ဆက်သွယ်နိုင်သောဘလော်ကာများ

ကိုဇော်ဝင်းထွဋ်

ကိုဇော်ဝင်းထွဋ်
လူ့ဘ၀တိုတိုမှာဆုံရလိုကျေးဇူးပါ

Tuesday 16 August 2011

နှင်းနဲ့မာယာ

ကျားကြီး ခြေရာကြီး

Aug 14
လကုန်ခါနီး ရက်ပိုင်းအလိုလောက်တုန်းက မလေးရှားမှာနေတဲ့ ဦးလေးဆီကိုဖုန်းဆက်တော့ ဦးလေးက shopping လုပ်နေတယ်လို့ ပြောရင်း
“ကျားကြီး ခြေရာကြီး …. ကျားသေး ခြေရာသေး ….လစာ စောစောရ စောစောကုန်.... လကုန်ပြီး၂ ရက်လောက်နေရင် လက်ထဲမှာ ပိုက်ဆံရယ်လို့ မကျန် ….လစာ ဖြတ်ပိုင်းပဲ ကျန်တယ်..” လို့ အမျှင်မပြတ်ပြောလာခဲ့ပါသည်။ ဦးလေးပြောသမျှ အပိုအလိုမရှိ ကွက်တိမှန်နေတာမို့ အပြည့်အဝ ထောက်ခံလိုက်ပါသည်။

ကျွန်မတို့တွေမှာ ဝင်ငွေကိန်းဂဏန်းတွေကသာ ပုံမှန်ရှိပြီး ထွက်ငွေကိန်းဂဏန်းတွေက ပုံမှန်မရှိ။ ကျွန်မ အမေပြောတဲ့စကားနဲ့ ပြောရမယ်ဆိုရင် ငွေဆိုတာ ဆီလို အပေါက်ရှာပြီး ထွက်တတ်သလို လစာရချိန်မှာလဲ “ဆင်သတ်ပြီး အရပ်ဝေသလို” ဝေခြမ်းမျှဝေစရာတွေက အဆင်သင့် စောင့်နေတတ်ပါသည်။

ဒူဘိုင်းရောက်ပြီး ပထမဆုံးလုပ်တဲ့အလုပ်မှာတုန်းကတော့ လစာ ဖြတ်ပိုင်းတွေသာ ရတာမို့ ကျွန်မရဲ့ ဝင်ငွေတွေကို သိချင်လာချိန်မှာ စိတ်တွက်နဲ့ ပြန်တွက်ရသလို တခါတရံမှာ ဂဏန်းပေါင်းစက်ရဲ့ အကူအညီကိုလဲ ယူရပါသည်။

ဒါပေမယ့် လက်ရှိအလုပ်မှာတော့ ကျွန်မရခဲ့တဲ့ လစာစာရင်းကို mouse တချက် ထောက်ပြီးနှိပ်ရုံနဲ့ အလုံးနဲ့ အရင်းနဲ့ မြင်ရတတ်တာမို့ ပိုပြီး ရင်မောရတတ်ပါသည်။ လုပ်သက် လပေါင်း (၂၀) အတွင်း ကျွန်မရဲ့ အကောင့်ထဲကို ထည့်ပေးခဲ့တဲ့ ပမာဏက ဂဏန်း ခြောက်လုံးပြနေခဲ့တာမို့ ကျွန်မ ပြန်ပြီး စုဆောင်းမိခဲ့တဲ့ ပမာဏနဲ့ ယှဉ်ကြည့်မိတော့ ဒူဘိုင်းမှာ အလုပ်လုပ်ရတာ အိတ်ပေါက်နဲ့ ဖားကောက်နေရသလို ဖြစ်နေတာကို သတိထားမိလာပါသည်။

ဒူဘိုင်းရောက်စအချိန်တုန်းက ဝင်ငွေနဲ့ ထွက်ငွေကို သိချင်စိတ်နဲ့ balance sheet တွေဆွဲပြီး နေ့စဉ်အသုံးစရိတ်တွေကို မှတ်တမ်းတင်ထားခဲ့ဘူးပါသည်။ တစ်နှစ်လောက်ကြာလာချိန်မှာတော့ အသုံးစရိတ် ( အဖြုန်းစရိတ်) တွေကို ပြန်ကြည့်တိုင်း သွေးတိုးချင်တာလာမို့ ဆွဲထားတဲ့ ကိုယ်ပိုင် စာရင်းစာအုပ်ကို ပိတ်ပြီး မမြင်သာတဲ့နေရာကို ပို့ထားခဲ့တာ ယနေ့အချိန်ထိ။

ကျွန်မ သတိထားမိလာတဲ့ ဒူဘိုင်းရဲ့ လူနေမှုစရိတ်က လေးနှစ်ကျော် ငါးနှစ်ဆိုတဲ့ ကာလအတွင်းမှာ သိသိသာသာပဲ ပြောင်းလဲလာခဲ့ပါသည်။ မြန်မာပြည်က ကုန်ဈေးနှုန်းတွေလို ထိုးတက် ထိုးဆင်းတာမျိုးမဟုတ်ပေမယ့် ဒူဘိုင်းရဲ့ လူနေမှုစရိတ်က မသိမသာ တရိပ်ရိပ်နဲ့ တက်နေခဲ့ပါသည်။

အခုချိန်မှာ ဒူဘိုင်းမှာ လူပြောများလွန်းတဲ့ ငွေလွှဲဈေးနှုန်းကို ကျွန်မရောက်စအချိန်နဲ့ ယှဉ်ကြည့်တော့ မျက်ဖြူစိုက်လောက်အောင် ကွာသွားတာကို တွေ့ရပါသည်။ ကျွန်မရောက်ကာစ အချိန်တုန်းက မြန်မာငွေ ၁ သိန်းကို ဒါဟန်း ၂၈၀-၃၀၀ မျှသာ ပေးခဲ့ရဘူးပါသည်။ ယနေ့ငွေလွှဲနှုန်းကတော့ မြန်မာငွေ တစ်သိန်းကို ဒါဟန်း ၄၈၀ ကနေ ၅၀၀ ကျော်လောက်အထိ တက်လိုက်ကျလိုက် ဖြစ်နေဆဲ။

မြန်မာပြည်ရဲ့ နိုင်ငံခြားငွေ လဲလှယ်နှုန်းက ပြည်ပမှာ အလုပ်လုပ်နေသူအားလုံးကို သိသိသာသာ အကျပ်ရိုက်စေခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီမို့ ဒေါ်လာဈေး ငွေလွှဲဈေးကို ဒူဘိုင်းရဲ့ လူနေမှု စရိတ်အောက်မှာ ခဏမေ့ထားပြီး အခြားသော ကုန်ဈေးနှုန်းတွေဆီကို ပြန်ပြောင်း ပြန်စဉ်းစားမိပြန်ပါသည်။

အသုံးစရိတ်တွေလို့ ခေါင်းစဉ်တပ်မိတော့ အချိန်တိုအတွင်း အဟုန်ထိုးတိုးတက်လာတဲ့ နိုင်ငံပီပီ ဒူဘိုင်းအစိုးရရဲ့ အမျှော်အမြင်ကြီးမှု တစ်ခုကိုလဲ သတိထားမိလာပြန်ပါသည်။ အခွန်ကင်းလွတ်တဲ့ နိုင်ငံဖြစ်ပေမယ့် ဒီတိုင်းပြည်မှာ ရေနံကလွဲလို့ အခြားသဘာဝ သယံဇာတရယ်လို့ ပြောပလောက်စရာမရှိ။ ကိုယ်ပိုင်ထုတ်ကုန်ရယ်လို့လဲ လက်ဆုတ်လက်ကိုင်ပြစရာလဲမရှိ။ ကျွန်းနိုင်ငံဖြစ်တဲ့ စင်္ကာပူနိုင်ငံလိုပဲ ဟင်းသီးဟင်းရွက်နဲ့ အခြေခံစားကုန်တွေကအစ အိမ်နီးချင်းနိုင်ငံအချို့နဲ့ အာရှနိုင်ငံတွေကို အားကိုးအမှီပြုနေရပါသည်။

အများသူငါတွေ ပြောပြောနေတဲ့ ယူအေအီးဆိုတာ ရေနံထွက်တဲ့ တိုင်းပြည် ရေနံနဲ့ သူဌေးဖြစ်တဲ့ နိုင်ငံဆိုပေမယ့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့သာ တိုင်းတာ သတ်မှတ်ခြင်းဖြစ်ပြီး ဒူဘိုင်းမြို့အတွက်တော့ ရေနံနဲ့ သဘာဝ ဓါတ်ငွေ့က အဓိက ထုတ်ကုန်လို့ ပြောလို့မရပါ။ ကြားသိ မှတ်သားမိသလောက် သတင်းအချက်အလက်တွေအရ ဒူဘိုင်းမြို့ကထွက်တဲ့ ရေနံ သဘာဝ ဓါတ်ငွေ့တွေက ဒူဘိုင်းမြို့အတွက် လိုအပ်တဲ့ စွမ်းအင်ကိုတောင် မဖြည့်စွမ်းပေးနိုင်ပါ။

အခြားစီးပွားရေး လုပ်ငန်းတွေ ဖြစ်တဲ့ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း ၊ ဝန်ဆောင်မှု လုပ်ငန်း ၊ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းနဲ့ ကုန်စည်ကူးသန်းရောင်းဝယ်မှုတွေနဲ့သာ အချိန်တိုအတွင်း စံချိန်တင်ရလောက်အောင် ကမ္ဘာက သိတဲ့ ဒူဘိုင်းအဖြစ် တိုးတက်အောင်မြင်လာခဲ့ခြင်းဖြစ်ပါသည်။

အခွန်လွတ်တိုင်းပြည်ဖြစ်တာမို့ Dubai Properties နဲ့ နိုင်ငံတကာကလာရောက်လည်ပတ်တဲ့ ခရီးသွားတွေဆီက ဝင်ငွေတွေ အများဆုံးရနေသလို ဒူဘိုင်းမြို့ကလဲ အရှေ့အလယ်ပိုင်းနဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ အဓိက အားထားရာ ကုန်စည် ဒိုင်ကြီးတစ်ခုလဲ ဖြစ်နေခဲ့ပါသည်။

အာရှရဲ့ shopping business ကို စင်္ကာပူက ထိန်းချုပ်ထားသလို အရှေ့အလယ်ပိုင်းနိုင်ငံတွေနဲ့ အိမ်နီးချင်း နိုင်ငံတွေအတွက် Shopping Center က ဒူဘိုင်းမြို့ပဲ ဖြစ်နေခဲ့ပါသည်။

Shopping business က ဒူဘိုင်းရဲ့ ဒုတိယ အသက်လို့ ပြောလို့ရသလို ကျွန်မတို့လို နိုင်ငံတကာက ဝန်ထမ်းတွေအတွက် အဓိက ငွေယိုပေါက်တစ်ခုလို့လဲ ပြောလို့ရပါသည်။

ကမ္ဘာကျော် Brand တွေ လက်ညှိုးထိုးလို့ မလွဲနိုင်အောင် တွေ့နိုင်ပေမယ့် ပေးရတဲ့ တန်ကြေးကလဲ မသေးလှပါ။ ကျွန်မတို့ ရှာဖွေလို့ရသမျှဝင်ငွေတွေကို မသုံးချင် မဖြုန်းချင်ပဲ မနေနိုင်အောင်လဲ အသုံးအဆောင် အသစ်အဆန်းတွေ လိုက်မမီနိုင်တဲ့ နည်းပညာ အသစ်အဆန်းတွေက မျက်စပစ်နေခဲ့ပါသည်။

ဒူဘိုင်းမှာရှာလို့ရသမျှ ပိုက်ဆံကို ဒူဘိုင်းမြို့က ပြန်မထွက်ချင်အောင် ပြန်ပြီး ထိန်းချုပ်ထားနိုင်တဲ့ ဒူဘိုင်းအစိုးရရဲ့ ပရိယာယ်လှလှလေးကို သတိမထားမိသူတွေကတော့ ရှာလိုက် သုံးလိုက် ပျော်ပါးလိုက် သံသရာထဲမှာ ပျော်ရွှင်နေကြပါသည်။

ကမ္ဘာပေါ်မှာ Credit Card သုံးစွဲသူအများဆုံး နိုင်ငံတွေထဲမှာ ယူအေအီးနိုင်ငံက ဒုတိယ နေရာမှာ ရှိနေခဲ့ပါသည် အပါင်းအသင်း မိတ်ဆွေတွေအကြားမှာ လူမျိုးမရွေး နိုင်ငံသား မရွေး ငွေအချေးအငှား အများဆုံး နိုင်ငံတစ်နိုင်ငံလို့ ကျွန်မတို့ရဲ့ သင်တန်းနည်းပြက သူ့ရဲ့ ကိုယ်တွေ့အတွေ့အကြုံတွေကို ပြောပြပြီး မှတ်ချက်ချခဲ့ဘူးပါသည်။

ကျွန်မရဲ့ ပတ်ဝန်းကျင်မှာလဲ ဘဏ်တွေက ချေးငွေတွေကြောင့် အခက်ပွေနေသူ လူမျိုးပေါင်းစုံကို တွေ့နေရပါသည်။ ကျွန်မရဲ့ သူငယ်ချင်းတစ်ယောက်ကတော့ သူမ နှစ်စဉ် ဘောနပ်စ်ရချိန်မှာ လစာရဲ့ သုံးလစာရှိတဲ့ ဆုကြေးငွေကို မဖြစ်စလောက်ယူထားမိတဲ့ ချေးငွေတွေအတွက် အဆမတန် ပေးဆပ်လိုက်ရတယ်လို့ မျက်ရည်စက်လက်နဲ့ ပြောပြခဲ့ဘူးပါသည်။

ကျွန်မတို့လူမှုဘဝမှာ မရှိမကောင်း ရှိမကောင်း ၊ ဘဝ လိုအပ်ချက်တွေအတွက် မဖြစ်မနေ သုံးနေကြရတဲ့ credit card တွေ ဘဏ်ချေးငွေတွေက ကျွန်မတို့ကို အကြီး အကျယ် ဒုက္ခပေးနေတဲ့ ရန်သူတွေစာရင်းမှာ ထိပ်ဆုံးက ရှိနေပါသည်။

ကျွန်မတို့ရဲ့ ဝင်ငွေနဲ့ ထွက်ငွေကို ညီမျှချင်းချကြည့်သူတိုင်း ရင်မမောရသူရယ်လို့ မရှိပါ။
ကျွန်မသူငယ်ချင်းတစ်ယောက်ရဲ့ ဝင်ငွေက လွန်ခဲ့တဲ့ လေးနှစ်လောက်တည်းက ခုချိန်ထိ မပြောင်းမလဲ။
သိသိသာသာ ပြောင်းလဲသွားတာက သူ့ရဲ့ထွက်ငွေပဲဖြစ်ပါသည်။

နေ့စဉ် ကုန်ကျစရိတ်တွေဖြစ်တဲ့ အခြေခံ စားသောက်ကုန်တွေကလဲ မသိမသာ ဈေးတက်လာခဲ့ပါသည်။ လွန်ခဲ့တဲ့ လေးနှစ်တုန်းကကုန်ဈေးနှုန်းတွေကို ပြန်တွက်ကြည့်တော့ ဆန်ငါးကီလိုကို ဟိုစဉ်က ၁၈ ဒါဟန်းသာ ပေးရပေမယ့် အခုချိန်မှာတော့ ၃၅ ဒါဟန်းလောက် ပေးရပါသည်။ ဟိုစဉ်က ဆီ ၁.၈ လီတာကို ၁၂ ဒါဟန်းပေးရပေမယ့် အခုချိန်မှာတော့ ၁၈ ဒါဟန်း ပေးရပါသည်။ အာရပ်ဘစ် ဆန်းဒဝစ်ခ်ျလို့ခေါ်တဲ့ ရှာဝါးမားတစ်ခုကို ၂ ဒါဟန်း ပေးရပေမယ့် အခုအချိန်မှာ ၅ ဒါဟန်း ပေးရပါသည်။ လစဉ်ပေးနေရတဲ့ ရေဖိုးမီးဖိုးက လေးနှစ်အတွင်း နှစ်ဆနီးပါး ခုန်တက်လာပါသည်။ နေထိုင်မကောင်းဖြစ်ရင် ဆေးရုံဆေးခန်းသွားရရင် ပေးရတဲ့ ကျန်းမာရေး စောင့်ရှောက်မှုစရိတ်ကလဲ မသေးလှပါ။

အကြမ်းဖြင်းအားဖြင့် ကျွန်မတို့ တစ်ဦးချင်းစီအတွက် ပုံမှန်အသုံးစရိတ်တွေကို ပြန်စိစစ်ကြည့်တော့ စားစရိတ် သွားစရိတ် နေစရိတ်
အင်တာနက် တယ်လီဖုန်းစရိတ် ကျန်းမာရေး ဝန်ဆောင်မှုစရိတ် သာရေး နာရေး လူမှုရေးအတွက် ကုန်ကျစရိတ် အပြင် မိန်းကလေးတွေအတွက် အသစ်အသစ်ပေါ်နေတဲ့ အဝတ်အစားနဲ့ အလှကုန်ပစ္စည်းတွေအတွက် ကုန်ကျစရိတ် ယောက်ျားလေးတွေအတွက် အရက်သေစာ ဆေးလိပ် လျှပ်စစ်ပစ္စည်း အသုံးအဆောင်တွေနဲ့ ဖွန်စရိတ်( ရည်းစားနဲ့ ကောင်မလေးတွေ အတွက် ပိုးကြေးပန်းကြေး ကုန်ကျစရိတ်) တွေက ကျွန်မတို့ ဝင်ငွေတွေနဲ့စာရင် လိုအပ်တာထက် အဆပေါင်းများစွာ ပိုကုန်နေတာကို ဘယ်သူမှ မငြင်းနိုင်ကြပါ။

ကျွန်မတို့ရဲ့ အသုံးစရိတ် အဖြုန်းစရိတ်တွေက ကျွန်မဦးလေးပြောသလိုပဲ ကျားကြီးသလို ခြေရာလဲ ကြီးလာပါသည်။ ဝင်ငွေနဲ့ ထွက်ငွေကို ညီမျှခြင်းချချိန်မှာ စုငွေက သိသိသာသာ လျော့ကျသွားပါသည်။ အနောက်နိုင်ငံသားတွေထဲမှာ စည်းကမ်းကြီးသူ စေ့စပ်သေချာသူတွေက လစာရဲ့ တစ်ဝက်တိတိကို စုဆောင်းနိုင်ကြပါသည်။ လစာရဲ့ တဝက်ကို မစုနိုင်သူတွေတောင် လစာရဲ့ သုံးပုံတစ်ပုံကို စုဆောင်းနိုင်အောင် အသုံးစရိတ်တွေကို စီမံခန့်ခွဲနိုင်ကြပါသည်။

ရှေးရိုးဆန်တယ်ပဲပြောပြော ကိုယ့်ဘဝ ရေ့ရေးအတွက် မစဉ်းစားဘူးပဲပြောပြော ဖိရိုးဖလာအစဉ်အလာအရ မိသားစုကို တချိန်လုံးထောက်ပံ့နေရတယ်ပဲပြောပြော ခေါင်းစဉ်မျိုးစုံအောက်မှာ ကျွန်မတို့ရဲ့ ရှေ့ရေးအတွက် စုဆောင်းငွေတွေ ပျောက်ဆုံးနေဆဲဖြစ်ပါသည်။ တုံးလုံးစာကိုမေ့လို့ မတ်တပ်စာအတွက် အနိုင်နိုင်ရုန်းကန်နေရဆဲ အနေအထားမှာပဲ ရှိနေခဲ့ပါသည်။

ပြီးတော့ ကျွန်မတို့ မြန်မာလူမျိုးတွေအများစုရဲ့ အဓိက အားနည်းချက်က Budgeting ခေါ်တဲ့ ဝင်ငွေနဲ့ ထွက်ငွေ မျှတအောင် စီမံခန့်ခွဲမှု အပိုင်းလို့ ပြောလို့ရပါသည်။

တစ်လအတွင်း ကုန်ကျမယ့် စားရိတ်တွေကို ကြိုတင်စီမံနိုင်ဖို့နဲ့ တခါတရံ မသုံးမဖြစ်သုံးရမယ့် လူမှုရေးအသုံးစရိတ်တွေ ပေါ်လာရင် လျှော့ချလို့ရတဲ့ အခြား ကိုယ်ပိုင်အသုံးစရိတ်တွေကို ပြန်လျှော့ချနိုင်ဖို့ အားနည်းနေဆဲဖြစ်ပါသည်။

ကျွန်မကိုယ်တိုင်ကလဲ Budget management workshop တစ်ခုကရလာတဲ့ tips တွေအနေနဲ့ အသုံးစရိတ်အချို့ကို လျှော့ချဖို့ ကြိုးစားဘူးပါသည်။ အောင်မြင်တဲ့ နေရာရှိသလို မအောင်မြင်တဲ့ နေရာတွေလဲရှိပါသည်။

ဒါပေမယ့် မရှိမဖြစ် သုံးနေ၇တဲ့ အသုံးစရိတ်တွေကို မလျှော့ချနိုင်ချိန်မှာတော့ အပိုသုံးမိတဲ့ အဖြုန်းစရိတ်တွေကို စာရင်းပြုစုကြည့်ပါသည်။ တကယ်မလိုအပ်တဲ့ ဖြုန်းတီးငွေများကို အသုံးစားရိတ်စာရင်းထဲက ဖယ်ထုတ်လိုက်တော့ အပိုငွေအချို့ထွက်လာပါသည်။

ပြီးတော့ အခြား နည်းလမ်းတွေဖြစ်တဲ့ shopping list လုပ်ပြီးမှ ဈေးဝယ်တဲ့ အကျင့်ကို ကျင့်သုံးမိပါသည်။ shopping list ကမျက်စိထဲတွေ့ရာမြင်ရာ ဝယ်လို့ ကုန်ကျမယ့် အပိုစရိတ်တွေကို ထပ်ပြီး လျှော့ချပေးပါသည်။

(မှတ်မှတ်ရရ ပိတ်ရက် တစ်ရက်မှာမှာ ချဉ်ပေါင်ကြော်စားဖို့အတွက် ၁၅ ဒါဟန်းသာယူပြီး ဈေးဝယ်ထွက်ခဲ့ဘူးပါသည်။ အဲဒီနေ့က တကယ်လိုအပ်တဲ့ ချဉ်ပေါင်နဲ့ မျှစ်အတွက် ကုန်ကျစရိတ် ၁၄.၅ ဒါဟန်းတိတိသာ သုံးဖြစ်ပါသည်။)

ပြီးတော့ မလိုအပ်ပဲ လက်ထဲမှာ ငွေသားများများ မထားတဲ့ အကျင့်တစ်ခုကို စပြီး လေ့ကျင့်မိပါသည်။ သွားလေရာနေရာတိုင်း မလိုအပ်ပဲ အေတီအမ်ကဒ်တွေမယူသွားသလို ငွေသားတွေလဲ များများစားစား သယ်မသွားမိအောင် ထိန်းချုပ်ကြည့်ပါသည်။

သိသိသာသာ အောင်မြင်ပါသည်။ လက်ထဲမှာ ငွေသားများများစားစား အလွယ်တကူမရှိတော့ အလွယ်တကူ စည်းမဲ့ကမ်းမဲ့ သုံးပစ်ချင်စိတ်က အလိုလို ပျောက်သွားပါသည်။

(ကျွန်မအဖေနဲ့ အကိုတွေ နောက်ပြောင်ခဲ့ဖူးသလို ဆင်တစ်ကောင်ကို တစ်ကျပ်နဲ့ ရောင်းမယ့်သူတွေ ဒီလိုတိုင်းပြည်မှာ မရှိနိုင်တာသေချာပါသည်။ မိန်းကလေးတစ်ယောက်ဖြစ်တာမို့ ဘယ်လိုနေရာသွားသွား ပိုက်ဆံ အပိုထည့်ထားတတ်ဖို့ ကျွန်မအဖေ အမြဲသတိပေးခဲ့ဘူးပါသည်။ ဒါပေမယ့် အလွယ်တကူ ပေါချောင်ကောင်းနဲ့ ရနိုင်မယ့် ပစ္စည်းတွေ ဒီလိုနေရာမှာမရှိနိုင်ပါ)

ကျွန်မတို့ကို အကြံပြုသူက အဖြစ်နိုင်ဆုံး အသုံးစရိတ်လျှော့ချနည်းတွေထဲက အလွယ်ဆုံးတွေကို စပြီး စမ်းသပ်ဖို့ အကြံပြုလာပါသည်။ သူတို့ အကြံပြုတဲ့ အတိုင်းလေ့လာကြည့်တော့ မလိုအပ်တဲ့ တယ်လီဖုန်းစရိတ်အချို့ မလိုအပ်ပဲ အပြင်မှာ စားသောက်မိတဲ့ သွားရည်စာ (Fast foods) စားသောက်စရိတ်အချို့ကို ပြန်စိစစ်လို့ရတာကို တွေ့လာပြန်ပါသည်။

ကျွန်မရဲ့ အတွေ့အကြုံအရ လစဉ် ၂၅၀ ကနေ ၃၀၀ နီးပါးကုန်နေတဲ့ တယ်လီဖုန်းအတွက် ကုန်ကျစရိတ်ကို ဒါဟန်း ၁၀၀ ကနေ ၁၅၀ လောက်အထိလျော့ကျအောင် လျှော့ချနိုင်ခဲ့ပါသည်။ တစ်လမှာ နှစ်ခါကနေ သုံးခါလောက် အပြင်မှာ ညစာထွက်စားတဲ့ အကျင့်ကို လုံးလုံး ဖျောက်ပစ်လိုက်တော့ ဒါဟန်း ၂၀၀ လောက်အထိ ထပ်ပြီးပိုထွက်လာပြန်ပါသည်။

ကျွန်မတို့ သတိမထားမိနိုင်ခဲ့တဲ့ အဓိက ငွေထွက်ပေါက်တစ်ခုဖြစ်တဲ့ Shopping cost တစ်မျိုး ကိုလဲ သတိတရနဲ့ ထိန်းသိမ်းနိုင်လာပါသည်။

အုပ်ထိန်းသူ မိသားစုတွေရဲ့ အဝေးမှာ ရှင်သန်နေသူတွေပီပီ ပျော်ရွှင်မှုတွေတွေ့လာရင်လဲ အတားအဆီးမဲ့ ပျော်ရွှင်နေကြသလို စိတ်ဖိစီးမှုတွေဝင်လာပြန်ရင်လဲ ကူရာကယ်ရာမဲ့ အလွန်အကျွံ့ ခံစားနာကျင်တတ်ကြပြန်ပါသည်။

အတိုင်းအဆမဲ့သော ပျော်ရွှင်မှု စိတ်ဖိစီးမှု ဆာလောင်မွတ်သိပ်မှုတို့က ကျွန်မတို့ကို မလိုအပ်ပဲ shopping လုပ်ဖို့ ငွေကို ပရမ်းပတာသုံးဖို့ တွန်းပို့နေတဲ့ အဓိက တရားခံဖြစ်နေတတ်တာကို သိလာရပြန်တော့လဲ ဗိုက်ဆာနေချိန် ပျော်ရွှင်နေချိန်နဲ့ စိတ်ဖိစီးမှုများပြီး စိတ်ဓါတ်ကျနေချိန်တွေမှာ ဈေးမဝယ်မိဖို့ သတိပေး ထိန်းချုပ်ရပြန်ပါသည်။

စိတ်ကို မထိန်းနိုင်ပဲ ဈေးဝယ်မိပြန်ရင်လဲ ဒီပစ္စည်းက ကိုယ့်အတွက် တကယ်လိုရဲ့လား ဒီပစ္စည်းကို တကယ်သုံးမှာသေချာလား ဗီရိုထဲထည့်ပြီး သော့ခတ်သိမ်းထားမှာလား ဆိုတဲ့ မေးခွန်းတွေကို နှစ်ခါမက ပြန်မေးပြီးမှ ဝယ်တဲ့ အကျင့်တစ်ခုလဲ ရလာပြန်ပါသည်။

နိုင်ငံခြားရောက်နေတာ ငါးနှစ်ရှိပြီ ဆယ်နှစ်ရှိပြီ ….ဘာမှမစုမဆောင်းမိဘူး.. ရှာလိုက် သုံးလိုက် ကုန်လိုက်….အကြွေးတင်လိုက် ပြန်ဆပ်လိုက် … ပြန်ချေးလိုက် သံသရာစက်ဝန်းထဲက မထွက်နိုင်ဘူး… ဆိုတဲ့ ညည်းညူသံတွေကိုတော့ မြန်မာလူမျိုးများအပြင် အခြားအခြားသော လူမျိုးခြားများဆီမှလဲ ကြားရတတ်ပါသည်။

အလုပ်လုပ်ဖို့ လိုအပ်နေသူတွေမို့ လစဉ် အမှန်တကယ်ကုန်ကျသင့်တဲ့ စားစရိတ်ကလွဲလို့ အခြားသော လျှော့လို့ရသမျှ အဖြုန်းစရိတ်တွေ လျှော့ချနိုင်ရင်တော့ အခြားသော လူမှုရေးကွက်လပ်တွေ ဖြည့်ဆည်းပေးဖို့ အမှန်တကယ် လိုအပ်နေသူတွေကို ကူညီထောက်ပံ့ဖို့ ကုသိုလ်ပြုဖို့ ငွေအပိုတွေ ထွက်လာမှာ သေချာပါသည်။

ကျားကြီး ခြေရာကြီး… ကျားသေး ခြေရာသေး… ဆိုတဲ့ စကားပုံအပြင် ကျားသေး ခြေရာကြီး စကားပုံတွေ ဖြစ်ရပ်မှန်တွေကို ကျွန်မတို့ ပတ်ဝန်းကျင်မှာ နေ့တဓူဝ တွေ့နေရဆဲဖြစ်တာမို့ ကျွန်မတို့ တတ်နိုင်တဲ့ အတိုင်းအတာမှာ တတ်နိုင်သလောက် စိစစ်သုံးစွဲနိုင်မယ်ဆိုရင်တော့ ကျားကြီးကြီးလဲ ခြေရာသေးသေးလေး ဖြစ်လာနိုင်မည်လေ…..

( ဒီအက်ဆေးကိုတော့ ကျားကြီး ခြေရာကြီးလှသော အကိုများ အမများအတွက် မေတ္တာသက်သက်ဖြင့် ရေးပါသည်)

စာမျက်နှာ (၃၃)

Aug 02
၁။ စကားနည်းနည်းပဲပြောပြီး များများ နားထောင်တတ်လာတယ်။

၂။ တစ်ယောက်တည်း တိတ်တိတ်ဆိတ်ဆိတ် နေရတာကို ပိုပြီး သဘောကျလာတယ်။

၃။ မရနိုင်တဲ့ အရာတွေအပေါ် တက်မက်စိတ်တွေ သိသိသာသာလျော့ကျသွားခဲ့တယ်။

၎။ တခါတရံမှာ စကားတစ်ခွန်းမှမပြောပဲ အသံတိတ် နားလည်ပေးတတ်လာတယ်။

၅။ အမှန်တရားကို အမှန်တရားလို့ ပြောခွင့်မရှိတဲ့ အခြေအနေမျိုးမှာ ပါးစပ်ပိတ်ပြီး ဥပေက္ခာ ပြုတတ်လာတယ်။

၅။ လောဘတွေ သိသိသာသာ လျော့ကျလာပေမယ့် ဒေါသတွေကတော့ သိသိသာသာ တိုးလာခဲ့တယ်။

၆။ သူတပါးအရေးကိစ္စတွေကို စိတ်မဝင်စားတော့သလို ကိုယ့်အရေးကိစ္စတွေကိုလဲ စိတ်ဝင်စားမှု လျော့ကျလာတယ်။

၇။ မမြဲခြင်းတရား မရှိခြင်းတရား ဆုတ်ယုတ် ပျက်စီးခြင်းတရားတွေနဲ့ နေသားကျလာခဲ့တယ်။

၈။ ကိုယ်ရေးချင်တဲ့စာတွေ ရေးရတာထက် သူများရေးတဲ့စာတွေကို ဂရုတစိုက်ဖတ်တတ်လာတယ်။

၉။ မလိုအပ်ပဲ အဝတ်အစား အသုံးအဆောင်တွေ မဝယ်မိအောင် မလိုတဲ့ အသုံးစရိတ်တွေ မသုံးမိအောင် စေ့စပ်သေချာလာခဲ့တယ်။

၁၀။ သူများရဲ့ အချိန်တွေကို မခိုးယူခဲ့သလို ကိုယ့်ရဲ့ အချိန်တွေကိုလဲ သူများကိုပေးဖို့ တွန့်တိုလာတယ်။

၁၁။ အချစ်ဆိုတာ ရုပ်ရှင်တွေထဲမှာ ဝတ္တုတွေထဲမှာပဲ လူစိတ်ဝင်စားစေတဲ့ အရာတစ်ခု ဆိုတာကို လက်ခံယုံကြည်လာခဲ့တယ်။ ( အပေါဆုံး ရောင်းကုန်… အချိုဆုံးမုသားထဲမှာ အချစ်က ထိပ်ဆုံးမှာ နေရာယူပါတယ်)

၁၂။ ကိုယ့်ဘဝမှာ ကိုယ်ကလွဲလို့ ဘယ်သူမှ ကိုယ့်လောက်အရေးမကြီးဘူးဆိုတာ လူတွေဆီက လေ့လာသင်ယူတတ်လာတယ်။

၁၃။ ကိုယ့်ပတ်ဝန်းကျင်က လူတွေထက် သဘာဝ လောကကြီးကို ပိုပြီး မြင်တတ်ကြည့်တတ်လာတယ်။ ဆိုးရွားပျက်စီးနေတဲ့ လူတွေကိုမနှမြောပဲ ဆိုးရွားပျက်စီးနေတဲ့ သဘာဝတရားတွေကို နှမြောစိတ်ပိုလာတယ်။

