ဆက်သွယ်နိုင်သောဘလော်ကာများ

ကိုဇော်ဝင်းထွဋ်

ကိုဇော်ဝင်းထွဋ်
လူ့ဘ၀တိုတိုမှာဆုံရလိုကျေးဇူးပါ

Wednesday 10 August 2011

ကောင်းကင်ဘုံ နဲ့ မြေကမ္ဘာကြားက မေးခွန်းများ

ကောင်းကင်ဘုံ နဲ့ မြေကမ္ဘာကြားက မေးခွန်းများ

by Maung Maung Wann on Wednesday, August 10, 2011 at 4:08pm

ဂရိပုံပြင်လေးတခုကိုမှတ်မိမလားမသိဘူး။ ပုံပြင်လေးက ဒီလို-----
အရင်တုံးက လူဆိုတာ အခုလိုမဟုတ်ဘူး။ ဦးခေါင်းနှစ်လုံး၊ လိင်နှစ်ခု၊ ခြေ (၄) ချောင်း၊ လက် (၄) ချောင်း- ဒါပေမဲ့ ပြဿနာက လူဆိုတဲ့ သတ္တဝါဟာ အားအားရှိ စစ်ထဖြစ်လေ့ရှိတယ်။ ကောင်းကင်ဘုံလည်း ငြိမ်ငြိမ်မနေရ။ ဒါကြောင့် နတ်ဘုရားတွေက ညီလာခံခေါ်ပြီး “လူဆိုတဲ့သတ္တဝါအပေါ်ဘယ်လိုလုပ်ကြမလဲ ” ဆိုတဲ့အချက်ကို ဆွေးနွေးကြတယ်။ လူဆိုတဲ့ သတ္တဝါကို သတ်ပစ်လိုက်ရင်လည်း သူတို့ကို ပူဇော်ပသ မဲ့သူမရှိဘူးဖြစ်နေမယ် ဆိုတဲ့အချက်ကိုလည်း နတ်ဘုရားတွေက စိုးရိမ်ကြပြန်တယ်။  ဒါကြောင့် “ ဒီလောက် စစ်ဖြစ်တဲ့ လူတွေကို အားနည်းသွားအောင် လုပ်ရမယ်” လို့ ဆုံးဖြတ်လိုက်ကြတယ်။ လူကို နှစ်ခြမ်းခြမ်းပစ်လိုက်ကြတယ်။ အဲ့သလို နဲ့ လူတွေဟာ သူရဲ့ပျောက်နေတဲ့ အခြမ်းလေးတွေကို လိုက်ရှာနေကြသတဲ့။ ကိုယ့်ရဲ့ ပျောက်ဆုံးနေတဲ့ အခြမ်းလေး ဖြစ်မလားလို့ ပေါင်းကြည့်လိုက်၊ မဟုတ်ဘူးထင်ရင် ပြန်ကွဲလိုက်ကြနဲ့ ( Married နဲ့ Divorce) ဆိုတဲ့စကားလုံးတွေလည်းပေါ်ပေါက်လာတာပေါ့။               ( မိတ်ဆွေတို့ကော ပျောက်ဆုံးနေတဲ့ အခြမ်းလေးတွေ့ကြပြီလား)
ကျနော်က အဲ့ဒီ ပုံပြင်လေးကို လူတွေဘက်က ပြန်ပြီး ပြင်ရေးကြည့်မိတယ်။ ဒီလို-------
