ကို မေးခွန်းထုတ်လိုက်သည်။ နှုတ်ခမ်းလှုပ်ရုံလောက်သာ လေသံနဲ့ ဖြစ်ပေမယ့် မောင်ရော ကျွန်မပါ သေချာကြားနိုင်သည့် အသံပမာဏကို ကျွန်မ ပြောလိုက်ခြင်းဖြစ်သည်။ သို့သော် မယုံနိုင်စရာပင် ကျွန်မ ကိုယ့်အသံကို ကိုယ်ပြန်မကြားရ၍ အံသြနေစဉ်မှာပဲ မောင့်လက်ကို ကိုင်ဆွဲထားသည့် ကျွန်မ၏ လက်အစုံအား ရုတ်ချည်း ကြမ်းတမ်းစွာပင် ပုတ်ချခံလိုက်ရသည့်အခါ ကျွန်မ ဆွံ့အသွားခဲ့ရသည်။ ထင်မှတ်မထားသည့် မောင့်ရဲ့ အပြုအမှုအတွက် စိတ်ထိခိုက် ဝမ်းနည်းသွားရသည်မှာ မျက်ရည်များ ဝေသီလာသည့်အထိပင် ဖြစ်သည်။
ကျွန်မမှာ ဘာအပြစ်ရှိလို့လဲ… ကျွန်မ ဘာမှားလို့လဲ မောင်ရယ်… ဘာကြောင့်များ ဒီလောက်အထိ မောင် ဒေါမာန်တွေ ကြီးနေရတာလဲ…..
ကျွန်မ အမေးစကားတွေ ဆက်တိုက်မေးပြီး အော်ဟစ်ငိုယိုမိသည်။ ကျွန်မအပေါ်မှာ အမြဲလိုလို ကြင်နာယုယတတ်တဲ့ မောင့်ဆီမှာ ဒီလိုမျိုး ကြမ်းတမ်းတဲ့ ဆက်ဆံမှုမျိုးတွေ ရှိနေတာကို မယုံရဲမယုံဝံ့စွာနဲ့ ကျွန်မတစ်ကိုယ်လုံး အားငယ်ဝမ်းနည်းမှုတွေနဲ့ ဖုံးလွှမ်းနေရသည်။ ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်နေတဲ့အထိ ငိုကြွေးနေတဲ့ ကျွန်မကို ကြည့်ရင်း မောင် အော်ဟစ်ပြောဆိုနေတာကို ရပ်လိုက်သည်။ နားမလည်စွာ မော့ငေးနေသည့် ကျွန်မကို စူးစိုက်စွာ ကြည့်နေသည့် မောင့် မျက်ဝန်းများမှာ မောင်ဟုပင် မထင်မှတ်နိုင်လောက်အောင် ရဲရင့်စိမ်းကားနေသည်။
ဒါဟာ… တစ်ခုခုကို စိတ်နာနေသည့် မျက်လုံးတွေလား………။ ဒါမှမဟုတ် ဆုံးဖြတ်ချက်တစ်ခုခုကို သေချာပိုင်နိုင်စွာ ချမှတ်ပြီးသည့် မျက်လုံးတွေလား…….။ သံယောဇဉ်တစ်ပြားသားမှ မရှိတဲ့ သူစိမ်းလူတစ်ယောက်ကို ကြည့်သည့် မျက်လုံးတွေလား….။ မေးခွန်းတွေနဲ့ ဝေခွဲမရနိုင်ဖြစ်နေတဲ့ ကျွန်မကို ကျောခိုင်းပြီး ရုတ်တရက် မောင် လှည့်ထွက်သွားသောအခါမှသာ ကျွန်မ သတိပြန်ဝင်လာခဲ့သည်။
မောင်…. ဘယ်ကိုသွားမှာလဲ… ကျွန်မကို မထားခဲ့ပါနဲ့
ဟင့်အင်း….။ ကျွန်မပါးစပ်ကနေ ဘာအသံမှ ထွက်မလာဘူး။ ကျွန်မ လည်ပင်းတွေကို ကျွန်မ အယောင်ယောင်အမှားမှားနှင့် ပြန်စမ်းမိသည်။
မောင်ရေ……….
မောင် ……….