၁၄။ စကားများများပြောလာတဲ့ လူတွေကိုတွေ့ရင် သူတို့မျက်လုံးတွေကို တည့်တည့်ကြည့်ပြီး လူလိမ် ဟုတ် မဟုတ် အကဲခတ် ဆုံးဖြတ်တတ်လာတယ်။

၁၅။ လူတွေကို မြင်ယုံနဲ့ အားနာ သနားပြီး အလွယ်တကူ အကူအညီပေးတတ်တဲ့ အကျင့်ကို သိသိသာသာ ပြောင်းလဲပစ်နိုင်ခဲ့တယ်။ နိုး လို့ ချက်ချင်းလက်ငင်း ပြောပစ်ဖို့ ဝန်မလေးတတ်တော့ပါ။( အလုပ်ထဲမှာ အကူအညီ တောင်းသူတိုင်းကို နိုးလို့ ချက်ချင်း မငြင်းနိုင်ရင် အလုပ်ပြုတ်ဖို့ လမ်းက များသထက်များပါသည်။)

၁၆။ ချိုချိုသာသာပြုံးဖို့ ယဉ်ယဉ်ကျေးကျေးစကားဆိုဖို့ ဟက်ဟက်ပက်ပက် ရယ်မောဖို့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ဖို့ သိသိသာသာ ဝန်လေးတတ်လာခဲ့တယ်။

၁၇။ ဆုံးရှုံးခြင်းတွေက လူတွေကို ပိုပြီး တည်ငြိမ်ရင့်ကျက်စေတယ်ဆိုတာကို နားလည်သဘောပေါက်လာခဲ့တယ်။ ( ဆုံးရှုံးရတာများလေ တည်ငြိမ်ရင့်ကျက်လာလေ)

၁၈။ အချိန်တစ်ခုက အတွေးအခေါ်တစ်ခု ဘဝတစ်ခု ယုံကြည်မှုတစ်ခုကို အလွယ်တကူနဲ့ ပြောင်းလဲ စေနိုင်တာကို နားလည်လာခဲ့တယ်။

၁၉။ နာကျင်ခြင်းတွေကို အသိစိတ်က မေ့လျော့ထားနိုင်ခဲ့ပေမယ့် မသိစိတ်က မကြာခဏ သတိပေးနေသလို တခါတလေမှာ အိပ်မက်ထဲအထိ ဆွဲခေါ်လာတတ်တာကို လက်ခံလာတတ်ခဲ့တယ်။

၂၀။ စိတ်ဖိစီးမှုတွေ ကြောက်စိတ်တွေက လူကို နှစ်ကြိမ်နှစ်ခါ သေစေနိုင်တဲ့ အရာတွေဆိုတာ လက်ခံလာတတ်ခဲ့တယ်။

၂၁။ တစ်ကြိမ်တစ်ခါ ပျော်ရွှင်မှုအတွက် အကြိမ်ကြိမ်အခါခါ နောင်တ မရမိအောင် နေတတ်လာခဲ့တယ်။

၂၂။ မေတ္တာတရားတွေ သံယောဇဉ်တွေနဲ့ အဝေးဆုံးမှာ နေသားတကျဖြစ်နေခဲ့သလို ခွဲခွာခြင်းတွေအတွက် အသင့် ဖြစ်နေတတ်ခဲ့ပြီ။ ( အရောင်မျိုးစုံသော ချစ်ခြင်းတွေအတွက် ငိုပြီးတော့လဲ နားလည်တတ်လာသလို ရယ်မောပြီးလည်း နားလည်တတ်ခဲ့ပြီးပြီ…)

၂၃။ ပေးလိုက်ရတိုင်းလဲ အချစ်မဟုတ်သလို ယူခွင့်ရတိုင်းလဲ အချစ်မမည်ပါ…. အချစ်သည် အချစ် သက်သက်သာ ဖြစ်ပါသည်။ အပေးအယူ အတိမ်အနက် အနိမ့် အမြင့် အတက်အကျ သည် အချစ်ကို တိုင်းတာသော ယူနစ်များမဟုတ်ပါ။

၂၄။ ပြီးပြည့်စုံတဲ့ မိသားစုဘဝ... ပျော်စရာကောင်းတဲ့ အိမ်ပြန်ချိန် ဆိုတာ လူတိုင်းအတွက် အမြဲတမ်းမရှိနိုင်တာကို နာနာကျင်ကျင် ခံစား နားလည် တတ်လာခဲ့တယ်။

မှတ်ချက်။ ။ ဒီစာမျက်နှာ ၃၃ ကလို့ တမ်းတ တိုင်တည်ရာ မြတ်နိုးချစ်ခင်ရာ တန်ဘိုးထား လေးစားရာ ဖခင်တစ်ယောက် ကျွန်မ အနားမှာ မရှိတော့ပါ။

အရောင်မဲ့

Jul 15
မှန်ရှေ့မှာထိုင်ပြီး ကျောလယ်လောက် မရောက်တရောက် ရှည်လာပြီဖြစ်တဲ့ ဆံပင်တွေကို ဖီးသင်ရတဲ့ အချိန်တိုင်း၊ အလုပ်သွားခါနီးအချိန် ဆံထုံး ထုံးပြီး ညီမညီ တည့်မတည့် ပြန်ကြည့်ရတဲ့ အခါတိုင်း ဆံပင်ရဲ့ အရင်းပိုင်းနဲ့ အဖျားပိုင်းက မတူညီတဲ့ အရောင်နှစ်မျိုးကြောင့် စိတ်မသက်မသာ ဖြစ်ရပါသည်။

ကျွန်မ ဘာလို့များ ဆံပင်တွေကို အရောင်ဆိုးခဲ့မိပါလိမ့်။ အရောင်ဆိုးမိခြင်းရဲ့ နောက်ကွယ်က ဆိုးကျိုးတွေကို ဘာလို့များ ကြိုတင်မသိခဲ့ပါလိမ့်။ သဘာဝမဟုတ်တဲ့ အရောင်တစ်ခုဟာ အမြဲတမ်းအတွက် အာမခံချက် မပေးနိုင်ပဲ တခဏသာ လှတတ်တယ်ဆိုတာ ဘာလို့များ သတိမထားမိပါလိမ့်။

တကယ်တော့ လှချင်ပချင်တဲ့ မိန်းကလေးတွေမို့ ကျွန်မ အနားမှာ ရှိနေကြတဲ့ သူငယ်ချင်းတွေ အားလုံးက အသစ်အဆန်းပေါ်လာတဲ့ ဆံပင်ဆိုးဆေး ပေါင်းတင်ဆေး ဓါတုဗေဒ မပါတဲ့ သဘာဝ ဆံပင်ပေါင်းဆေးတွေရဲ့ သတင်းတွေကို အစဉ်သဖြင့် နားစွင့်နေကြသူတွေ။

မိန်းမလှလေးတွေအများဆုံး ရှိတဲ့ အလုပ်ခွင်မှာ မူလဆံပင် အရောင်ကို ပိုင်ဆိုင်သူရယ်လို့ ဆယ်ယောက်မှာ တစ်ယောက်လောက်သာ ကျန်ပြီး ကျန်တဲ့သူတွေ အားလုံးက ဆံပင် အရောင်ပေါင်းစုံနဲ့ လှချင်တိုင်းလှနေသူတွေ။

နိုင်ငံတကာကလာတဲ့ မိန်းမလှလေးတွေမို့ သူမတို့ ပိုင်ဆိုင်ထားတဲ့ ပင်ကို အသားအရောင်နဲ့ လိုက်ဖက်အောင် အရောင်စုံ အသွေးစုံဆံပင်တွေကို မမောနိုင် မပန်းနိုင်ပြုပြင် ထိန်းသိမ်းကြသည်။

နိုင်ငံတကာက ဆံကေသာ ပြုပြင်ထိန်းသိမ်းနည်းတွေကို ဖလှယ်ကြသည်။ အလုပ်ခွင် စည်းကမ်းတွေအရ ဆံပင်တွေကို သေသပ်အောင် ဖြီးသင် ထုံးဖွဲ့ရပေမယ့်လဲ တစုံတယောက် ဆံပင်အရောင် ပြောင်းလာတိုင်း သတိထားပြီး ချီးမွမ်းစကားတွေ ဆိုတတ်ကြသေးသည်။

ဆံပင်ဆိုးဆေးတွေရဲ့ သဘာဝကလဲ အချိန်ကြာလာလေ အရောင် တက်လာလေမို့ တခါတရံမှာလဲ အချိန်အတော်ကြာမှ သူငယ်ချင်းတွေရဲ့ ဆံပင်အရောင်တွေကို သတိပြုမိကြတာလဲ ရှိပါသည်။

ကျွန်မကတော့ သူငယ်ချင်းတွေ ဆံပင်အရောင်လှလှလေးတွေ ဆိုးထားတာတွေ့ရင် ငေးမော သဘောကျနေတတ်ပေမယ့် ကိုယ်တိုင်ကတော့ ဆံပင် အရောင်ဆိုးဖို့ ဘယ်တုန်းကမှ စိတ်မကူးခဲ့ဘူးပါ။

ကျွန်မဆီမှာ ရှိခဲ့ဘူးတဲ့ အယူအစွဲ တစ်ခုက ဆံပင်ဆိုးတဲ့ အလုပ်ကို အသက်ကြီးလို့ ဆံပင်တွေ ဖြူမှ လုပ်ရမယ်ဆိုတဲ့ ခေတ်နောက်ပြန်ဆွဲနေတဲ့ အယူတစ်ခုပဲ ဖြစ်ပါသည်။
ဆံပင်ဆိုးရင်လဲ အမည်းရောင်တစ်မျိုးပဲ ဆိုးရမယ်ဆိုတဲ့ ပုံသေနည်းကလဲ သံမှိုနဲ့ ရိုက်ထားသလို ခေါင်းထဲမှာ စွဲလို့။

ဒါပေမယ့် အကြောင်းတိုက်ဆိုင်လာတဲ့ တနေ့မှာတော့ ကျွန်မရဲ့ ခပ်ကြောင်ကြောင် အယူဝါဒတွေ ပျောက်လို့ နဂိုရှိရင်းစွဲ ဆံပင်ကို ကျွန်မ နှစ်သက်လွန်းတဲ့ မဟော်ဂနီရောင် ခပ်ဖျော့ဖျော့လေး ဆိုးခဲ့မိပါသည်။

ဆံပင်ကို အရောင်ဆိုးလေ့မရှိသူမို့ ဆံပင်အသစ်တွေ ပြန်ထွက်လာမယ့် တနေ့မှာ ရင်ဆိုင်ရမယ့် အခက်အခဲတွေကိုလဲ သိပ်မတွေးမိခဲ့။ မပူပင်တတ်ခဲ့။ ပြီးတော့ အဲဒီအချိန်တုန်းက ကျွန်မရဲ့ ပတ်ဝန်းကျင်မှာ ဆံပင်ကို အရောင်ဆိုးချင်သူ အရောင်ဆိုးနေသူတွေသာ ရှိနေခဲ့ပြီး ကျွန်မကို တားဆီးပိတ်ပင်မယ့်သူ မရှိခဲ့တာလဲ ပါပါသည်။

ကျွန်မရဲ့ ပတ်ဝန်းကျင်က သူငယ်ချင်းတွေကတော့ ကျွန်မလို တစ်သက်မှာ တစ်ကြိမ်သာ ဆံပင်ကို အရောင်ဆိုးသူတွေမဟုတ်။ ဆံပင်ရဲ့ အလှအပကို စောင့်ကြည့်နေတတ်ပြီး စနစ်တကျ ထိန်းသိမ်းတတ်သူတွေဆိုတော့ သူတို့တွေဆီမှာ ဆံပင်တွေ အရုပ်ဆိုးပြီး ကြည့်ရဆိုးတာမျိုးတွေ မတွေ့ရတတ်တာ မဆန်းပါ။

သူတို့ဆံပင်တွေရှည်လာပြီး အရောင် နှစ်မျိုးဖြစ်တဲ့ အချိန်အထိတောင် မစောင့်ပဲ မကြာခဏ အရောင်ပြောင်းနေတတ်သူတွေဆိုတာကိုလဲ ကျွန်မက မေ့လျော့ခဲ့သည်လေ။

ဆံပင်ဆိုးပြီး လအနည်းငယ် ကြာချိန်မှာတော့ အသစ်ထွက်လာတဲ့ သဘာဝဆံပင် အနက်ရောင်နဲ့ အရောင် တဖိတ်ဖိတ်ထွက်နေတဲ့ အဖျားပိုင်းက ဆံပင်တွေက သိသိသာသာ ကွဲထွက်နေတာကို စတင် သတိထားမိလာပါသည်။ အရောင်မတူတဲ့ ဆံပင် နှစ်မျိုးက သသေချာချာ သတိထားမိလာလေ ပိုဆိုးလေဖြစ်လာခဲ့ပါသည်။

အလုပ်ခွင်မှာ ဆံထုံးထုံးထားချိန်မှာ အရမ်း မသိသာလှပေမယ့် ဆံပင်ကို မထုံးပဲ ဖြန့်ချထားချိန်မှာတော့ အလွန်အင်မတန် ကြည့်ရဆိုးနေခဲ့ပါသည်။

ကျွန်မရဲ့ ဆံပင်တွေအတွက် အကြီးအကျယ် စိတ်ညစ်မိတာမို့ ကျွန်မရဲ့ အခက်အခဲကို သူငယ်ချင်းတွေကို ပြောပြမိပါသည်။
အနားမှာ ရင်းရင်းနှီးနှီးရှိတဲ့ သူငယ်ချင်းငါးယောက်ကို မေးတော့ အကြံအစည် ငါးမျိုးရလာပါသည်။ ရလာတဲ့ အကြံဥာဏ်တွေအားလုံးကလဲ အခြားအရောင်ပြောင်းဆိုးဖို့ပဲ ဖြစ်နေခဲ့ပါသည်။

တခါသေဖူးရုံနဲ့ ပျဉ်ဖိုးနားလည်ခဲ့တာမို့ အခြားအရောင်ဆိုးဖို့ High light ဖော်ဖို့ အကြံတွေအားလုံးကို တထိုင်တည်း ငြင်းပစ်လိုက်ပါသည်။ ဆံပင်ဆိုးဆေးတွေမှာ ပါတဲ့ ဓါတုပစ္စည်းတွေကိုလဲ ကြောက်လန့်မိသည်လေ။

နောက်ဆုံးအကြိမ်အဖြစ် ဆံပင်ဖြောင့်မိစဉ်က ဆံပင်ဖြောင့်ဆေးတွေ လိမ်းသုတ်ထားတဲ့ ဆံပင်ကို နာရီဝက်လောက်အကြာမှာ ဆွဲဆန့်ကြည့်တော့ အရည်ပျော်လုပျော်ခင် ပျော့စိသွားတဲ့ ဆံပင်တွေက လိုအပ်တာထက်ပိုပြီး ရှည်လျားစွာ စပလိန်တစ်ခုလို လက်ထဲမှာ ပါလာတာကို အလန့်တကြား တွေ့ခဲ့ဘူးသည်လေ။

ပြီးတော့ ဆံပင်ဖြောင့်ဆေးရဲ့ အနံ့ဆိုးဆိုးက တပတ်လောက်ကြာတဲ့ အထိလူကို နှိပ်စက်သလို ဆေးတင်ထားချိန်မှာလဲ မျက်ရည်တွေ ဝိုင်းလာတဲ့အထိ ပြင်းရှလှသည်လေ။
သဘာဝ မဟုတ်တဲ့ ဆံပင်ဖြောင့်ဆေး ဆိုးဆေး ပေါင်းဆေးတွေမှာ ကျွန်မတို့ မသိနားမလည်နိုင်တဲ့ ဓါတုဗေဒ ဆိုးဆေးတွေ ပါနေမှာသေချာပါသည်။

ဆိုးဆေး ပေါင်းဆေးတွေနဲ့ မတည့်သူတွေအတွက် ချက်ချင်းလက်ငင်း သိမြင်ခံစားနိုင်တဲ့ ဆိုးကျိုးတွေကလဲ တပုံတပင်။ အခန့်မသင့်ရင် ဆံပင်ကျွတ်မယ်။ ဦးရေပြားယားယံမယ်။ ဘောက်တွေ ထွက်မယ်။
လူတန်းစား ပေါင်းစုံ သုံးစွဲနိုင်တဲ့ ဈေးပေါလှတဲ့ ဆေးတွေသာမက ကမ္ဘာကျော် ဆိုးဆေး ဖြောင့်ဆေးတွေမှာလဲ အလားတူ ဆိုးကျိုးတွေ ရှိနိုင်တာကို ဘယ်သူမှ ငြင်းလို့မရနိုင်ပါ။