အရင်တုံးက နတ်ဘုရားတွေဆိုတာ အခုလိုမျိုးမဟုတ်ဘူး။ ကျွန်ပိုင်ရှင်ကြီးတွေ၊ မြေယာအမြောက်အများပိုင်ဆိုင်တဲ့ ငွေကြေးကြွယ်ဝချမ်းသာတဲ့သူတွေ၊ သူတို့က ကောင်းကင်ဘုံမှာနေကြပေမဲ့ လိပ်ပြာမသန့်ကြဘူး။ ခေတ်ကပြောင်းလာပြီ။ လူတွေက သူတို့ပူဇော်ပသနေရတဲ့ နတ်ဘုရားတွေရဲ့ လက်ဝါးကြီးအုပ်မှုတွေကို ပြန်ပြီး တွန်းလှန်ဖို့ပြင်ဆင်နေကြပြီ ဆိုတာကို သိနေတယ်။ သူတို့ကို ပူဇော်ပသမဲ့သူမရှိရင် ကောင်းကင်ဘုံ နဲ့ သူတို့ရာထူးတွေဆိုတာ ဘာတန်ဘိုးရှိတော့မှာလဲ။ လူတွေရဲ့အားနည်းချက်ကို သုတေသန ပြုထားတဲ့ အတိုင်ပင်ခံတွေက ဆွေးနွေးတယ်။  လူဆိုတာ အပျော်အပါးနဲ့  စည်းဇိမ်ယစ်မှုကို  ကြိုက်တယ်။ ဒါကြောင့် လူတွေ မိန်းမောမူးယစ်စေမဲ့ နိုင်ငံတခုကို စပြီးဖန်ဆင်းကြမယ်။ အဲ့ဒီနိုင်ငံမှာ စီးပွားရေးစားကျက်ကြီး ကို တည်ထောင်ပြီး လူနတ်သတ္တဝါတွေအားလုံးကြားမှာ     Win-Win အခြေအနေတွေကို ပိုင်ဆိုင်စေမဲ့ အတွေးအခေါ်တွေကို ဟောပြောကြမယ် လို့ ဆုံးဖြတ်လိုက်ကြတယ်။ ဒီလိုနဲ့ Wall Street တွေ၊ စတော့မားကက်တွေ၊ လွတ်လပ်တဲ့ ဈေးကွက်အားပြိုင်မှုတွေပေါ်လာတော့တယ်။ လူတွေကလည်း နတ်ဘုရားတွေရဲ့အကြံအစည်တွေကို မသိရှာပါဘူး။ ခေတ်ပေါ်နည်းပညာတွေ၊ နောက်ဆုံးပေါ်ကားတွေ၊ ဖက်ရှင်မော်ဒယ်လေးတွေရဲ့ အနိမ့်အမြင့် သက်ပြင်းဖိုဖိုတွေကြားမှာ ပျော်မြူးနေကြတယ်။ ပြဿနာက နတ်ဘုရားတွေရဲ့ မတင်းတိမ်နိုင်တဲ့အလိုဆန္ဒ၊ သူတို့ က လက်ဝဲလက်ယာမှာ နတ်သမီး (၅၀၀) ဆီနဲ့ တိမ်လွှာရထားစီး၊ မြေကမ္ဘာက ပူဇော်ပသတဲ့ အညွှန့်အဖူးလေးတွေကို စားနေရတာအားမရနိုင်ဘူး။ တနေ့ထက် တနေ့ ပိုင်ဆိုင်ချင်မှုတွေက များသထက်များလာတယ်။ ဒီလိုနဲ့ နတ်ဘုရားတွေဟာ တယောက်နဲ့တယောက် မတိုင်ပင်ကြတော့ပဲ သူတို့လိုချင်တဲ့အရာတွေကို တိတ်တဆိတ် သိမ်းပိုက်ဖို့လုပ်ကြတော့တယ်။ ပြဿနာက နတ်ဘုရားတွေအားလုံး အကြံတူတွေဖြစ်နေတယ်။ ဒီလိုနဲ့ နတ်ဘုရားတွေ အဝေမတည့်ဖြစ် စစ်ဖြစ်ကြတော့တယ်။ ကောင်းကင်ဘုံက ဘာမှဖြစ်မသွားပါဘူး။ သူတို့ကို ပူဇော်ပသနေကြတဲ့ လူဟာ ဒုက္ခစရောက်တော့တာပေါ့။ ကောင်းကင်ဘုံက စစ်မီးဒဏ်တွေအားလုံးဟာ လူ့ကမ္ဘာမြေပေါ်ကို နေ့တိုင်းကျရောက်နေတာကိုး။   လူ့ဘဝဟာ မလုံခြုံတော့ပါလား ဆိုတာကို လူဆိုတဲ့သတ္တဝါဟာ စတင်သဘောပေါက်လာတယ်။ နတ်ဘုရားတွေကိုရွေးချယ်ရင် ဘယ်လိုရွေးချယ်ကြမလဲ ဆိုတဲ့ မေးခွန်းကလည်း သူတို့ခေါင်းထဲမှာရောက်နေပြီ။
ပုံပြင်ဘယ်လို အဆုံးသတ်ရမလဲ မသိသေးပါဘူး။ ဒီတပတ်လွတ်လပ်တဲ့အာရှအသံရဲ့ အင်္ဂါနေ့ညပိုင်းအစီအစဉ်မှာ တင်ဆက်ခဲ့တဲ့ဆောင်းပါးလေး ကို ဆက်စပ် ခံစားကြည့်စေချင်ပါတယ်။
ကောင်းကင်ဘုံ နဲ့ မြေကမ္ဘာကြားက မေးခွန်းများ
“သမ္မတကြီးခင်ဗျား၊ ဒီနိုင်ငံအတွင်းမှာ စစ်ပွဲတခုဖြစ်နေပါတယ်။ ကျနော်ပြောနေတဲ့စစ်ပွဲက အီရတ်စစ်ပွဲ၊ အာဖကန်နစ္စတန် စစ်ပွဲ ကို ရည်ညွှန်းနေတာ မဟုတ်ပါဘူး။ သိတ်ပြီးချမ်းသာ ကြွယ်ဝတဲ့၊ ပါဝါကြီးမားလွန်းတဲ့ လူတချို့ဟာ ကျနော်တို့နိုင်ငံအတွင်းက အလုပ်လုပ်တဲ့မိသားစုတွေအပေါ် စစ်ပွဲတခုဆင်နွဲပြီး အလယ်အလတ်လူတန်းစားတွေကို တဖြည်းဖြည်းပျောက်ကွယ်  သွားအောင်ကြိုးစားနေပါတယ်”

သောတရှင်များခင်ဗျား
ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကတည်းက၊ ဗားမောင့်ပြည်နယ်၊ ဆီနိတ်တာ Bernie Sanders ရဲ့ ပြင်းထန်တဲ့ မိန့်ခွန်းတွေဟာ အမေရိကန်ဆီးနိတ် အတွင်းမှာရိုက်ခါနေပါတယ်။ သူက အမေရိကန်ပြည်ထောင်စု ဒီကနေ့ကြုံတွေ့နေရတဲ့ စီးပွားရေးပျက်ကပ်တွေရဲ့ အဓိကတရားခံဟာ Wall Street စီးပွားရေး လုပ်ငန်းရှင်ကြီးတွေနဲ့ သူတို့အပေါင်းအပါတွေရဲ့ အလိုရမက်ကြီးမားလွန်းမှုတွေကြောင့်  ကြုံတွေ့ခဲ့ရခြင်းဖြစ်တယ် လို့ ဆိုပါတယ်။ သူ့မိန့်ခွန်းအဆိုအရ- အမေရိကန်ပြည်ထောင်စုမှာ ထိပ်ဆုံး (တစ်) ရာခိုင်နှုန်းလောက်ကသာ တိုင်းပြည်ဝင်ငွေစုစုပေါင်းရဲ့ ၂၄ ရာခိုင်နှုန်းနီးပါး ကြွယ်ဝချမ်းသာကြပြီး၊  ၁၉၈၀ မှ ၂၀၀၅ ခုနှစ်အတွင် တည်ဆောက်ခဲ့တဲ့ စီးပွားရေးလုပ်ငန်း ၈၀ ရာခိုင်နှုန်းကိုလည်း ထိပ်ပိုင်း (တစ်) ရာခိုင်နှုန်းကပဲ ပိုင်ဆိုင်ခဲ့ကြပါတယ်။