ကျွန်မ ဘာအသံကိုမှ မကြားရဘူး။ မောင်ထွက်သွားလိုက်တာ ကျွန်မနဲ့ တော်တော်လှမ်းနေပြီ။ ပြေးလိုက်သွားမည် ကြံသောအခါတွင်လည်း ကျွန်မရဲ့ ခြေအစုံတို့မှာ ကြိုးအထပ်ထပ်ချည်ထားသည့်အလား တုပ်နှောင်နေသည်။ ဘာတွေဖြစ်နေတာလဲ။ မောင် ကျွန်မကို ထားခဲ့လို့ မဖြစ်ဘူးလေ။ မောင် မရှိပဲ ကျွန်မ အသက်ရှင်ဖို့ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲလေ။ မောင်ရေ… ပြန်လာပေးပါ။
ေ မာ င် ……….
မောင့်နောက်ကျောကိုမျှ မမြင်ရတော့သောအခါ နာကျင်မှုများနှင့် ကျွန်မ အားရှိသမျှ ကြုံးအော်လိုက်သည်။ မောင်… ဟုသော အသံအစား.. အဲ့.. အဲ့… ဟုသော အသံကိုသာ ကျွန်မ ကြားလိုက်ရသည်။ ဟင် ကျွန်မ အသံတွေ ဘာဖြစ်သွားတာလဲ။ မောင်… ကျွန်မ ထပ်ခေါ်ကြည့်သည်။ အဲ့.. အဲ့…. ။ အို.. ကျွန်မ အသံ……။ ကြောက်ရွံ့မှု၊ ထူးဆန်းမှု၊ သိမ်ငယ်မှုတို့ကို ရောပြွန်းခံစားနေစဉ်မှာပဲ ကျွန်မ တစ်ကိုယ်လုံး မိုးရေတို့နှင့် ရွှဲစိုသွားရတော့သည်။ မိုး….။ မိုးတွေရွာနေတယ်။ ကျွန်မ မျက်ရည်တို့ မိုးနဲ့ ရောပါစေတော့လေ….. အတွေးနဲ့ ကျွန်မ မျက်နှာကို မော့လိုက်တယ်။ အံသြစရာ…… မိုးက တစ်စက်တစ်ပေါက်လေးတောင် ကျမလာဘူးလေ။ နားမလည်နိုင်သော ဖြစ်ရပ်ဆန်းတို့ကြောင့် ကျွန်မ ဝမ်းပမ်းတနည်း ရှိုက်ငိုပစ်လိုက်သည်။ အဲ့… အဲ့….။ ကျွန်မဆီက ကလေးတစ်ယောက်ရဲ့ ငိုသံပဲ ထွက်လာခဲ့တယ်။
ကလေး…….။ မိုးမရွာပဲ မိုးရေစို……။ ဟာ… သွားပြီဆိုတဲ့ အတွေးနဲ့ ကျွန်မ ငုပ်တုပ်ထထိုင်မိသည်။ ရောက်နေတဲ့ ပါတ်ဝန်းကျင်ကို မြင်လိုက်ရင်ပဲ သေလိုက်ပါတော့ မယ်နုရယ် ဟု ကိုယ့်ကိုကိုယ် ကောင်းချီးထောပနာပြုပြီး နဖူးကိုသာ ပစ်ရိုက်မိတော့သည်။ ဒေါ်နန်းသီရိမောင် တစ်ယောက်က သူကိုယ်တိုင်ရော သူ့အမေ ကျွန်မကိုပါ သေးဖြင့်ပန်းပြီး ထိုသေးစိုအဝတ်တို့အထဲတွင် တ အဲ့ အဲ့ ဖြင့် ငိုကြွေးနေသည်လေ။
မောင်ရေ…. မောင့်သမီး ဒီမှာ …….