ကျွန်မရဲ့ အခက်အခဲကို ပြေလည်စေဖို့အတွက် ကျွန်မ သူငယ်ချင်းတစ်ယောက်ပြောသလို အရောင်မညီတဲ့ ဆံပင်တွေကို ညှပ်ပစ်ရမယ့် အရေးကလဲ သိပ်မလွယ်လှ။
အရောင်ညှိဖို့ အတွက် ဆိုးထားတဲ့ ဆံပင်တွေကို ညှပ်ရမယ်ဆိုရင်တော့ ကျွန်မရဲ့ ဆံပင်တွေက လက်လေးလုံးစာလောက်သာ ကျန်တော့မည်။ စာကလေးအမွေးနှုတ်ထားသလို တိုနှံ့နှံ့နဲ့ ဘယ်လိုမှ ကြည့်ကောင်းမှာမဟုတ်။

ဆံပင်အရောင်ဆိုးခြင်းတွေနဲ့ အတော်အတန် အကျွမ်းတဝင်ရှိလှတဲ့ အခန်းဖော် သူငယ်ချင်းကတော့ ဓါတုဗေဒ ဆေးတွေမပါပဲ အသုံးပြုနိုင်မယ့် သဘာဝ ဆိုးဆေးတစ်မျိုးကို နှစ်ပတ်တစ်ကြိမ်လောက် ဆိုးကြည့်ဖို့ တိုက်တွန်းလာခဲ့ပါသည်။
သူပေးတဲ့ နည်းကတော့ ကျွန်မတို့လက်ရှိနေထိုင်တဲ့ အာရပ်နိုင်ငံက အမျိုးသမီးတွေ တော်တော်များများသုံးနေကြတဲ့ ဆံပင်အရောင်တင်နည်းပဲ ဖြစ်ပါသည်။

အာရပ်အခေါ် ဟန (Hana) (ကျွန်မတို့သိထားတဲ့ ဒါန်း) ကို အမျိုးသမီးတွေရဲ့ လက်တွေမှာ တက်တူးထိုးသလို အလှဆင် ရေးဆွဲလေ့ရှိပါသည်။ ဟန ဆိုးဆေးက ဆယ်ရက်ကနေ နှစ်ပတ်အထိပဲ အသားပေါ်မှာ စွဲနေပြီး တဖြည်းဖြည်းနဲ့ အရောင်ပြယ်သွားတတ်တာမို့ ယာယီ တက်တူးလို အသုံးပြုကြပါသည်။

ဟနအမှုန့်ကို ကြက်ဥအကာ ကော်ဖီမှုန့်တွေနဲ့ ရောမွှေပြီး နှစ်ရက်လောက် နှပ်ထားရပါမည်။ ပြီးမှ ဆံပင်ကို ဆိုးဆေးအဖြစ် အရောင်တင်လိုက်ရင် ကျွန်မတို့ နှစ်သက်တဲ့ မဟော်ဂနီရောင်နဲ့ ရွှေအိုရောင်စပ်တဲ့ အရောင်လှလှလေးကို ရတာမို့ ဆံပင်ဆံသား မပျက်စီးစေတဲ့ ဆိုးဆေးလို့ ပြောကြပါသည်။

ကျွန်မနဲ့ ရင်းနှီးတဲ့ သူငယ်ချင်းတွေကိုယ်တိုင် အာရပ်လူမျိုး သူငယ်ချင်းမတွေဆီက လေ့လာသင်ယူထား ပြီး သူတို့ကိုယ်တိုင်လဲ ပေါင်းဆေး ဆိုးဆေးအဖြစ် စိတ်ချ ယုံကြည်စွာ သုံးနေတာကို တွေ့နေရပါသည်။
အခန်းဖော်သူငယ်ချင်းကိုယ်တိုင်က အားပေးနေပေမယ့် ဆံပင်တွေ အရောင်ညှိဖို့ စိတ်ကူးပေါက်တိုင်း သူမကို မေးလိုက် ပြန်စဉ်းစားလိုက် လုပ်နေမိပါသည်။

ဆံပင် အားဖြည့်ပေးတဲ့ ပေါင်းဆေးလို သုံးလို့ရနေတဲ့ သဘာဝ ဆိုးဆေးလို့ ပြောနေကြပေမယ့် သူ့ရဲ့ သဘာဝက နှစ်ပတ်ထက်ပိုပြီး မခံတာမို့ အရောင် တလက်လက်ထနေတဲ့ ကျွန်မရဲ့ ဆံပင်တွေ မညှပ်ပစ်မချင်း နှစ်ပတ်တစ်ကြိမ် ဆံပင်ဆိုးတဲ့ အလုပ်ကို လုပ်နေရတော့မှာ သေချာနေပါသည်။

သဘာဝလို့ ဆိုပေငြားလည်း ယာယီဆိုးဆေးပါတကား လို့သာ ညည်းတွားချင်မိပါသည်။
တကယ်တော့ သဘာဝကို ဆန့်ကျင်တဲ့ အရောင်တွေကို ကျွန်မတို့ရဲ့ ခဏတာ ပျော်ရွှင်မှုအတွက် အသုံးချနေတာဟာ မလိုလားအပ်တဲ့ ဆိုးကျိုးတွေကို ဖိတ်ခေါ်နေသလို ဖြစ်နေပါသည်။

အဲဒီဆိုးကျိုးတွေကို မကြာခဏ အရောင်ပြောင်းလိုသူ အသစ်အဆန်းကို မက်မောသူတွေက သတိထားမိချင်မှလဲ သတိထားမိပါလိမ့်မည်။
သတိထားမိပေမယ့်လဲ ခဏတာ ပျော်ရွှင်တစ်ခုနဲ့ ရက်ရက်စက်စက် လဲလှယ်ပစ်လိုက်ကြတာလဲ ဖြစ်နိုင်ပါသည်။

တခါတုန်းက လူလိန်ရေးတဲ့ အကြည်ရောင်ဆိုတဲ့ ပို့စ်တစ်ပုဒ်ကို မျှဝေပေးလာတဲ့ သူငယ်ချင်းတစ်စုနဲ့ သဘာဝ အရောင်အကြောင်း ဆွေးနွေးခဲ့ဘူးတာကို အခုလို တိုက်ဆိုင်လာချိန်မှာ သတိရလိုက်မိပါသည်။

ကျွန်မတို့ အဓိက ဆွေးနွေးငြင်းခုန်မိတာက ချစ်ခြင်းကို ကိုယ်စားပြုတဲ့ အရောင်တစ်ခု အကြောင်းပဲ ဖြစ်ပါသည်။
အဖြူရောင်ကို ဖြူစင်သန့်ရှင်းတဲ့ အချစ်ရဲ့ သဘာဝ အရောင်လို့ တစ်ယောက်က ပြောတော့ အခြားတစ်ယောက်က ဆိုးဆေးအရောင်လုံးဝ မရှိတဲ့ အရောင်မဲ့ ချစ်ခြင်းဆိုတာကို သိကြပါသလားလို့ မေးလာခဲ့ဘူးပါသည်။

ကျွန်မတို့ရဲ့ နေ့စဉ်ဘဝတွေမှာ သဘာဝအရောင်တွေကိုပဲ ရွေးချယ် အသုံးပြုနိုင်မယ်ဆိုရင် ကျွန်မတို့တွေအတွက် အကောင်းဆုံး ဖြစ်ပါလိမ့်မည်။
အရောင်ဆိုးထားတဲ့ အစားအစာတွေ အရောင်ဆိုးထားတဲ့ ခြေသည်း လက်သည်းတွေ အရောင်ဆိုးထားတဲ့ ဆံကေသာတွေ အရောင်ဆိုးထားတဲ့ အဝတ်အထည်တွေရဲ့ အန္တရာယ်တွေကို ကျွန်မတို့ သိရက်နဲ့ မက်မောနေဖို့ မသင့်တော့ပါ။

ပြီးတော့ လူမှုဆက်ဆံရေး နယ်ပယ်မှာလဲ ဖြူစင်တဲ့ အရောင်မရှိတဲ့ သဘာဝအရောင်သည်သာ အကောင်းဆုံး ဖြစ်ပါလိမ့်မည်။
လူမှုရေးနယ်ပယ်မှာ အဖြူရောင်ကိုမှ အရောင်ထပ်ဆိုးချင်တယ်ဆိုရင်တော့ သူ့ရဲ့နောက်ကွယ်က ဆိုးကျိုး အပြစ်တွေကို ရင်ဆိုင်ဖို့ အသင့် ဖြစ်နေသင့်ပါသည်။

ကျွန်မကိုယ်တိုင်လဲ မလိုအပ်ပဲ အရောင်ဆိုးမိခြင်းရဲ့ ဆိုးကျိုး အပြစ်တွေကို အတွေ့အကြုံဆိုးတွေနဲ့အတူ ခံစားနေရပါသည်။
ကိုယ်တိုင်က အတွေ့အကြုံမရှိပဲ အရောင်ဆိုးမိခဲ့တာမို့ ပြစ်မှုတစ်ခု ကျူးလွန်မိသလို ဆိုးဆိုးရွားရွား မခံစားရပေမယ့် ထိထိရှရှတော့ ဖြစ်ခဲ့ရတာကို မငြင်းလိုပါ။

အရောင်ဆိုးလိုတဲ့ ရည်ရွယ်ချက်မျိုး မရှိပဲ အရောင်ဆိုးမိခြင်းတွေ ကျွန်မတစ်ယောက်တည်းမှာမှ မဟုတ်ပဲ အခြားသော လူတွေမှာလဲ ရှိနေနိုင်သည်လေ။။။။။

လူတိုင်းက အမှားတွေ လုပ်ဖို့ မွေးဖွားလာတာမဟုတ်ပေမယ့် အမှားတွေ မလုပ်မိအောင်တော့လဲ အချိန်တိုင်း နေရာတိုင်းမှာ ရှောင်တိမ်းဖို့ မစွမ်းသာပါ။။။။။

တနေ့နေ့ တချိန်ချိန်မှာ မရည်ရွယ်ပါပဲ အမှားတွေ လုပ်မိဖို့ အကြောင်းအရာတွေ ဖန်လာတတ်သည်ပဲ။
မတော်တဆ ဖြစ်ခဲ့ဘူးတဲ့ အမှားအတွက် တသက်လုံး ကြေကွဲနေဖို့မလိုပေမယ့် အဲဒီအမှားကို ထပ်မမှားမိအောင် ရှောင်နိုင်ရင်ပဲ လူပီသပီလို့ ပြောလို့ရနိုင်သည်လေ။

တနေ့တခြား ဆိုးဆေးတွေ များလာတဲ့ ကမ္ဘာမှာ ကျွန်မသူငယ်ချင်း ပြောခဲ့ဘူးသလို ဆိုးဆေး အရောင်တွေလုံးဝ မရှိတဲ့ အရောင်မဲ့ ကမ္ဘာမှာ နေနိုင်ရင်တော့ အကောင်းတကာ့ အကောင်းဆုံး ဖြစ်မှာ သေချာပါသည်။

အရောင်မဲ့တဲ့ ချစ်ခြင်းတွေကသာ ဖြူစင် အပြစ်ကင်းတယ်လို့ သူက ဝန်ခံခဲ့သည်လေ....

သံသရာစက်ဝန်းထဲမှာ

Jul 10
ကျွန်မရဲ့သူငယ်ချင်းတွေနဲ့ ကျွန်မ ဘယ်နေရာမှာ ဘယ်လိုတွေ့ဆုံခဲ့တယ် သိကျွမ်းခဲ့တယ် ဆိုတာထက် သူတို့တွေ ကျွန်မကို ဘယ်နေရာမှာ ဘယ်လိုခွဲခွာသွားကြတယ်ဆိုတာကို ပိုလို့ မှတ်မိနေခဲ့ပါသည်။

မိသားစုနဲ့အတူနေခဲ့စဉ် အချိန်တွေတုန်းကတော့ သူငယ်ချင်းတွေနဲ့ ခွဲခွာရခြင်းတွေအတွက် ထူးခြားစွာ ဝမ်းနည်းခြင်း လွမ်းဆွေးတသခြင်း သိပ်မရှိခဲ့ပါ။

နွေးထွေးတဲ့ မေတ္တာတွေနဲ့ လွှမ်းထားတဲ့ မိသားစုနဲ့ယှဉ်ချိန်မှာ သူငယ်ချင်းဆိုတဲ့သံယောဇဉ်က ခပ်တိမ်တိမ် ဖြစ်နေတတ်သလို သူငယ်ချင်းတွေကို လွမ်းရတဲ့အလွမ်းကလဲ သိပ်မပြောပလောက်ပါ။

မှတ်မှတ်ရရ မိသားစုနဲ့အဝေးမှာတော့ သူငယ်ချင်း မိတ်ဆွေတွေကို သိသိသာသာ သံယောဇဉ် တွယ်တတ်လာခဲ့ပါသည်။ သူငယ်ချင်းတွေရဲ့ ဂရုစိုက်မှု အလေးပေးမှု သံယောဇဉ်တွေကိုလဲ သိသိသာသာ ဆာလောင်ငတ်မွတ်လာခဲ့ပါသည်။

မိဝေးဖဝေးရောက်နေသူတွေမို့ သူငယ်ချင်း မိတ်ဆွေတွေကိုပဲ မိသားစုဝင်တွေလို မောင်နှမ သားချင်းတွေလို ဆွေးမျိုးရင်းချာတွေလို ပုံစံမျိုးစုံနဲ့ သံယောဇဉ်တွယ်ရပါသည်။

မေတ္တာ ငတ်နေသူတွေပီပီ အနီးစပ်ဆုံး သူငယ်ချင်းတွေကသာ ကျွန်မတို့အတွက် တိုးတိုးဖော် ရင်ဖွင့်ဖော် စားဖော် သွားဖော် ငယ်ပေါင်းကြီးဖော်လို ဖြစ်လာခဲ့ပါသည်။

မှတ်မှတ်ရရ လေးနှစ်ကျော်ကာလအတွင်း မိဝေးဖဝေးမှာ သူငယ်ချင်းမိတ်ဆွေပေါင်းများစွာ တွေ့ခွင့် ခင်မင်ခွင့်ရခဲ့ပါသည်။

ဒူဘိုင်းရောက်ပြီးမှ တိုးပွားလာခဲ့သော ကျွန်မနဲ့ ခင်မင်သူ မိတ်ဆွေ အရေအတွက်ကို တိတိကျကျ မှတ်မထားမိပေမယ့် အချိန်တိုအတွင်းမှာ ခင်မင်ရင်းနှီးခွင့်ရခဲ့သူတွေ အချိန်တိုအတွင်းမှာ ကျွန်မကို ပြန်လည် ခွဲခွာသွားခဲ့ကြတာကိုတော့ အသေးစိတ်မှတ်မိနေခဲ့ပါသည်။

ပထမဆုံးခွဲသွားသူက ကျွန်မရဲ့ ပထမဆုံးအခန်းဖော် သူငယ်ချင်းမလေးပဲ ဖြစ်ပါသည်။ သူမနဲ့ နောက်ဆုံးတွေ့ဖြစ်ခဲ့တဲ့ ညကတော့ အခြားအခန်းဖော်တစ်ယောက်ဖြစ်နဲ့အတူ သုံးယောက်သား အသံတိတ် မျက်ရည်ကျခဲ့ဘူးပါသည်။

ဒူဘိုင်းကို အတူတူရောက်လာပြီး ပထမဆုံး သိကျွမ်းခဲ့ရတဲ့ အခန်းဖော်သုံးယောက်မို့ သူမနဲ့ ခွဲရတဲ့ အချိန်တုန်းက မငိုမိအောင် စကားလမ်းကြောင်းတွေ ပြောင်းပြီး ရယ်စရာတွေ ပြောနေခဲ့ပေမယ့် နောက်ဆုံး အနမ်းပေးကြချိန်မှာတော့ သုံးယောက်လုံး မျက်ရည်တွေဝဲနေခဲ့ပါသည်။

နောက်ပိုင်းမှာတော့ တစ်ယောက်စ နှစ်ယောက်စ ခွဲခွာရာကနေ တဖြည်းဖြည်းနဲ့ ကျွန်မကို ထားခဲ့ပြီး ရေကြည်ရာ မြက်နုရာကို ထွက်သွားကြသူတွေ တစတစ များပြားလာခဲ့ပါသည်။

အချိန်တိုအတွင်းမှာ သိကျွမ်းခင်မင်ခဲ့ရသူတွေ တစ်ယောက်ပြီး တစ်ယောက် နှုတ်ဆက်လာတိုင်း သူနဲ့ဆိုရင် ဒီကထွက်သွားတဲ့သူတွေ ဘယ်နှစ်ယောက်တောင် ရှိနေပြီဆိုပြီး စိတ်ထဲကနေ ပြန်လည်တွက်ချက်နေတတ်ပါသည်။

ဒါပေမယ့် ခွဲခွာခြင်းတွေအတွက် ခံနိုင်ရည်မွေးထားသလို အတွေ့အကြုံက ပေးလာတဲ့ ရင့်ကျက်မှုတွေကြောင့် မျက်ရည်တော့ အလွယ်တကူ မကျတတ်တော့ပါ။

နောက်ပိုင်းမှာတော့ သံယောဇဉ်တွေရဲ့ နှိပ်စက်ခြင်း ဒဏ်ရာတွေနဲ့ ခွဲခွာခြင်းဒဏ်ရာတွေ ပိလာသလို ခံစားရတာမို့ အသိမိတ်ဆွေ တိုးပွားလာမှာကို တွေးတွေးပြီး ကြောက်လာမိပါသည်။ အသိမိတ်ဆွေ တစ်ယောက်တိုးတိုင်းလဲ ဘယ်အချိန်မှာ ဘယ်လိုပုံစံနဲ့ ငါ့ကိုပြန်ခွဲသွားမလဲ မသိ ဆိုတဲ့ အတွေးက သတိပေး တပ်လှန့်နေတတ်ပါသည်။

တခါတရံမှာလဲ သူငယ်ချင်းမိတ်ဆွေ အသစ်တွေတိုးလာမှာထက် ရှိနေတဲ့ မိတ်ဆွေတွေ ကျွန်မ အနားကနေ တစတစ လျော့ကျသွားမှာကိုလဲ တွေးတွေးပြီး စိတ်မကောင်းဖြစ်နေမိတတ်ပါသည်။

အပေါင်းအသင်း ဝင်ဆံ့တဲ့ သူငယ်ချင်းတစ်ယောက်ကတော့ သူငယ်ချင်း မိတ်ဆွေဆိုတာ နေရာတိုင်းမှာ ရှိသင့်တယ်။ ကိုယ်နဲ့ တွေ့ခွင့် ကြုံခွင့်ရချိန်မှာ အားလုံးကို ချစ်ချစ်ခင်ခင် ပေါင်းသင်းတတ်ရတယ်လို့ မကြာခဏ ပြောလေ့ရှိပါသည်။

သူပြောတာလဲ မှန်ပါသည်။ နေရာတိုင်းမှာ အသိမိတ်ဆွေရှိနေမှလဲ အထီးကျန်ဆန်လွန်းတဲ့ အကျည်းတန်ချိန်တွေကို အပြုံးမပျက် ကုန်လွန်စေမည်……..