“ ၂၀၁၂ အမေရိကန်သမ္မ ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ Tea Party လှုပ်ရှားမှုတွေကလည်း စတင်လာခဲ့တယ်။ တီးပါတီ လှုပ်ရှားမှု  ဆိုတာ ၁၇၇၃ ခုနှစ်တုံးက ဗြိတိန်အစိုးရဲ့ အခွန်အကောက်ကို ငြင်းဆန် သပိတ်မှောက်ခဲ့ကြတဲ့ ဖြစ်ရပ်၊ ဘောစတွန် တီးပါတီ လှုပ်ရှားမှုကို အစွဲပြုပြီး လက်ဆင့်ကမ်းသယ်ဆောင်လာတဲ့ အရာတခု၊ အစိုးရရဲ့အခွန်အကောက် ဆိုင်ရာစည်းမျဉ်းစည်းကမ်းတွေ ကို ဆန့်ကျင်တဲ့လှုပ်ရှားမှုဖြစ်တယ်။ ဒီလှုပ်ရှားမှုကို အောက်ခြေလူထုအဖွဲ့အစည်းအသီးသီးက စုပေါင်းဦးဆောင်စုစည်းကြတယ်လို့ဆိုပေမဲ့ အများစုက ရီပတ်ပလင်ကန်တွေအဖြစ်ခံယူထားရတယ်။ ထုံးစံအတိုင်း ရီပတ်ပလင်ကန်ပါတီ ကိုယ်စားလှယ်တွေကို ထောက်ခံမဲ့ အသံတွေ၊ အစီအစဉ်တွေကလည်း ပါနေတာပေါ့”
တကယ်တော့ အခွန်မပေးဆောင်ရေး ဆိုတဲ့ ကြွေးကြော်သံတွေဟာ၊ ချမ်းသာကြွယ်ဝလွန်းတဲ့ ကော်ပိုရေးရှင်းကြီးတွေရဲ့ ဥနှောက်သန့်စင်ဆေးကြောမှု ဝါဒဖြန့်မှုတခုသာဖြစ်ပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ သူတို့တတွေဟာ အခွန်ပေးဆောင်မှုကို ရှောင်လွှဲလို့ရနိုင်မဲ့ လုပ်ထုံးလုပ်နည်းတွေကို သိနေကြလို့ပဲဖြစ်ပါတယ်။
“ ခင်ဗျားစဉ်းစားကြည့်လေ။ Exxon မိုဘိုင်းကုမ္မဏီ ဆိုရင် လွန်ခဲ့တဲ့နှစ်က သူ့ရဲ့စီးပွားရေးကနေ ၁၉ ဘီလျှံအမြတ်ရခဲ့တယ်။ အခွန်တပြားမှ မဆောင်ဘူး။ ဒါပေမဲ့ IRS ကနေ ၁၅၆ မီလျှံ ငွေ ပြန်ရခဲ့တယ်။ သူတို့က စီးပွားရေးက ရတဲ့အမြတ်ငွေတွေနဲ့ ဖောင်းဒေးရှင်းတွေထောင်တယ်။ လူမှုရေး၊ ပညာရေးတွေမှာ ကူညီထောက်ပံ့ခဲ့တယ် ဆိုပြီးစာရင်းပြတယ်။ သူတို့ရဲ့ ပရောဂျက်တွေ အတွက် အမေရိကန်အစိုးရဆီမှာ ငွေထပ်တောင်းပြန်တယ်။ ဒါကြောင့် IRS က ငွေပြန်ပေးရတဲ့ အဆင့်ကိုရောက်ခဲ့ရတာပေါ့။”