ကိုယ့်ခေါင်းကို ကိုယ်စုံကုတ်ပြီး မောင့်ကို အော်ပြောလိုက်သည့် ကျွန်မရဲ့ ခေါ်သံတို့ တစ်ဝက်တစ်ပျက်နှင့်ပင် ရပ်တန့်သွားရသည်။ မောင်မှ မရှိတာ…….။ ကျွန်မတို့ သားအမိကို ထားရစ်ခဲ့ပြီး လေးလသင်တန်းတက်ဖို့ရန် ထွက်ခွာသွားရသည်လေ။ ထွက်သွားသည့်နေ့ကနေ ရေတွက်လျှင် (၇၇) ရက် ရှိသွားပြီ ဖြစ်သော်လည်း မောင်မရှိပဲ အိပ်စက်ရသည့် ကျွန်မရဲ့ ညရေးညတာတွေ မနေတတ်၊ မထိုင်တတ်နှင့် အကျည်းတန် အသားမကျနိုင်သေးပေ။ ခင်ပွန်းသည်အား သတိရလွမ်းဆွတ်သည့် စိတ်ကို အသာထားကာ သမီးငယ်အား အဝတ်လဲလှယ်ဝတ်ဆင်ပေးလိုက်သည်။ ခန္ဓာကိုယ်အောက်ပိုင်းတစ်ခုလုံး သမီး၏ ရှုးရှုးတို့ဖြင့် ရွှဲနစ်နေသည်ကို သန့်စင်၊ အိပ်ယာခင်းတို့ အသစ်လဲလှယ်၊ ပြီးသည်နှင့် သမီးသီရိ ပြန်လည်အိပ်ပျော်စေရန် ချော့သိပ်လိုက်သည်။ အခါတိုင်း သိပ်နေကျ မောင် မဟုတ်၍လားမသိ သမီးက လွယ်လွယ်နှင့် မအိပ်။ ချစ်သော မောင်ရေ… သမီးသီရိရော ကျွန်မ နန်းနုပါ မောင့်ကို လိုအပ်နေတယ်…..။ သမီးသာ အိပ်ပျော်သွားသည်၊ ထိုစိတ်နှင့်ပင် ကျွန်မ ပြန်လည်အိပ်မပျော်ခဲ့။ မောင်သာ ရှိနေခဲ့ရင် မောင့်လက်မောင်းပေါ် ခေါင်းအုံးရင်း မောင့်သီချင်းသံတိုးတိုးဖြင့် ခဏချင်း အိပ်ပျော်သွားမည် ဖြစ်သည်။ ယခုတော့ ….. ။
အဲ့ဒီညကပေါ့ …………။ မိုးစက်လေးတွေ ဖြည်းဖြည်းချင်းကျနေခဲ့တဲ့ အေးစက်စက်ညတစ်ခုလေ အိပ်မက်ဆိုးတစ်ခုနဲ့အတူ ကျွန်မရဲ့ အိပ်စက်ခြင်းတွေကို ခိုးယူသွားခဲ့တာ။
Category: မောင် | Leave a Comment
• Monday, July 04th, 2011
၁၉၈၈ အဖြစ်သနစ်ပေါင်းများစွာနဲ့ မမေ့နိုင်တဲ့ နှစ်
အဲ့ဒီနှစ်ရဲ့ ကရကဋ်ရာသီခွင် စတဲ့နေ့ကနေ ဆယ့်သုံးရက်မြောက်တဲ့နေ့မှာမှ
ငါ့နှလုံးအိမ်ရဲ့ အရှင်သခင်မက
ဒေါသတကြီး ကြုံးဝါးသံတွေ ရေရွတ်ပြီး
ငါ့ဘဝထဲကို ဝင်ရောက်လာခဲ့တာ။
အညာဒေသရဲ့ မိုးမကျတဲ့ မိုးရာသီထဲက
မွန်းလွဲနေပူကျဲကျဲ ကောင်းကင်မှာ
ဘီလူးနက္ခတ်နဲ့ တွဲယှဉ်ခဲ့တဲ့
အဲ့ဒီ အဓိပတိဖွား အင်္ဂါသူမလေးက…
လူပုံစံ နုနယ်သလောက် ခေါင်းမာတယ်
သွေးအေးအေးနဲ့ အကြံအစည်တွေကို အကွက်ချတတ်တယ်။
နူးညံတဲ့ အသည်းနှလုံးအစုံနဲ့
မျက်ရည်လွယ်ပြီး ကြင်နာသနားတတ်တယ်။