လုပ်ငန်းခွင်က စိတ်ဖိစီးမှုတွေ လုပ်ငန်းခွင်ပြင်ပက စိတ်ဓါတ်ကျ အားငယ်စိတ်တွေကို လျော့ကျစေမည်….

နေ့သစ်တွေအတွက် ခွန်အားသစ်တွေ ဖြစ်ထွန်းစေမည်လေ….

ကျွန်မတို့နဲ့ နေ့တဓူဝ ရင်းရင်းနှီးနှီး ပေါင်းသင်းတဲ့ သူငယ်ချင်းတွေအပြင် ရံဖန်ရံခါ ခရီးသွား ဟန်လွဲ တွေ့ရတတ်တဲ့ သူငယ်ချင်းတွေလဲ ကျွန်မတို့ ဘဝထဲမှာ များစွာ ရှိနေတတ်ပါသည်။

စက္ကန့်ပိုင်း မိနစ်ပိုင်းမျှသာ ဖြတ်သွားဖြတ်လာ တွေ့ခွင့်ရခဲ့ပေမယ့် အမှတ်တမဲ့ မိတ်ဆွေတွေကပေးခဲ့တဲ့ အမှတ်တရ ဖြစ်ရပ်ပေါင်းများစွာ ဘဝထဲမှာ ထင်ကျန်ရစ်တတ်ပါသည်။

တခါတုန်းက ဗီဇာအသစ်လဲဖို့အတွက် အိမ်နီးချင်းနိုင်ငံတစ်ခုကို နေ့ချင်းပြန် သွားခဲ့ရဘူးပါသည်။ လေဆိပ်မှာ Check-In ဝင်တော့ ကောင်တာမှာ တာဝန်ကျတဲ့ အမျိုးသားဝန်ထမ်းက ကျွန်မရဲ့ ပါစ်ပို့ကို ကြည့်ပြီး “နင်နဲ့ငါနဲ့ တစ်ရက်တည်းမွေးတာပဲ အခုလို သိခွင့် မြင်ခွင့်ရတာ အရမ်းဝမ်းသာတယ် ငါ့မွေးနေ့ရောက်တိုင်း နင်နဲ့ ဆုံခဲ့ဘူးတာကို သတိရနေမယ်နော်” ဆိုပြီး နှုတ်ဆက်လာခဲ့ဘူးပါသည်။

ခရီးသွားဟန်လွဲ တွေ့ခဲ့ရသလို မိတ်ဆွေ သူငယ်ချင်းလဲ မဖြစ်ခဲ့တာမို့ နောက်ပိုင်းမှာတော့ သူနဲ့ ဆုံဘူးတာကို ကျွန်မမေ့သွားခဲ့ပါသည်။ ဒါပေမယ့် ကျွန်မ မွေးနေ့ ရောက်တိုင်း တခါတုန်းက သူနဲ့ ဆုံဘူးတာကို ပြန်ပြီး အမှတ်ရနေမိပါသည်။

သိပ်မကြာသေးခင်က ညတစ်ညမှာလဲ ကျွန်မတို့အလုပ်လုပ်နေတဲ့ လေဆိပ်ကို လူစားထိုးပြီး ဂျူတီကျလာတဲ့ ဝန်ထမ်း တစ်ယောက်နဲ့ လေးနာရီလောက် အတူတူ အလုပ်လုပ်ခဲ့ရပါသည်။

သူတို့တွေ ဂျူတီလဲချိန်မှာ အသစ်ဝင်လာတဲ့ သူက ကျွန်မကို လှမ်းနှုတ်ဆက်တော့ ဟိုင်းတစ်ခွန်းပဲ ပြောပြီး လုပ်စရာရှိတဲ့ အလုပ်ကို ဆက်လုပ်နေမိပါသည်။ ကျွန်မကိုယ်တိုင်ကလဲ တခါဘူးမှ မသိဘူး မမြင်ဘူးသူတစ်ယောက်ကို ဟိုင်းထက်ပိုပြီး မနှုတ်ဆက်တတ် မဖော်ရွေတတ်။

ရုတ်တရက် ကျွန်မဘေးနားကို သူရောက်လာပြီး “ ဟေး နင့်ကို အပျိုလား အိမ်ထောင်သည်လားလို့ ငါမမေးဘူး … အသက်ဘယ်လောက်လဲ ဘယ်မှာ နေလဲ မမေးဘူး ….နင့်ဖုန်းနံပါတ်ကိုလဲ မတောင်းဘူး..... နင်နဲ့ ဒင်နာထွက်စားဖို့လဲ ဒိတ်မလုပ်ဘူး.... ဒါပေမယ့် နင်နဲ့ငါနဲ့ အလုပ်အတူတူ တွဲလုပ်ရမှာဆိုတော့ နင့်နာမည်လေးတော့ သိခွင့်ရမယ်ထင်ပါတယ်” လို့ ပြောလာခဲ့ပါသည်။

သူ့ကို ဟိုင်းတစ်ခွန်းပြောရုံလောက်သာ အသိအမှတ်ပြုမိတဲ့ ကျွန်မကို လူမှုရေးနားမလည်သူလို့ ထင်သွားပုံရပါသည်။ သူထိုင်နေတဲ့ ခုံကို ကျွန်မနားအထိ ဆွဲယူလာပြီး မိကျောင်းသားက ရှည်လျားစွာ မိတ်ဆက်လာခဲ့ပါသည်။

“ငါ့မှာ အိမ်ထောင်ရှိတယ် ပထမအိမ်ထောင်က မိဘပေးစားတာ ကွဲသွားပြီ အခု ဒုတိယ အိမ်ထောင်နဲ့နေတယ် ဒီမှာ အလုပ်လုပ်တာ ငါးနှစ်ကျော်ပြီ …. …. လူတစ်ယောက်နဲ့ အကြောင်းတိုက်ဆိုင်လို့ ခဏလေးတွေ့ခွင့်ရတဲ့ အချိန် အလုပ်အတူတူ လုပ်ခွင့်ရချိန်လေးမှာ စကားလေးနည်းနည်းလောက် ပြောကြည့်တာ အပန်းမကြီးလောက်ပါဘူးနော်…. နောက်လဲ နင်နဲ့ငါက တွေ့ရမယ့်သူတွေမှ မဟုတ်တာ “လို့ တစ်ယောက်တည်း စကားတွေ ဖောင်ဖွဲပြီး ပြောနေခဲ့ပါသည်။

ညစာစားချိန်ရောက်တော့ စားသောက်ဆိုင်ကို ဖုန်းဆက်ပြီး ထမင်းမှာနေသံကြားရပါသည်။ ထမင်း ဟင်းတွေ ရောက်လာချိန်မှာတော့ နှစ်ယောက်စာ စားသောက်စရာတွေကို အသင့်ပြင်ဆင်ပြီး ကျွန်မကို ထမင်းစားဖို့ ဖိတ်လာခဲ့ပါသည်။။

ထမင်းစားချိန်အတွင်းမှာ သူ စကားသိပ်မပြောပါ။ ထမင်းစားပြီး ချိန်မှာတော့ “ကလေးမ လောကကြီးကို ဘောင်ခတ်ပြီး မကြည့်နဲ့ ပြတင်းပေါက်ကို ဖွင့်ကြည့်တာထက်စာရင် အိမ်ပြင်ထွက်ကြည့်တာက လောကကြီးကို ပိုပြီး ကြည်ကြည်လင်လင် ပြတ်ပြတ်သားသား မြင်ရတတ်တယ်” ဆိုတဲ့ စကားတစ်ခွန်းကိုတော့ သတိပေးသလို ပြောခဲ့ပါသည်။

သူပြောသလိုပဲ ကျွန်မတို့ကြားမှာ နောက်ထပ်တွေ့စရာ ဆုံစရာ အကြောင်းအရာမရှိတာမို့ အခုချိန်အထိ သူနဲ့ ပြန်မတွေ့ရတော့ပါ။ သူဘယ်နိုင်ငံကလဲ ဘာလူမျိုးလဲ ဆိုတာကို ကျွန်မ မှတ်မိတော့ပေမယ့် တခါတရံမှာ လောကကြီးကို ဘောင်ခတ်ပြီး ကြည့်ဖို့ ကြိုးစားတိုင်း သူသတိပေးဘူးတဲ့ စကားတွေကို ပြန်အမှတ်ရမိပါသည်။

တကယ်လဲ ကျွန်မတို့ ပတ်ဝန်းကျင်မှာ လေ့လာသင်ယူစရာ အသစ်အသစ်တွေနဲ့ ပြည့်နှက်နေတတ်ပါသည်။

ကျွန်မတို့ နှစ်သက်မြတ်နိုးလွန်းတဲ့ မိတ်ဆွေတွေကို မခွဲနိုင်မခွာရက်စွာ ဖက်တွယ်ထားရင်း အိမ်အပြင်ဘက်ကို ထွက်ကြည့်ဖို့ ဝန်လေးနေတဲ့ အဖြစ်မျိုးတွေကို မကြာမကြာ တွေ့ခဲ့ဘူးပါသည်။

တကယ်ဆိုရင် ကျွန်မတို့ မမြင်ဘူး မသိဘူးတဲ့ အသစ်သစ်တွေကို သယ်ဆောင်လာပေးတတ်သူတွေကလဲ ကျွန်မတို့နဲ့ မရင်းနှီး မကျွမ်းဝင်ခဲ့ဘူးတဲ့ သူငယ်ချင်း အသစ်အသစ်တွေပဲ ဖြစ်နေတတ်ပါသည်။

သံယောဇဉ်တွေနဲ့ ရစ်ပတ်နှောင်ဖွဲ့နေရင်း တွေ့ဆုံခြင်း ခွဲခွာခြင်း သံသရာတွေလည်နေတဲ့ လောကမှာ….

သံယောဇဉ်အနှောင်အဖွဲ့တွေနဲ့ အကြောင်းအမျိုးမျိုးကြောင့် ခွဲခွာရမှာလဲ ဓမ္မတာ…

သံယောဇဉ်ဟောင်းတွေနဲ့ ခွဲခွာပြီး အခြားတနေရာမှာ သံယောဇဉ် အသစ်တွေ တိုးပွားရမှာလဲ ဓမ္မတာ…

တွေ့ဆုံရခြင်းရဲ့ နောက်ကွယ်မှာ ခွဲခွာခြင်းဆိုတာကလဲ ကပ်ငြိနေတတ်တာလဲ သဘာဝပေမို့……

သူငယ်ချင်းများစွာနဲ့ သံသရာလည်နေသူများအတွက် တွေ့ဆုံချိန် ခွဲခွာချိန်တိုင်းမှာ အမှတ်တရ ရှိနေတတ်ဖို့ …

သစ်ပင်စိုက်သူများ

Jun 13
ကျွန်မရဲ့ အခန်းပြတင်းပေါက်ကနေ အပြင်ကို လှမ်းကြည့်လိုက်တိုင်း နေပြင်းပြင်းအောက်မှာ ထိုးထိုးထောင်ထောင်ထွက်နေတဲ့ ဆောက်လက်စ အဆောက်အဦတွေ အနိမ့်အမြင့် မညီတဲ့ တိုက်ကြီးတွေနဲ့ စူပါမားကက်အချို့ကိုသာ တွေ့ရလေ့ရှိပါသည်။

အခုလိုနွေကာလရဲ့ ပြင်းပြတဲ့ နေရောင်အောက်မှာ ကျွန်မ မက်မက်မောမော တောင့်တနေမိတာက အရွက်စိမ်းစိမ်း အရွက်ဖားဖားတွေနဲ့ အေးမြတဲ့ အရိပ်ကိုပေးနိုင်မယ့် သစ်ပင်တစ်ချို့ပဲဖြစ်ပါသည်။

ကျွန်မနေထိုင်ကြီးပြင်းခဲ့တဲ့ ဒေသတွေမှာရှိတဲ့ ကုက္ကိုပင်လို ညောင်ပင်လို အရိပ်ကောင်းကောင်း ပေးနိုင်တဲ့ သစ်ပင်တွေ မဟုတ်ရင်တောင် နွေအပူဒဏ်ကို အလူးအလိမ့်ခံနေရတဲ့ နေရာတစ်ခုမှာ မျက်စိအေးစေရုံသက်သက် ရင်အေးစေရုံသက်သက် ပြုစုပျိုးထောင်ထားတဲ့ အစိမ်းရောင်စိုစို အလှစိုက်သစ်ပင် ပန်းပင်တွေကို မကြာခဏ တောင့်တမိပါသည်။

သစ်ရိပ်ဝါးရိပ်တွေရဲ့ အဝေးကိုရောက်မှ သစ်ရိပ်ဝါးရိပ်တွေရဲ့ တန်ဘိုးကို သတိတရတတ်တာ လွမ်းတတ်တာ သိပ်တော့မဆန်းလှပါ။

နွေလည်ကာလမဟုတ်ပေမယ့် နေ့အပူချိန်က ၃၅ဒီဂရီစင်တီဂရိတ်ကနေ ၄၂ ဒီဂရီစင်တီဂရိတ်လောက်အထိ ပူပြင်းသလို လေထုထဲမှာ ရေငွေ့ပါဝင်နှုန်းက ရာခိုင်နှုန်း ငါးဆယ်သာသာမှာပြနေတာမို့ လေပူပူ နေပူပူ အောက်မှာ သစ်ရိပ်ဝါးရိပ်ကို ဖြတ်တိုက်လာတဲ့ လေနုအေးအေးလေးကို မကြာမကြာ တမ်းတမိပါသည်။

နောက်လတွေဆိုရင် နေ့အပူချိန်က ၄၀ ဒီဂရီထက်ကျော်ပြီး ၄၅ ဒီဂရီလောက်အထိလည်း တက်ချင်တက်လာနိုင်ပါသည်။ ဒီဒေသမှာ အပူချိန် အမြင့်ဆုံး စံချိန်တင်ခဲ့တဲ့ ၂၀၀၈ ဇွန်လရဲ့ အပူချိန်ကိုတော့ ၅၁ ဒီဂရီအထိ ဖော်ပြထားတာကို တွေ့ခဲ့ဘူးပါသည်။
လေးနှစ်ကျော် ငါးနှစ်နီးပါးနေသားကျနေပေမယ့် ခြောက်သွေ့ပူပြင်းပြီး လေထန်တဲ့ ရာသီဥတုအောက်မှာ သစ်ပင် ဝါးပင်တွေရဲ့ အရိပ်တွေကို ငတ်မွတ်နေမိတာနဲ့အမျှ အပူပိုင်းကန္တာရမှာ ပေါက်လေ့ရှိတဲ့ သစ်ပင်ကြီးတွေ ဘယ်လိုနေရာတွေမှာ တွေ့နိုင်မလဲလို့ တခါတရံ စဉ်းစားမိတတ်ပါသည်။