ကော်ပိုရေးရှင်းကြီးတွေဟာ အမေရိကန်နိုင်ငံရေးသမားတွေနားဆီကို ဘယ်လိုချည်းကပ်ပြီး ပေါင်းရမယ်ဆိုတာ နောကျေနေပါတယ်။ သူတို့ရဲ့ လော်ဘီ ခန့်ထားသူတွေဆီက တဆင့် သူတို့လိုချင်တဲ့၊ ငွေကြေးဆိုင်ရာဥပဒေ ပြဋ္ဌာန်းချက်တွေ၊ ဆုံးဖြတ်ချက်တွေကို ရရှိဖို့အတွက် နည်းပေါင်းစုံကြိုးစားကြပါတယ်။  အမေရိကန်သမ္မတရွေးကောက်ပွဲကို ဝင်ပြိုင်မယ်ဆိုရင် အရွေးချယ်ခံမဲ့
သမ္မတကိုယ်စားလှယ်အသီးသီးကို အများဆုံး အလှူငွေထည့်ဝင်ကြတဲ့သူတွေဟာ ဘဏ်လုပ်ငန်းပိုင်ရှင်ကြီးတွေ ဖြစ်ပြီး၊  အခွန်၊အာမခံကြေးပေးတဲ့ ကုမ္မဏီတွေ၊ ရေနံကုမ္မဏီတွေက ဒုတိယလိုက်ပါတယ်။
“ အစိုးရကတော့ ဘတ်ဂျက်လိုငွေပြမှုတွေ၊ နိုင်ငံမှာ ၁၃ ထွီလျှံကျော်တင်နေတဲ့အကြွေးတွေအတွက် စိုးရိမ်ကြောင်း အစည်းအဝေးတွေမှာ ပြောလေ့ပြောထရှိတာပေါ့။ တကယ်တော့ ဆီးနိတ် နဲ့ ကွန်ဂယက်မှာ နိုင်ငံရေးသမားတွေ တကယ် ပူပင်  ကြောင့်ကြနေတဲ့ အရာက  သူတို့ကိုထောက်ပံ့ပေးနေတဲ့ ကော်ပိုးရှင်းကြီးတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ ငြိုငြင်မှာကို အကြောက်ဆုံးပဲ။ ထင်ရှားတဲ့ ဥပမာတခုကို ပြောရမယ် ဆိုရင် အမေရိကန် သမ္မတ ဂျော့ဘုရှ် သက်တမ်းမကုန်ခင် ၂၀၀၈ ခုနှစ်တုံးက လုပ်ခဲ့တဲ့ အစိုးရရဲ့ Bail out ။ Bial out လုပ်တယ်ဆိုတာ ပျက်စီးတော့မဲ့ စီးပွားရေးလုပ်ငန်းကြီးတွေကို အစိုးရက ငွေထုတ်ချေးတာ၊ ငွေရေးကြေးရေးအကူအညီပေးတာ။ အိုးအိမ် စီးပွားရေးလုပ်ငန်းတွေကို ပြန်လည် ကျားကန်ပေးဖို့ဆိုပြီး၊ ဘဏ်တွေကို ဘီလျှံ (၇၀၀) ဘိုးထုတ်ချေးခဲ့တယ်။ အမေရိကားမှာ အခွန်အများဆုံးပေးဆောင်တဲ့ လူတန်းစားက ကျနော်တို့လူလတ်တန်းစားတွေလေ၊ ဝင်ငွေကောင်းတဲ့ ထိပ်ပိုင်းလူတန်းစားတွေဟာ အခွန်မပေးဆောင်ကြတဲ့ အပြင် ကျနော်တို့ပေးဆောင်ထားတဲ့ အခွန်ငွေ တွေကို ဘဏ်စီးပွားရေးလုပ်ငန်းရှင်တွေဆီ ငွေထုတ်ချေးတယ် ဆိုတော့ အံ့သြစရာမကောင်းဘူးလား။ တကယ်တော့ အစိုးရကို အခွန်ပေးဆောင်နေတဲ့ လူလတ်တန်းစားတွေက အလုပ်တွေပြုတ်၊ ဒုက္ခရောက်နေကြတာလေ။ ဘီလျှံ ၇၀၀ ငွေပမာဏကို ဘဏ်တွေထံထုတ်ချေးမဲ့အစား၊ လူလတ်တန်းစားတွေကို ဒုက္ခတွေဆီမှ ကူညီပေးလိုက်ရင် ပိုပြီးမကောင်းဘူးလား။”