ခံစားချက် မပေါ်လွင်တဲ့ မျက်နှာတစ်ခုကို တပ်ဆင်ပြီး
အေးစက်စက် အပြုံးနဲ့ ဥပက္ခာပြုတတ်တယ်။
အဲဒီ မင်းသမီးလေးပေါ့
ရည်မှန်းချက်တစ်ခုနဲ့၊ ပန်းတိုင်တစ်ခုနဲ့ မျှော်လင့်ချက်တစ်ခုနဲ့၊ အိပ်မက်တစ်ခုနဲ့
မနိုင်ရင်ကာ ခံယူချက်တွေ လွယ်ပြီး
မဆုတ်မနစ် လျှောက်တတ်တဲ့ ခြေလှမ်းတွေရဲ့ အထက်မှာ
ငါ့အတွက် ပီဘိကလေးငယ်လေးက ဒီကနေ့ဆို (၂၃) နှစ် ပြည့်မြောက်ခဲ့ပြီလေ။
တို့မိသားစုကမ္ဘာလေးအတွက် လာခြင်းကောင်းတဲ့ နတ်မိမယ်ရေ
လောကကြီးက အကောင်း၊ အဆိုး အမြဲဒွန်တွဲနေလို့
မင်းရဲ့ခြေလှမ်းတစ်ချို့က
တစ်ခါတစ်ရံမှာ နာကျင်နိုင်တယ် တစ်ခါတစ်ရံမှာ မာန်ပါနိုင်တယ်
တစ်ခါတစ်ရံမှာ ပျော်ရွှင်နိုင်တယ် တစ်ခါတစ်ရံမှာ မောပမ်းနိုင်တယ်။
စိတ်ညစ်စရာနဲ့ ဝမ်းနည်းစရာတွေ ကြုံလာခဲ့ရင်
မင်း သိမှတ်ထားရမှာက …
ဒါတွေက ဘာမှမဟုတ်ပါဘူး ကလေးရယ်
ပါရှားဘုရင်တစ်ပါးရဲ့ လက်စွပ်ထဲက စာတန်းတစ်ခုလို
“This too will pass” ဒါလည်းပဲ ပြီးသွားမှာပါ။
ဝမ်းသာစရာတွေနဲ့ ပျော်မြူးစရာ ကြုံလာခဲ့ရင်
မင်း သိမှတ်ထားရမှာက …
အမြဲကြိုးစားနေတဲ့သူတွေအတွက် အခွင့်အရေးချန်ထားပေးတတ်တဲ့
လောကကြီးနဲ့ ဘုရားရှင်ရဲ့ ဆုလာဘ်မို့
တန်ဖိုးထား ဂုဏ်ယူတတ်ရမယ်။
ဘာတွေပဲဖြစ်ဖြစ်ပေါ့လေ …
မင်းမှာ မိသားစုတစ်ခု ရှိတယ်၊ ချစ်သူရှိတယ်၊
သူငယ်ချင်းတွေ ရှိတယ်၊ မိတ်ဆွေတွေ ရှိတယ်
ပန်းတိုင်တစ်ခုရှိတယ်၊ ခိုင်မာတဲ့ ယုံကြည်ချက်ရှိတယ်၊
ခွန်အားတွေရှိတယ်၊ ခြေလှမ်းတွေ ရှိတယ်၊
ပြီးတော့ …
ငါ့ရဲ့ စိတ်ဝိဉာဉ်နေ ပေါက်ဖွားလာတဲ့ ဟောဒီကဗျာရှိတယ်။
ကဲ ချစ်သော ကရကဋ်မင်းသမီးလေးရေ…
ဆက်လျှောက်မယ့် လမ်းတွေ လမ်းတွေမှာ
မင်းအတွက် ငါ့ရဲ့ သန့်စင်တဲ့ ချစ်ခြင်းမေတ္တာတွေကနေ
နွေးထွေးမှုနဲ့ အားခွန်ကို ရရှိပိုင်ဆိုင်ပြီး ပျော်ရွှင်စွာနဲ့ တစ်သက်ခရီးဆက်နိုင်စေ။
8:59 AM 4th. July. 2011
အဲ့ဒီနှစ်ရဲ့ ကရကဋ်ရာသီခွင် စတဲ့နေ့ကနေ ဆယ့်သုံးရက်မြောက်တဲ့နေ့မှာမှ
ငါ့နှလုံးအိမ်ရဲ့ အရှင်သခင်မက
ဒေါသတကြီး ကြုံးဝါးသံတွေ ရေရွတ်ပြီး
ငါ့ဘဝထဲကို ဝင်ရောက်လာခဲ့တာ။
အညာဒေသရဲ့ မိုးမကျတဲ့ မိုးရာသီထဲက
မွန်းလွဲနေပူကျဲကျဲ ကောင်းကင်မှာ
ဘီလူးနက္ခတ်နဲ့ တွဲယှဉ်ခဲ့တဲ့