ကန္တာရနိုင်ငံပီသစွာ အချို့အချို့သော အထင်ကရ လူစည်ကားလှတဲ့ နေရာတွေမှာတော့ လူတစ်ရပ်သာသာရှိတဲ့ စွန်ပလွန်ပင်တွေ အုန်းပင်လိုလို ထန်းပင်လိုလို အပင်တွေနဲ့ အလှဆင်စိုက်ပျိုးထားတဲ့ ရောင်စုံပန်းခင်းတွေ မြက်ခင်းစိမ်းစိမ်းတွေကို တွေ့ရတတ်ပါသည်။


ဆောင်းတွင်းကာလ နေ့လည်နေ့ခင်း အလုပ်ပြန်ချိန်တွေမှာ ကျွန်မအရပ်ထက် အနည်းငယ်ပိုမြင့်တဲ့ စွန်ပလွန်ပင်တန်းတွေဘက်ကကွေ့ပတ်ပြီး လမ်းလျှောက်ပြန်ခဲ့ဘူးပါသည်။

မြက်ခင်းစိမ်းတွေပေါ်ကြွေကျနေတဲ့ စွန်ပလွန်သီး စိမ်းစိမ်းလေးတွေက မြက်ခင်းရဲ့ အရောင်နဲ့ ရောနေတာမို့ အသီးကင်းလေးတွေကို မနင်းမိအောင် သတိထားနင်းကျော်ရင်း မြက်ခင်းတွေပေါ်မှာ မြွေလိမ်မြွေကောက် ဖြတ်လျှောက်ရတဲ့ အရသာကိုလဲ ထူးထူးခြားခြား နှစ်သက်မိပါသည်။

အလှမွေးထားတဲ့ မြက်ခင်းစိမ်းစိမ်းတွေပေါ် ဖြတ်နင်းလာရင်း အပိုင်းပိုင်းဖြတ်ပြီး ပုံထားတတ်တဲ့ လေးထောင့်စပ်စပ် စိမ်းစိမ်းစိုစို မြက်ခင်းတွေကိုမြင်တိုင်း ဘာမြက်အမျိုးအစားမျိုးဖြစ်မလဲ…. အပူပိုင်းဒေသမှာသာ စိုက်လို့ရတဲ့ ဘာမြူဒါမြက်ပင်များလား စိန့်သြဂတ်စတင်းမြက်ပင်များလား အခုဆိုရင် ဒီမြက်ပင်တွေရဲ့ ဈေးက ဘယ်လောက်လောက်ရှိနေပြီလဲ…. ဒီလို ပူပြင်းတဲ့ ဒေသမှာ ဒီလို မြက်ခင်းစိမ်းစိမ်းတွေ နေရာတိုင်းမှာ ရှိနေရင် ကောင်းမှာပဲ……စသည်ဖြင့် ရောက်တတ်ရာရာ လျှောက်တွေးနေတတ်ပါသေးသည်။

ဒါပေမယ့် အခုလို နွေကာလ နေ့လည်ခင်းချိန်တွေမှာတော့ ကျွန်မ နှစ်သက်တဲ့ စွန်ပလွန်ပင်တွေအောက်မှာ လမ်းလျှောက်ဖို့ မလွယ်တော့ပါ။

တကယ်ဆို အဒီရပ်ဒေသကို မရောက်ခင်အချိန်အထိ သစ်ပင်တွေ ပတ်ဝန်းကျင်ရာသီဥတုတွေကို သိပ်စိတ်မဝင်စားခဲ့ပါ။

သစ်ပင်စိုက်ဖို့ကိုလဲ ဘယ်တုန်းကမှ စိတ်မကူးခဲ့ဘူးပါ။

ကျွန်မမွေးဖွား ကြီးပြင်းလာတဲ့ ပတ်ဝန်းကျင်မှာတော့ သစ်ပင် ခြံမြေတွေကို ချစ်မြတ်နိုးသူတွေနဲ့ ပြည့်နှက်နေခဲ့ပါသည်။ ကျွန်မရဲ့ ဘိုးဘွားတွေကစလို့ ကျွန်မရဲ့ မိဘ ဦးကြီး ဒေါ်ကြီးများ ဆွေမျိုးများအားလုံး သစ်ပင် ခြံမြေ ဥယျာဉ်တွေကို ချစ်ခင်တွယ်တာသူတွေ သစ်ပင်စိုက်ဖို့ လက်မတွန့်ကြသူတွေ ဖြစ်ကြပါသည်။

သစ်ပင်စိုက်တဲ့ အလေ့အထကို မျိုးဆက်တွေအနေနဲ့ ခွဲခြမ်းစိတ်ဖြာကြည့်လိုက်တော့ ကျွန်မရဲ့ နှစ်ဘက်သော အဘိုးအဘွားတွေက သစ်ပင်ကို မြတ်နိုးချစ်ခင်ကြသူတွေဖြစ်သလို အခွင့်အရေးရတိုင်း သစ်ပင် ပန်းပင်တွေ စိုက်ပျိုးခဲ့ကြသူများဖြစ်ပါသည်။

ကျွန်မရဲ့ မိဘတွေနဲ့ ဦးကြီး ဒေါ်ကြီးများကလဲ သစ်ပင်စိုက်သူ သစ်ပင်ချစ်ကြသူများဖြစ်ကြပါသည်။

ဒါပေမယ့် ကျွန်မတို့ မောင်နှမတွေလက်ထက်မှာတော့ သစ်ပင်စိုက်ဖူးသူ မရှိသလောက်ကို ရှားပါးသွားပါသည်။ တကယ်ဆို ကျွန်မတို့ မောင်နှမတွေကို သစ်ပင်စိုက်ဖို့ စိတ်မဝင်စားကြသူများ လို့လဲ ပြောလို့ရပါသည်။

လွန်ခဲ့တဲ့ ဆယ်နှစ်ခန့်က ကျွန်မရဲ့ အကိုကတော့ ဖေဖေ့ရဲ့ ဖိအားပေးမှုကြောင့် မြို့နဲ့မနီးမဝေး စိုက်ပျိုးရေးဇုန်တစ်ခုမှာ ခြံတစ်ခြံဝယ်ပြီး သီးပင် စားပင်တွေစိုက်ခဲ့ဘူးပါသည်။

ခြံဝယ်ပြီးစ အချိန်တုန်းကတော့ စနေတနင်္ဂနွေ ရုံးပိတ်ရက် ကျောင်းပိတ်ရက်တွေမှာ ဖေဖေက သားသမီးတွေအားလုံးကိုခေါ်ပြီး ခြံထဲ ဆင်းလေ့ရှိပါသည်။

တနေ့လုံး စားဖို့ စားစရာတွေအပြင် အပင်စိုက် ပေါင်းသင်မြက်နှုတ် ရေလောင်း ခြံရှင်းဖို့ ကိရိယာ တန်ဆာပလာအစုံအလင်နဲ့ ခြံထဲဆင်းချိန်တွေမှာ အဖေနဲ့တကွ ကျွန်မရဲ့ အကိုတွေအားလုံး ပျော်ရွှင်နေလေ့ရှိပါသည်။

နောက်ပိုင်းမှာတော့ အသက်မွေးဝမ်းကျောင်း စီးပွားရေးတစ်ခု မဟုတ်တာမို့ အဲဒီခြံကို ဆက်လက် ထိန်းသိမ်းခြင်းအလုပ်ကို ရပ်ပြီး ပစ်ထားခဲ့တာ အခုအချိန်ထိပဲ ဖြစ်ပါသည်။

မှတ်မှတ်ရရ ကျွန်မတို့ မောင်နှမတွေအားလုံး ငယ်ဘဝကိုတော့ သစ်ပင်တွေ ကြားမှာ ဖြတ်သန်းခဲ့ဘူးပါသည်။ နွေရာသီ ကျောင်းပိတ်ရက်တွေကို ဧကပေါင်းများစွာ ကျယ်ဝန်းလှသော စံပါယ်ခြံ သရက်ခြံကြီးတွေထဲတွင် တလှည့် သီးပင်စားပင်တွေနဲ့ ပြည့်နှက်နေတဲ့ ဥယျာဉ်ခြံကြီးထဲမှာ တလှည့် ကုန်ဆုံးခဲ့ဘူးပါသည်။

ဒါပေမယ့် ကျွန်မတို့ မောင်နှမအားလုံးကတော့ မြို့စော်နံချင်သူတွေပီပီ မြို့ကြီးသားဖြစ်ချင်သူတွေ ပီပီ သစ်သီးတွေ ခွဲစားချိန်ကလွဲလို့ စားပင်သီးပင် ပန်းပင်တွေအနားသို့ပင် မကပ်ခဲ့ဘူးပါ။

ကျွန်မ ပထမနှစ်စတက်ချိန်မှာလဲ ပန်းပင်လေးတွေကို ချစ်ခင်မြတ်နိုးလှတဲ့ သူငယ်ချင်းမလေးတစ်ယောက်နဲ့ သိကျွမ်းခဲ့ပါသည်။ သစ်ပင် ပန်းပင်တွေကို စိတ်မဝင်စားခဲ့ပေမယ့် ကျွန်မက သူငယ်ချင်းကို ချစ်ခင်စိတ်နဲ့ သူမသွားလေရာ သစ်ပင်ပန်းမာလ်ပြပွဲတွေကို သူမနဲ့အတူတူရောက်ခဲ့ပါသည်။

ရန်ကုန်မြို့မှာ ရှိရှိသမျှသော ပျိုးဥယျာဉ်တွေကို သူမနဲ့အတူတူ မကြာမကြာရောက်ခဲ့ပါသည်။ သူမနေတဲ့ တိုက်ခန်းရဲ့ ဝရန်တာ သေးသေးလေးမှာ စင်သေးသေးလေးတွေ ရိုက်ပြီး ကျပ်ညပ်နေအောင် စိုက်ထားတဲ့ ပန်းအိုးတွေကြားမှာ သူမနဲ့အတူတူ စာကျက်ခဲ့ဘူးပါသည်။

ဝရန်တာမှာ တွဲလောင်းချိတ်ဆွဲထားတဲ့ သစ်ခွပန်းပင်လေးတွေကို အောက်ဆီဂျင်ပေးပြီး တယုတယ စိုက်နေတာကိုမြင်တိုင်းလဲ “ရှင်က စိတ်ရှည်လိုက်တာနော်” လို့ အသံထွက်ပြီး ချီးကျူးမိပါသည်။ ကျွန်မက သူမလို ပန်းပင်တွေကို တယုတယ မြတ်နိုးတတ်သူမဟုတ်လို့ သူမရဲ့ စိတ်ရှည်မှုကိုတော့ လေးစားခဲ့ဘူးပါသည်။

ရန်ကုန်မှာနေတဲ့ ကျွန်မရဲ့ အဘွားကတော့ အိမ်မှာ ဂမုန်းပင်ပေါင်းစုံကို ပန်းအိုးစင်လေးတွေ ရိုက်ပြီး စိုက်ထားပါသည်။ အဘွားရဲ့ အိမ်မှာ ဂမုန်းပင်တွေကို နေ့စဉ်တွေ့နေရတတ်ပေမယ့် ကလေးပီပီ အရောင် အနံ့မရှိ အသီး အပွင့်မရှိတာမို့ သိပ်စိတ်မဝင်စားခဲ့ပါ။

အဘွားရဲ့ ဂမုန်းပင်တွေထဲမှာမှ ရှားရှားပါးပါး ကျွန်မစိတ်ဝင်စားခဲ့ဘူးတဲ့ တစ်ပင်တည်းသော ဂမုန်းပင်ကတော့ ပန်းပွင့် ဖြူဖြူဝိုင်းဝိုင်းလေးပွင့်တဲ့ လဝန်းဂမုန်းပင်လေးတစ်ပင်ပဲ ဖြစ်ခဲ့ပါသည်။

လဝန်းဂမုန်းပင်က ပွင့်တဲ့ ဂမုန်းပန်းလှလှလေးကိုတော့ ကျွန်မရဲ့အချစ်တော် ဆရာမလေးအတွက် ကျောင်းသွားချိန်မှာ တယုတယ ယူသွားခဲ့ဘူးပါသည်။

ဂမုန်းပင်တွေအပြင် အခြားဆေးဘက်ဝင် အပင်အချို့ကိုလဲ အဘွားက စိတ်ရှည်လက်ရှည် စိုက်ထားခဲ့ပါသည်။

အဘွားရဲ့ ဆေးဘက်ဝင်ပင်တွေထဲမှာမှ အိမ်ရှေ့တည့်တည့်မှာ စိုက်ထားတဲ့ မရိုးကြီးပင်ကတော့ အင်မတန် အသုံးတည့်လှပါသည်။ အိမ်ရှေ့က ဖြတ်သွားဖြတ်လာသူတွေက ပန်းဖြူဖြူလေးတွေ ပွင့်နေတဲ့ မရိုးကြီး ပင်ကိုတွေ့တိုင်း သူ့ရဲ့ အသုံးတည့်ပုံကို မေးမြန်းပြီး ကိုင်းချိုးသွားလေ့ရှိပါသည်။

ကျွန်မရဲ့ ဖေဖေကတော့ ကြုံရင်ကြုံသလို အိမ်ပတ်ဝန်းကျင်မှာရှိတဲ့ မြေလွတ် မြေကွက်လပ်တွေမှာ စားပင်တွေ အရိပ်ရပင်တွေ စိုက်လေ့ရှိပါသည်။ ဖေဖေစိုက်ခဲ့တဲ့ အပင်တွေထဲမှာ ကြခတ်ဝါးပင်တွေလဲ ပါပါသည်။

နွေရာသီ ပူပြင်းတဲ့ နေရောင်အောက်မှာ အရိပ်တစ်ခုရအောင်ဖန်တီးထားတဲ့ ဖေဖေရဲ့ ဝါးပင်တွေရဲ့ တန်ဘိုးကို အရိပ်ခိုဖူးသူတိုင်းက အသိအမှတ်ပြုကြပါသည်။ ဝါးပင်တွေကို စိုက်ထားတာမို့ အန္တရာယ်ရှိတဲ့ တိရိစ္ဆာန်တွေခိုအောင်းမှာစိုးတာမို့ ဝါးပင်လေးတွေရဲ့ ခြေရင်းကို အမြဲတမ်းရှင်းလင်းနေအောင် သန့်ရှင်းရေးလုပ်တဲ့ တာဝန်ကိုလဲ ကျွန်မရဲ့ ဖေဖေကပဲ ယူထားခဲ့ပါသည်။

တခါတရံမှာတော့ မေမေက ဖေဖေ့ဝါးပင်အောက်ခြေကို အမှိုက်ရှင်းတဲ့ တာဝန်ကို ပူးတွဲပြီး ယူပေးပါသည်။

နယ်မှာရှိတဲ့ အဘိုးရဲ့ အိမ်မှာလဲ အိမ်ရဲ့ လေးဘက်လေးတန်လုံးမှာ စားပင်သီးပင်တွေနဲ ပြည့်နေတတ်ပါသည်။

အဘိုးရဲ့ အိမ်ရှေ့တည့်တည့်မှာတော့ လမ်းသွားလမ်းလာများကို တချိန်လုံး မျက်ခမ်းလှုပ်စေတတ်တဲ့ ဒူးရင်ပင်တစ်ပင်ရှိပါသည်။ နေ့မရွေးညမရွေး ဒူးရင်းသီးကြွေကျသံကြားရတိုင်း လမ်းသွားလမ်းလာတွေကို ထိခိုက်မှာစိုးစိတ်နဲ့ အဘိုးရော အဘွားရော စိုးထိတ်နေခဲ့ဘူးပေမယ့် ဒူးရင်းပင်ကကြွေကျလာတဲ့ ဒူးရင်းသီးကတော့ လမ်းသွားလမ်းလာတွေကို ဒုက္ခမဖြစ်စေခဲ့ပါ။

ညတုန်းက ဒူးရင်းသီး ကြွေကျသံကြားတယ်လို့ အိမ်သားတစ်ယောက်က ပြောသံကြားမိတဲ့ မနက်ခင်းတိုင်းမှာ အိမ်ရှေ့က ကွန်ကရစ် အုတ်ခုံလေးပေါ်မှာ ဒူးရင်းသီးတစ်လုံးကို မြင်တွေ့ရစမြဲ။ ဖြတ်သွားဖြတ်လာတွေက လူသွားလမ်းပေါ်မှာ ကြွေကျနေတဲ့ ဒူးရင်းသီးကို ကျော်ခွမသွားတတ်ကြ ကန်ကျောက်သွားဖို့လဲ မစဉ်းစားကြ။ ကျွန်မတို့ အပင်ကသီးတဲ့ အသီးဆိုတာကို သိနေကြတာမို့ ကျွန်မတို့ အိမ်ရှေ့က အုတ်ခုံလေးပေါ်မှာ သိတတ်စွာ တင်ပေးသွားတတ်ပါသည်။

ဒူးရင်းပင်ရဲ့ ဘေးဘက်က မြေကွက်လပ်တွေမှာတော့ သဘာဝအတိုင်းပေါက်နေတဲ့ စကြာင်္ပန်းဖြူဖြူလေးတွေနဲ့ ငှက်ပျောပင်တွေရှိပါသည်။