Bail out အပြီးမှာတော့ ဘဏ်လုပ်ငန်း ရဲ့ အလုပ်အမှူဆောင်အဖွဲ့ဝင်တွေက လခဝင်ငွေသုံးဆနီးပါး ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ ပြည်သူတွေကတော့ အလုပ်အကိုင်ရှာလို့ မရသေးပါဘူး။
“ နိုင်ငံတခုလုံးကို ကြည့်လိုက်ရင် တရုတ်နိုင်ငံထုတ်ပစ္စည်းတွေချည်းပဲဖြစ်နေတယ်။ စက်ရုံတွေကို တရုတ်ပြည်ဆီရွေ့လိုက်ပြီး ဈေးပေါတဲ့ လုပ်အားခ နဲ့ ထုတ်လုပ်နိုင်တယ်။ ကုမ္မဏီကြီးတွေ ကတော့ စီးပွားရေးပျက်ကပ်ဆိုက်ရောက်နေတဲ့ ကာလမှာတောင် ဝင်ငွေဘီလျှံနဲ့ချီရကြပေမဲ့ ပြည်သူတွေကတော့ အလုပ်လက်မဲ့ဖြစ်နေဆဲဖြစ်တယ်။ ”
အရင်းရှင်ဈေးကွက်စီးပွားရေးစံနစ်အရ အမြတ်များများရနိုင်မဲ့ဈေးကွက်ကိုရှာဖို့ကြိုးစားရင်း လွတ်လပ်တဲ့ ဈေးကွက်စီးပွားရေးတွေကပဲ အမေရိကန်ပြည်ထောင်စုရဲ့အလုပ်သမားတွေကို ပြန်လည်ဒုက္ခရောက်စေခဲ့ပါတယ်။ ဘရက်အိုဘားမားအစိုးရဟာ အလုပ်လက်မဲ့ ဖြစ်နေတဲ့ အလုပ်သမားတွေအတွက် နစ်နာထောက်ပံကြေးတွေပေးဖို့ ကြိုးစားခဲ့ရှာပါတယ်။
“ ဖက်ဒရယ်စံနစ်ရဲ့အားနည်းချက်က ဒေသဆိုင်ရာအစိုးရတွေ သိတ်ပြီးများလွန်းတယ်လေ။ အသုံးစရိတ်တွေက ကြီးမားလွန်းတော့ ပြည်နယ်တိုင်းလိုလိုမှာ ဘတ်ဂျက်လိုငွေပြတယ်။ ဘတ်ဂျက်လိုငွေပြမှုကို အကြောင်းပြပြီး GOP လို့ ခေါ်တဲ့ ရီပတ်ပလင်ကန် နိုင်ငံရေးခေါင်းဆောင်ဟာ သမဂ္ဂတွေရဲ့ လုပ်ပိုင်ခွင့်တွေကို ထိန်းချုပ်တားဆီးလိုက်တယ်။ ချမ်းသာတဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ  အတွက် အခွန်လျော့ပေါ့ပေးပြီး သူတို့ရဲ့ နိုင်ငံရေးအာဂျင်တာကိုတင်ပြီး ဘရက်အိုဘားမားအစိုးရကို အပြစ်တင် တိုက်စစ်ဆင်  တော့တယ်။ ဘရက်အိုဘားမားကတော့ ရီပတ်ပလင်ကန်တွေရဲ့လုပ်ရပ်ဟာ လူလတ်တန်းစားတွေ ပျောက်ဆုံးသွားအောင်၊ သမဂ္ဂဆန့်ကျင်ရေး မူဝါဒတွေကိုတည်ဆောက်နေတာဖြစ်တယ် လို့ စွပ်စွဲတိုက်ခိုက်လိုက်ပါတယ်။