အဲ့ဒီ အဓိပတိဖွား အင်္ဂါသူမလေးက…
လူပုံစံ နုနယ်သလောက် ခေါင်းမာတယ်
သွေးအေးအေးနဲ့ အကြံအစည်တွေကို အကွက်ချတတ်တယ်။
နူးညံတဲ့ အသည်းနှလုံးအစုံနဲ့
မျက်ရည်လွယ်ပြီး ကြင်နာသနားတတ်တယ်။
ခံစားချက် မပေါ်လွင်တဲ့ မျက်နှာတစ်ခုကို တပ်ဆင်ပြီး
အေးစက်စက် အပြုံးနဲ့ ဥပက္ခာပြုတတ်တယ်။
အဲဒီ မင်းသမီးလေးပေါ့
ရည်မှန်းချက်တစ်ခုနဲ့၊ ပန်းတိုင်တစ်ခုနဲ့ မျှော်လင့်ချက်တစ်ခုနဲ့၊ အိပ်မက်တစ်ခုနဲ့
မနိုင်ရင်ကာ ခံယူချက်တွေ လွယ်ပြီး
မဆုတ်မနစ် လျှောက်တတ်တဲ့ ခြေလှမ်းတွေရဲ့ အထက်မှာ
ငါ့အတွက် ပီဘိကလေးငယ်လေးက ဒီကနေ့ဆို (၂၃) နှစ် ပြည့်မြောက်ခဲ့ပြီလေ။
တို့မိသားစုကမ္ဘာလေးအတွက် လာခြင်းကောင်းတဲ့ နတ်မိမယ်ရေ
လောကကြီးက အကောင်း၊ အဆိုး အမြဲဒွန်တွဲနေလို့
မင်းရဲ့ခြေလှမ်းတစ်ချို့က
တစ်ခါတစ်ရံမှာ နာကျင်နိုင်တယ် တစ်ခါတစ်ရံမှာ မာန်ပါနိုင်တယ်
တစ်ခါတစ်ရံမှာ ပျော်ရွှင်နိုင်တယ် တစ်ခါတစ်ရံမှာ မောပမ်းနိုင်တယ်။
စိတ်ညစ်စရာနဲ့ ဝမ်းနည်းစရာတွေ ကြုံလာခဲ့ရင်
မင်း သိမှတ်ထားရမှာက …
ဒါတွေက ဘာမှမဟုတ်ပါဘူး ကလေးရယ်
ပါရှားဘုရင်တစ်ပါးရဲ့ လက်စွပ်ထဲက စာတန်းတစ်ခုလို
“This too will pass” ဒါလည်းပဲ ပြီးသွားမှာပါ။
ဝမ်းသာစရာတွေနဲ့ ပျော်မြူးစရာ ကြုံလာခဲ့ရင်
မင်း သိမှတ်ထားရမှာက …
အမြဲကြိုးစားနေတဲ့သူတွေအတွက် အခွင့်အရေးချန်ထားပေးတတ်တဲ့
လောကကြီးနဲ့ ဘုရားရှင်ရဲ့ ဆုလာဘ်မို့
တန်ဖိုးထား ဂုဏ်ယူတတ်ရမယ်။
ဘာတွေပဲဖြစ်ဖြစ်ပေါ့လေ …
မင်းမှာ မိသားစုတစ်ခု ရှိတယ်၊ ချစ်သူရှိတယ်၊
သူငယ်ချင်းတွေ ရှိတယ်၊ မိတ်ဆွေတွေ ရှိတယ်
ပန်းတိုင်တစ်ခုရှိတယ်၊ ခိုင်မာတဲ့ ယုံကြည်ချက်ရှိတယ်၊
ခွန်အားတွေရှိတယ်၊ ခြေလှမ်းတွေ ရှိတယ်၊
ပြီးတော့ …
ငါ့ရဲ့ စိတ်ဝိဉာဉ်နေ ပေါက်ဖွားလာတဲ့ ဟောဒီကဗျာရှိတယ်။
ကဲ ချစ်သော ကရကဋ်မင်းသမီးလေးရေ…
ဆက်လျှောက်မယ့် လမ်းတွေ လမ်းတွေမှာ
မင်းအတွက် ငါ့ရဲ့ သန့်စင်တဲ့ ချစ်ခြင်းမေတ္တာတွေကနေ
နွေးထွေးမှုနဲ့ အားခွန်ကို ရရှိပိုင်ဆိုင်ပြီး ပျော်ရွှင်စွာနဲ့ တစ်သက်ခရီးဆက်နိုင်စေ။
8:59 AM 4th. July. 2011
Category: ညီမလေး, အမှတ်တရ | 2 Comments
No comments:
Post a Comment