အိမ်ရဲ့ အနောက်ဘက်မှာလည်း များပြားလှတဲ့ အဘိုးရဲ့ ငှက်ပျောပင်တွေနဲ့အတူ ကိုင်းလုံးညွတ်မျှ သီးတတ်သော ဒန့်သလွန်ပင် သင်္ဘောပင် ကျွဲကောပင်များရှိပါသည်။

ငှက်ပျောပင်တွေများလွန်းတာမို့ အိမ်နောက်ဘက်ခြမ်းကို ငှက်ပျောတောလို့ ခေါ်လေ့ရှိပီး အဘိုးရဲ့ ငှက်ပျောတောကတော့ မျောက်တွေလို အဆော့သန်လှတဲ့ သူ့ရဲ့မြေးတွေအတွက် အတော်လေးကို အသုံးဝင်လှပါသည်။ ကျွန်မရဲ့ အကိုတွေ မောင်တွေ အပြစ်တစုံတရာလုပ်မိတိုင်း အဘိုးက ငှက်ပျောပင်တွေမှာ ကြိုးနဲ့ချည်ပြီး ဒဏ်ပေးလေ့ရှိပါသည်။ ပြီးတော့ ငှက်ပျောပင်က ခွာလို့ရတဲ့ ငှက်ပျောဖတ်တွေနဲ့ မနာကျင်စေအောင် တဖတ်ဖတ်ရိုက်ပြီး မြေးတွေကို ပြစ်ဒဏ်ပေးတတ်ပါသေးသည်။

အိမ်ရဲ့ ဘေးဘက်ခြမ်းမှာလဲ စင်တင်ပြီးစိုက်ထားတဲ့ ကြက်ဟင်းခါးပင်တွေနဲ့ ငရုတ်သီးစိမ်းပင်များ သင်္ဘောပင်များ ရှိပါသည်။

ရန်ကုန်က မြေတွေနဲ့ယှဉ်ရင် နယ်ကမြေက မြေဆီမြေနှစ်ပိုကောင်းတယ် အပင်စိုက်ရင် ပိုဖြစ်ထွန်းတယ်လို့ အဘိုးကပြောတိုင်း မူလတန်းကျောင်းသူကျွန်မက သဲရောင်စုံ ရွှံ့ရောင်စုံတွေတူးလို့ရနေတဲ့ အဘိုးရဲ့ခြံထဲက မြေပျော့ပျော့တွေကို ပြေးမြင်တတ်ပါသည်။

ကလေးတစ်ယောက်ရဲ့ အတွေးမှာတော့ အဘိုးပြောပြောနေတတ်တဲ့ မြေဆီမြေနှစ်ဆိုတာကို ကျွန်မတို့ကလေးတွေ ချစ်တဲ့ သဲရောင်စုံ ရွှံ့ရောင်စုံ မြေကြီးအရောင်စုံလို့ပဲ အလွယ်တကူ မှတ်ထားခဲ့ဘူးပါသည်။

အဘိုးတွေ အဘွားတွေ ကျွန်မတို့ရဲ့ မိဘတွေ စိုက်ထားတဲ့ သစ်ပင်တွေကို ရေတွက်ကြည့်ရင် မမှတ်မိနိုင်လောက်အောင် များပြားနေပေမယ့် ကျွန်မတို့ရဲ့ မျိုးဆက်ကို ရောက်လာချိန်မှာတော့ ကျွန်မတို့ စိုက်ခဲ့တဲ့ သစ်ပင်ဆိုပြီး လက်ညှိုးထိုးပြစရာ မရှိခဲ့ပါ။

ခေတ်ကာလယန္တယားနဲ့အညီ လည်ပတ်နေကြသူများမို့ ကျွန်မတို့မောင်နှမတွေအားလုံး သစ်ပင်စိုက်ဖို့ အချိန်မပေးနိုင်ခဲ့ပါ။

ကျွန်မရဲ့အကိုတွေကတော့ ယောက်ျားလေးပီပီ သစ်ပင်စိုက်ဖို့ထက် ဘောလုံးကန်ဖို့ ခြင်းခတ်ဖို့ ငါးမျှားထွက်ဖို့ အရေးကိစ္စတွေကို ပိုလို့ စိတ်ဝင်စားတတ်ပါသည်။
ကျွန်မရဲ့ မိဘတွေ အိပ်မက်မက်နေကြသလို သစ်ပင်တွေ ဥယျာဉ်ခြံမြေတွေကြားမှာ ကြီးပြင်းအသက်ရှင်ဖို့ ဘဝရဲ့ အဆုံးပိုင်းအချိန်တွေကို သစ်ပင် ပန်းပင်တွေကြားမှာ ကုန်ဆုံးဖို့လဲ စိတ်မကူးခဲ့ကြပါ။

နွေရာသီ အပန်းဖြေခရီးတစ်ခုမှာတော့ တောင်ပေါ်ဒေသက စိန်တလုံးသရက်ခြံတစ်ခြံကို မျက်စိလည်ပြီး ရောက်သွားခဲ့ဘူးပါသည်။ သရက်ပင်ပုပုလေးတွေကြားက မြေစိုက်တဲသေးသေးလေးထဲမှာ ထိုင်ပြီး ခြံထွက် သရက်သီး ချိုမြမြကို မြည်းစမ်းကြည့်မိချိန်မှာတော့ ဖေဖေ့ရဲ့ ဆန္ဒတစ်ခုဖြစ်တဲ့ ကိုယ်ပိုင်သစ်ပင်တစ်ပင် စိုက်ပျိုးကြည့်ဖို့ စိတ်ကူးက ပြန်ပေါ်လာခဲ့ပြန်ပါသည်။

သစ်ပင်လေး တစ်ပင်တလေလောက် စိုက်ဖူးတယ်ရှိအောင်စိုက်ကြည့်ပါလား သမီးရယ်လို့ ဖေဖေပြောလာစဉ်အချိန်တုန်းကတော့ ဖေဖေ့ရဲ့ စေတနာကို သိပ်ပြီး နားမလည်တတ်ခဲ့ပါ။

မဆိုစလောက်ရရှိလာတဲ့ ခြံထွက်သီးနှံတွေကို ခူးဆွတ်ခွင့် ရတဲ့အတွက် ရတဲ့ ပီတိတွေ ပျော်ရွှင်မှုတွေကို သားသမီးတွေကို မျှဝေပေးချင်တဲ့ ဆန္ဒတစ်ခုတည်းနဲ့ ဖေဖေစားပင်သီးပင်တွေကို စိုက်စေချင်ခဲ့တာပဲ ဖြစ်ပါသည်။

ကိုယ်တိုင် စိုက်ထားတဲ့ သစ်ပင်လေးရဲ့ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေကို စောင့်ကြည့်နေရတဲ့ ပီတိကိုလဲ ကျွန်မတို့ကို သိစေချင်ပုံရပါသည်။

ပြီးတော့ သစ်ပင်တွေကြားမှာ ချွေးတလုံးလုံးနဲ့ အလုပ်ရှုပ်နေရခြင်းကိုလဲ သဘာဝ အားကစားတစ်ခုလို့ အဖေက သတ်မှတ်ထားပုံရပါသည်။
တကယ်ဆို ကျွန်မရဲ့ ဖေဖေက သစ်ပင်တွေ သစ်တောတွေပြုန်းတီးကုန်လို့ ဂေဟ စနစ်တွေ ပြောင်းလဲနေတယ် ရာသီဥတုတွေ ဆိုးဝါးလာနိုင်တယ်ဆိုတာတွေကို တွေးတော ပူပန်တတ်သူမဟုတ်ပါ။

အမေဇုန်သစ်တောကြီး တစတစပျောက်ဆုံးနေတဲ့ နောက်ကွယ်က မမြင်နိုင်တဲ့ သဘာဝ ဘေးအန္တာရယ်တွေ မြန်မာလူမျိုးတွေ တနှစ်ကို ကာဗွန်ဒိုင်အောက်ဆိုက်တွေ တန် ၂၀ လောက် လေထုထဲကို ထုတ်လွတ်နေတယ်ဆိုတဲ့ လောဂျစ်တွေကိုလဲ ဖေဖေသိနေခဲ့လို့မဟုတ်ပါ။

ကျွန်မတို့ တစ်ဦးချင်းစီက ဖြစ်လာတဲ့ ၀.၂ တန်မျှသော ကာဗွန်တွေဟာ နာဂစ်လို ဂီရိလို ဆိုးရွားတဲ့ မုန်တိုင်းတွေ ဖြစ်စေတဲ့ အတွက် သဘာဝပါတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့ တာဝန်တစ်ရပ်အနေနဲ့ သစ်ပင်စိုက်စေချင်ခဲ့တာမဟုတ်ပါ။

သရက်သီးစိတ်ချိုချိုလေးကို မြည်းစမ်းရင်း မလှမ်းမကမ်းက သရက်ပင်ပုပုလေးတွေဆီကို ငေးမိချိန်မှာတော့ ခြံရှင်မှ သရက်ပင်စိုက်ချင်ရင် နည်းလမ်းပေးမယ်လို့ စကားစလာတာမို့ သရက်ပင်တစ်ပင်ပျိုးကြည့်ဖို့ စိတ်ကူးပေါ်လာပြန်ပါသည်။

ခြံပိုင်ရှင်ကလဲ မြေပဒေသာကျွန်းမှာ နှစ်ပေါင်းများစွာ အလုပ်လုပ်လာသူ ဝါရင့် စိုက်ပျိုးရေးပညာရှင်တစ်ယောက်ဖြစ်နေတာမို့ သူသင်ပေးတဲ့ သရက်ပင် စိုက်နည်းတွေကို သေသေချာချာ မှတ်သားလိုက်ပါသည်။

ခြံပိုင်ရှင်က ကိုင်းကူးပြီးစိုက်ဖို့အတွက် သရက်ကိုင်းလေးတွေ ဖြတ်ယူမှဖြစ်မယ်လို့ ပြောရင်း သရက်ကိုင်းတွေ ဖြတ်ပေးဖို့ ပြင်ဆင်နေတာတွေ့တော့ ကိုင်းကူးတဲ့ နည်းမဟုတ်ပဲ အခြားနည်းနဲ့ပဲ စိုက်မယ် ခရီးဆက်ဖို့ ကျန်သေးတာမို့ သရက်ကိုင်းကို ၇န်ကုန်ရောက်အောင် သယ်ဖို့ အခက်အခဲရှိတယ် လို့ ငြင်းရင်း သရက်ပင်ပုပုလေးတွေကို ဓါတ်ပုံရိုက်ပြီး ယူခဲ့သလို သရက်သီးတွေ ဝယ်ခဲ့ပါသည်။

ဒါပေမယ့် ကျွန်မရဲ့ သရက်ပင်စိုက်ချင်တဲ့ စိတ်ကူးကို ကျွန်မကိုယ်တိုင် အကောင်အထည်မဖော်နိုင်ခဲ့ပါ။ ကျောင်း ကျူရှင် အလုပ် နဲ့ အခြားလူမှုရေးကိစ္စတွေက သစ်ပင်စိုက်ချင်တဲ့ စိတ်ကူးတွေကို ဘက်ပေါင်းစုံက နှောင့်ယှက်နေခဲ့ပါသည်။

ကျွန်မထက်ပိုပြီး လက်တွေ့ကျတဲ့ မေမေနဲ့ ဖေဖေက ကျွန်မကိုယ်စား စိန်တလုံးသရက်ပင် ငါးပင်တိတိ စိုက်ပေးခဲ့ပါသည်။

ကျွန်မအတွက် ဖေဖေတို့စိုက်ပေးခဲ့တဲ့ သရက်ပင် ငါးပင်မှာမှ နှစ်ပင်က မြေသြဇာ လွန်ပြီး အပင်ဘဝကို ရောက်မလာခဲ့ပါ။ သရက်ပင်သုံးပင် ကျွန်မရဲ့ မျက်စိအောက်မှာ ကြီးပြင်းလာတာကို တွေ့ရချိန်မှာတော့ သစ်ပင်စိုက်ပျိုးခြင်းအတွက် ရတဲ့ ပီတိအချို့ကို စတင်ခံစားတတ်လာခဲ့ပါသည်။

ကျွန်မကိုယ်တိုင် စိုက်ပျိုးခြင်းမဟုတ်ပေမယ့် “သမီးငယ် ဝယ်လာတဲ့ စိန်တစ်လုံးကို သူပြောပြတဲ့ နည်းနဲ့ စိုက်ထားတာလေ” လို့ မေမေပြောလာတိုင်း ကိုယ်တိုင်စိုက်ပျိုးရသူထက်ပိုလို့ ကျေနပ်နေမိခဲ့ပါသည်။

ကျွန်မ မေးမြန်းခဲ့စဉ်က သုံးနှစ်ပြည့်ရင် အသီးသီးမယ်လို့ ပြောပြခဲ့တာမို့ သုံးနှစ်ပြည့်ချိန်မှာ သရက်ပင်မှာ ပန်းဖြူဖြူလေးတွေ ပွင့်လာပြီလားလို့ မကြာမကြာ ပြေးကြည့်မိပါသည်။

မြေဆီမြေနှစ်နဲ့ စိုက်ပျိုးရေးနည်းပညာ ကွာခြားမှုကြောင့် သရက်ပင်ပျိုးပြီး ငါးနှစ်ခန့်ကြာမှ သရက်ပန်းတွေ ပွင့်လာခဲ့ပါသည်။ သမီးရဲ့ သရက်ပင်က ပန်းတွေ ပွင့်နေပြီ ဒီနှစ်တော့ သရက်သီး စားရတော့မယ် ဆိုတဲ့ သတင်းစကားကိုကြားချိန်မှာတော့ ကျွန်မက သရက်ပင်တွေနဲ့ အဝေးမှာ ရောက်နေခဲ့ပါသည်။

သစ်ပင်စိုက်ဖို့ အခွင့်အရေးတွေ နည်းပါးလွန်းသည့် အရပ်ဒေသကို ရောက်မှ ကျွန်မရဲ့ လက်နဲ့ သစ်ပင်ပျိုးချင်သည့် စိတ်ကူးတွေက တားမရဆီးမရ။

ပူပြင်းတဲ့ နေရာင်အောက်ကိုရောက်တိုင်း ဆိုးရွားတဲ့ ရာသီဥတုဒဏ်ကို ခံစားရတိုင်း အခွင့်အရေးရတာနဲ့ အရိပ်ရပင်တွေ ဖြစ်အောင်စိုက်မယ် … ကျွန်မတို့လောကကြီးက ထွက်ခွာသွားချိန်မှာ အခြားသူတွေကို အရိပ်ပေးနိုင်တဲ့ စားပင် သီးပင်တွေ ချန်ထားခဲ့မယ်…. ကျွန်မအခုရှုရိုက်နေတဲ့ ခြောက်ကပ်ပူပြင်းတဲ့ လေတွေ လျော့နည်းအောင် အစိမ်းရောင်အရိပ်ဖားဖား အပင်တွေ စိုက်ဖို့ ကြိုးစားမယ်…ဆိုတဲ့ အိပ်မက်တွေ တခုပြီး တခု ချွေနေမိပါသည်။

ဆိုးဝါးတဲ့ ရာသီဥတုဒဏ်ကို ခံနိုင်ဖို့ သဘာဝတရားကိုဆန့်ကျင်ပြီး လေအေးပေးစက်တွေအောက်မှာ အသက်ရှင်နေရတာကိုလဲ တခါတရံ စိတ်ပျက်မိပါသည်။

လေအေးပေးစက်တွေလည်ပတ်ဖို့အတွက် လောင်စာဆီတွေကို သုံးစွဲနေရတာကလဲ ဂေဟစနစ်ကို အနုတ်လက္ခဏာတွေသာ ဖြစ်စေတာမို့ ဘေးထွက်ဆိုးကျိုးတွေကို နောင်နှစ်ပေါင်းများစွာကြာရင် မဖြစ်မနေ ထပ်မံရင်ဆိုင်ရမှာ သေချာပါသည်။

သဘာဝ ပါတ်ဝန်းကျင် ညစ်ညမ်းမှု သစ်တောသစ်ပင် ပြုန်းတီးမှု သဘာဝ လောင်စာဆီတွေ ခန်းခြောက်မှု ကြောင့် ဖြစ်လာတဲ့ ဆိုးကျိုးတွေကို နောင်နှစ်ပေါင်း လေးဆယ်ကြာရင် သိလာမှာလား …. ဒါမှမဟုတ် နှစ်ပေါင်း ငါးဆယ်ကြာရင် သိလာမှာလား….ဒါမှမဟုတ်ရင်လဲ နောင်လာမယ့် နှစ်အနည်းငယ်အတွင်းမှာပဲ မြန်မြန်ဆန်ဆန် သိခွင့် မြင်ခွင့်ရကြမှာလား…..