မကြာသေးခင်ရက်များအတွင်းက အမေရိကန်ကွန်ဂယက်မှာ နိုင်ငံမှာ ကြုံတွေ့နေရတဲ့ ကြွေးမှီပြဿနာတွေနဲ့ ပတ်သက်ပြီး ဒီမိုကရက်တစ် နဲ့ ရီပတ်ပလင်ကန် ပါတီ တို့ သမိုင်းဝင်တဲ့ အလျော့ပေးညှိနှိုင်းမှုတွေ  လုပ်ခဲ့ကြပါတယ်။ ဒါပေမဲ့ အဲ့သလို အပေးယူလုပ်မှုအပေါ် သံသယဖြစ်နေသူတွေကလည်း မနည်းလှပါဘူး။ “အမေရိကန်ရွေးကောက်ပွဲစံနစ်ကို ပြောင်းပစ်ရတော့မယ်ဗျာ။ ပါတီနှစ်ခုကပဲ ကြီးစိုးထားတဲ့ သမ္မတကို သွယ်ဝိုက်ရွေးချယ်တင်မြောက်ခွင့်ရှိတဲ့ ပုံသဏ္ဍန်ကို ဖျက်ပစ်ရမယ်။ လူထုအသံကို တကယ်ကိုယ်စားပြုမဲ့ ကိုယ်စားလှယ်တွေကိုရွေးချယ်ကြရလိမ့်မယ်။ တိုက်ရိုက်ဒီမိုကရေစီ စံနစ်လို့ခေါ်တာပေါ့
သောတရှင်များခင်ဗျား
ကျနော်တို့ဗမာပြည်မှာလည်း တိုင်းပြည်ရဲ့အနာဂတ်စီးပွားရေးအတွက် နေပြည်တော်မှာ ဆွေးနွေးညှိနှိုင်းကြမယ် လို့ ဆိုပါတယ်။ စီးပွားရေး ပိတ်ဆို့မှုကြောင့် တိုင်းပြည်ဆင်းရဲတယ် လို့ဆိုကြမယ် ဆိုရင်၊ ဗိုလ်ချုပ်တွေနဲ့ သူတို့နဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းတွေဟာ  ဘာကြောင့် ကျိကျိတက်ချမ်းသာနေကြပါသလဲ။ လေယာဉ်ကုမ္မဏီတွေ နဲ့ သဘာဝတွင်းထွက်ပစ္စည်းဆိုင်ရာ စီးပွားရေးလုပ်ငန်းတွေကို ပိုင်ဆိုင်ကြတဲ့သူတွေနဲ့ စားစရာမရှိတော့လောက်အောင် ဆင်းရဲစုတ်ပြတ်နေတဲ့ လူထုရဲ့အနေအထားဟာ ဘာကြောင့်ကွာဟ နေပါသလဲ။ ရေနံနဲ့သဘာဝဓါတ်ငွေ့မှ ရောင်းချလို့ရတဲ့ ဘီလျှံချီနေတဲ့ အမေရိကန်ဒေါ်လာငွေတွေ ဘယ်ဆီကိုရောက်သွားခဲ့ပါသလဲ။ ဆင်းရဲမှုရဲ့ အဓိကပြဿနာတွေကို ပညာရှင်တွေ သတ္တိရှိရှိပြောရဲနိုင်ကြပါစေ လို့ ဆန္ဒပြုလိုက်ပါရစေ။




No comments:

Post a Comment