အဲဒီ အချိန်ကျရင် ကြုံတွေ့ရမယ့် ဆိုးကျိုးတွေကို တနည်းတဖုံနဲ့ အကူအညီဖြစ်စေဖို့ အခုကတည်းက တတ်နိုင်သလောက် သစ်ပင်တွေ စိုက်ပျိုးမယ်ဆိုရင်ရော ကျွန်မတို့အတွက် အထောက်အကူ ဖြစ်စေနိုင်မလား…

လတ်တလော ရှုရှိုက်နေတဲ့ လေပူပူတွေကို ရပ်တန့်စေဖို့အတွက်

ကျွန်မတစ်ယောက်တည်းက သစ်ပင် ဘယ်နှစ်ပင်လောက် စိုက်နိုင်မှာလဲ…

ဘယ်လိုအပင်တွေ စိုက်ဖြစ်မှာလဲ….

နှစ်ရှည်ခံတဲ့ ကော်ဖီပင်တွေစိုက်ရမလား….

အရိပ်ရ အဖိုးတန်တဲ့ ကျွန်းပင်တွေ စိုက်ရမလား….

ဒါမှမဟုတ် စားပင် သီးပင် အဖိုးတန်ပင်တွေ မဟုတ်တဲ့ ကြီးမြန်သစ်ပင်တွေကိုပဲ စိုက်ရမလား….

မဆုံးနိုင်တဲ့ မေးခွန်းပေါင်းများစွာနဲ့ ကျွန်မအိမ်နဲ့ မနီးမဝေးက စူပါမားကတ်ထဲကို ရောက်သွားခဲ့ပါသည်။

ပြီးတော့ ပလတ်စတစ်နဲ့ ပြုလုပ်ထားတဲ့ နေကြာပင် သေးသေးလေးတစ်ပင်ဝယ်ပြီး စိတ်ပြေရုံသက်သက် အခန်းထောင့်တနေရာမှာ ပန်းပျိုးခဲ့ပါသည်။
ရေလောင်းစရာမလို ပေါင်းသင်စရာမလိုပေမယ့် သစ်ပင်စိုက်မယ့် ကတိကဝတ်တစ်ခုအနေနဲ့ ပလတ်စတစ်နေကြာပင်တစ်ပင်ကိုတော့ စိတ်မြန်လက်မြန် စိုက်ပျိုးနိုင်ခဲ့ပါသည်။

ကျွန်မရဲ့ နေကြာပန်းအကြောင်းကို သိသွားတဲ့ အမတော်တစ်ယောက်ကတော့ အိပ်ခန်းတွင်းမှာ အလှစိုက်ဖို့အတွက် ပန်းပင်စစ်စစ် တစ်ပင်လက်ဆောင်ပေးမယ်လို့ ကတိပေးလာခဲ့ပါသည်။

ကန္တာရအိပ်မက်တွေဖြစ်တဲ့ အရွက်ဖားဖား စိမ်းစိမ်းစိုစို အပင်ကြီးတွေကို လက်တွေ့ မစိုက်ပျိုးနိုင်ခင်မှာတော့ အိပ်ခန်းအတွင်းမှာ စိမ်းစိမ်းလန်းလန်း လှလှပပ စိုက်ပျိုးလို့ရမယ့် ပန်းပင်တစ်ပင်ကိုတော့ မကြာခင်မှာစိုက်ပျိုးနိုင်ဖို့ မျှော်လင့်မိပါသည်။

ရွက်ကျပင်ပေါက်လေးကစလို့ အဖိုးတန်ကျွန်းပင်တွေအဆုံး ကျွန်မတို့ အသက်ရှင်ဖို့ လိုအပ်တဲ့ အောက်ဆီဂျင်တွေကို အစဉ်သဖြင့် လေထုထဲကို ထုတ်လွှတ်ပေးနေမှာ သေချာနေပါသည်။။။။။။။။

Passport Please

May 16
လက်ထဲမှာ ကိုင်ထားတဲ့ ပတ်စ်ပို့စာအုပ်က သက်တမ်းကုန်သွားတာမို့ ထုံးစံအတိုင်း ကူဝိတ်နိုင်ငံကို ပို့ပြီး သက်တမ်းတိုး အခွန်ဆောင် ပြီးတော့ Machine readable passport အသစ်ပြန်လျှောက်ခဲ့ပါသည်။

နိုင်ငံကြီးသားပီသချင်တာမို့ အခွန်ဆောင်ရတဲ့အပေါ်မှာ သိပ်တော့ စိတ်မညစ်မိ။ စင်ကာပူမှာ အလုပ်လုပ်တဲ့လူတွေက အခွန် ၂ ထပ် ဆောင်ရတာမို့ ကိုယ့်ထက်ပိုပြီး ပေးရတာကို သိထားတော့ ကိုယ်ပေးရတဲ့ အခွန်ငွေအတွက် နှမြောစိတ်လဲ မဖြစ်။

ဒါပေမယ့် ပါတ်စပို့စ်စာအုပ် အသစ်ရောက်လာချိန်မှာတော့ စာတစ်စောင်က ပူးတွဲပြီး ပါလာခဲ့ပါသည်။ ပြီးတော့ သူတို့ပြန်ပို့လိုက်တဲ့ စာအုပ်အဟောင်းပေါ်မှာ ဗီဇာကပ်ထားတဲ့ စာမျက်နှာကလွဲလို့ cancel တုံးတွေထုပေးလိုက်ပါသည်။

စာအိတ်ထဲမှာ ပါလာတဲ့ စာကတော့ စာအုပ်နှစ်အုပ်ကိုင်ဆောင်ခွင့်ပြုဖို့နဲ့ စာအုပ်အဟောင်းပေါ်မှာရှိနေတဲ့ ဗီဇာကို စာအုပ်အသစ်မှာ ပြောင်းကပ်ပြီးတာနဲ့ ကူဝိတ်ကို ပြန်ပို့ပါ့မယ်ဆိုတဲ့ ကတိပြုခံဝန်လွာကို လက်မှတ်ထိုးမယ့်နေရာလေးပဲ ချန်ပြီး ရိုက်ထားတဲ့ စာလေးပါ။

သူတို့ညွှန်ကြားတဲ့အတိုင်း လက်မှတ်ထိုးပေးလိုက်ပြီး Scan ဖတ်ပြီး အီးမေးလ်ကနေပြန်ပို့လိုက်ပါသည်။ ပြီးတော့ စာအုပ်ပြန်ပို့ဖို့အတွက် စတင်စဉ်းစားရပါသည်။

ကိုယ့်ထက်အဖြစ်ဆိုးတဲ့ သူငယ်ချင်းတစ်ယောက်ကတော့ သူအခွန်ဆောင်ပြီး စာအုပ်သက်တမ်းတိုးတော့ တစ်လအတွင်း စာအုပ်အဟောင်းကို ပြန်ပို့ရမယ်ဆိုတဲ့ ညွှန်ကြားချက်ပါလာတယ်လို့ ပြောလာပါသည်။ တကယ်လို့ တစ်လအတွင်း ပြန်မပို့ရင်တော့ စာအုပ်နှစ်အုပ်လုံးကို Cancel လုပ်မယ်လို့ ပြောလာပြန်ပါသည်။

မြန်မာပြည်မှာ ပြန်ပြီး စာအုပ်လဲလာသူကတော့ စာအုပ်အဟောင်းရော အသစ်ရော နှစ်အုပ်လုံးကိုင်ထားပြီး စာအုပ်အဟောင်းကို ပြန်ပေးစရာမလိုဘူးလို့လဲ ပြောလာပါသည်။

အခြားသူငယ်ချင်းတစ်ယောက်ကတော့ စာအုပ်ကို နှစ်အုပ်ထက်ပိုပြီး ကိုင်ထားပေမယ့် ပြဿနာမရှိခဲ့ပါလို့ အခိုင်အမာ ပြောလာပြန်ပါသည်။

စာအုပ်အသစ်လဲလှယ်ခြင်း စာအုပ်သက်တမ်းတိုးခြင်းနဲ့ ပက်သက်ပြီး ကျွန်မတို့ ဆက်သွယ်နေရတဲ့ အီဂျစ် ဆော်ဒီ ကူဝိတ် သုံးနိုင်ငံနဲ့ မြန်မာ နိုင်ငံမှာရှိတဲ့ နိုင်ငံကူးလက်မှတ်ထုတ်ပေးတဲ့ ဌာနတွေမှာ သတ်မှတ်ထားတဲ့ စည်းကမ်းတွေက ဘာလို့များကွဲပြားနေတာလဲလို့ မေးခွန်းတစ်ခုထိုးလာခဲ့ပါသည်။

စာအုပ်အသစ်လဲလှယ်သူများအတွက် ထပ်မံထုတ်ပေးသော ပါစ်ပို့များမှာ နံပါတ်အသစ်များဖြစ်နေတာမို့ ကျွန်မတို့ကိုင်ဆောင်သော နိုင်ငံကူးလက်မှတ်များအတွက် သက်ဆိုင်ရာအလုပ်ဌာနများတွင် စာအုပ်အသစ်ပြောင်းလဲခြင်းအတွက် မဖြစ်မနေ အကြောင်းကြားရပြီး ဗီဇာ ထပ်မံလဲလှယ်ဖို့အတွက် အလုပ်တစ်ခု ပိုလာတတ်ပါသည်။

စာအုပ်အသစ်လဲပြီး ပြန်လာသော မိတ်ဆွေတစ်ယောက် စာအုပ်အဟောင်း ရန်ကုန်တွင် ကျန်ခဲ့တာမို့ ဒူဘိုင်းလေဆိပ်မှ ဝင်ခွင့်မပေးသော အဖြစ်တစ်ခုကိုလဲ သိပ်မကြာခင်က ကြားသိလိုက်ရပါသည်။

ကျွန်မ စာအုပ်အဟောင်းပေါ်က ဗီဇာကို စာအုပ်အသစ်ကို ပြောင်းဖို့ HR ကိုရောက်သွားတော့ Visa Section က ဝန်ထမ်းက ကျွန်မကို မျက်လုံးပြူးပြီး ကြည့်လာပါသည်။ အလုပ်အပိုတွေ ဘာလို့လုပ်ချင်ရတာလဲလို့ သူမမေးလာချိန်မှာတော့ သူ့ကို ကျွန်မတို့ မြန်မာနိုင်ငံရဲ့ ထူးဆန်းလှသော အခြေအနေများနဲ့ ဥပဒေတွေကို နားလည်အောင် ရှင်းပြရပါတော့သည်။

သက်ဆိုင်ရာ ဝန်ထမ်းက စာအုပ်နှစ်အုပ်ကိုင်ဆောင်ခွင့် မပေးတဲ့ နိုင်ငံကို သူ့ဘဝမှာ ပထမဆုံးအကြိမ်တွေ့ဘူးတာပဲလို့ ပြောရင်း လိုအပ်ချက်တွေနဲ့ ဘယ်လိုလုပ်ရမယ်ဆိုတာကို ရှင်းပြပါသည်။ သုံးရက်အတွင်း စာအုပ်တွေ ပြန်ရမယ်ဆိုပေမယ့် ကိုယ့်စရိတ်နဲ့ကိုယ်လုပ်ရမယ် ဒါဟန်း ၁၂၀ ကနေ ၁၅၀ လောက်ကုန်မယ်လို့ ခန့်မှန်းပေးပါသည်။

နိုင်ငံပေါင်း တစ်ရာ့ သုံးဆယ်ကျော်က ဝန်းထမ်း သုံးသောင်းကျော်အတွက် ပါစ်ပို့နဲ့ ဗီဇာတွေအတွက် စီမံပေးနေသူမို့ ကျွန်မရဲ့ ပတ်စပို့ကို သေသေချာချာ လှည့်ပတ်စစ်ဆေးပြီး အံ့သြနေတာ သိပ်မဆန်းပါ။ ပါ့စ်ပို့စာအုပ်နှစ်အုပ်ကိုင်ဆောင်ခွင့် မပြုတဲ့ နိုင်ငံသစ်တစ်ခုအကြောင်း ကို ပထမဆုံးအကြိမ် ကြားသိခွင့်ရတဲ့ အတွက်လဲ သူမ ထူးဆန်းအံ့သြသင့်ပါသည်။

ကျွန်မကိုယ်တိုင်လဲ ပါစ်စပို့နှစ်အုပ်ကိုင်ဆောင်သူ သုံးအုပ် လေးအုပ်အတွဲလိုက် ကိုင်ဆောင်ထားသူတွေကို နေ့စဉ်နဲ့အမျှ တွေ့နေရသူမို့ သူအံ့သြနေတာကို အပြစ်မတင်လိုပါ။

နိုင်ငံတကာမှာ သံရုံးတွေ မဖွင့်ထားနိုင်ပေမယ့် ကျွန်မတို့ မြန်မာနိုင်ငံသားတွေ ကိုင်ဆောင်တဲ့ နိုင်ငံကူးလက်မှတ်ရဲ့ သက်တမ်းကိုတော့ သုံးနှစ်သာ ပေးထားပါသည်။

ကျွန်မလက်ရှိ ရောက်နေတဲ့ယူအေအီးနိုင်ငံက သံရုံးမရှိသော နိုင်ငံတစ်နိုင်ငံဖြစ်တာမို့ အခွန်ဆောင် သက်တမ်းတိုးရခြင်းရဲ့ အခက်အခဲများကိုတော့ စာမဖွဲ့လိုတော့ပါ။ သူငယ်ချင်းတစ်ယောက် စာအုပ်သက်တမ်းတိုးရန် အီဂျစ်နိုင်ငံသို့ ပို့လိုက်ချိန်တွင် အီဂျစ်လေဆိပ်မှ တရားဝင်ပို့ဆောင်ခွင့် မရှိသော စာရွက်စာတမ်းအဖြစ် စာအုပ်ကို သိမ်းဆည်းခဲ့သော အဖြစ်တစ်ခုကိုလဲ ကြားခဲ့ဘူးပါသည်။

အလားတူအဖြစ်တစ်ခုကလဲ အခြားသူငယ်ချင်းသုံးယောက် စာအုပ်သက်တမ်းတိုးရန်ပို့လိုက်ချိန်တွင် စာအုပ်သုံးအုပ်လုံးလမ်းတွင် ပျောက်ဆုံးသွားသောအဖြစ်ပဲ ဖြစ်ပါသည်။

မြန်မာသံရုံးမရှိသော ယူအေအီးတွင် မြန်မာနိုင်ငံသားများအားလုံး မဖြစ်မနေ တာဝန်တစ်ရပ်အနေဖြင့် စွန့်စွန့်စားစား စာအုပ်သက်တမ်းတိုးနေရသော အဖြစ်များကို ကြားသိရတိုင်း တခါက့  ကျွန်မတွေ့ခဲ့ဘူးသော အာရပ်နိုင်ငံသားတစ်ယောက်ကို ပြေးမြင်မိပါသည်။

လွန်ခဲ့သော လအနည်းငယ်က ရန်ကုန်သို့ ခွင့်ပြန်ချိန်တွင် လေယာဉ်ပေါ်တွင် ဒေသခံ အာရပ်လူမျိုးတစ်ယောက်နှင့် စကားပြောခွင့်ရခဲ့ပါသည်။ သူက လေယာဉ်ပေါ်သို့ အနည်းငယ်နောက်ကျပြီးမှ ရောက်လာပြီး ကျွန်မဘေးနားတွင် လာထိုင်ကာ သူနောက်ကျရသည့်အကြောင်းရင်းကို ကျွန်မကို အကျယ်တဝင့် ရှင်းပြလာပါသည်။

သူကိုင်ဆောင်လာသော ပါ့စ်ပို့မှာ သက်တမ်းကုန်ဆုံးနေတာကို Check-in ကောင်တာသို့ရောက်မှ သိလိုက်ရတာမို့ ကျွန်မတို့ လေယာဉ်ထွက်ခွာသော Terminal 3 မှ လဝကရုံးရှိရာ Terminal 1 သို့ အပြေးအလွားသွားပြီး စာအုပ်သက်တမ်းတိုးခဲ့ခြင်းအတွက် မိနစ် ၂၀ ခန့် ကြန့်ကြာသွားခဲ့ပါသည်ဟု သူ့ကိုယ်သူ အပြစ်တင်ပြောဆိုလာသူကိုကြည့်ရင်း များစွာအံ့သြမိရပါသည်။

သူတို့အတွက် စာအုပ်သက်တမ်းတိုးခြင်းဆိုတာ ရုပ်ရှင်ရုံတွင် ရုပ်ရှင်လက်မှတ် တန်းစီရသလောက် အပန်းမကြီး အချိန်မကုန်တာကို သိလိုက်ရတော့ ကျွန်မတို့ ကြုံတွေ့နေရသော စာအုပ်သက်တမ်းတိုးခြင်းနောက်ကွယ်မှ အခက်အခဲများအတွက် ပထမဆုံးအကြိမ်အဖြစ် ဝမ်းနည်းခြင်းဖြစ်ခဲ့ဘူးပါသည်။

ကမ္ဘာ့နိုင်ငံကြီးတွေဖြစ်တဲ့ အမေရိကန် ကနေဒါ ဗြိတိန် နိုင်ငံတွေအပါအဝင် ဥရောပနိုင်ငံများမှ ပါ့စ်ပို့စာအုပ်တွေရဲ့ သက်တမ်းက ၁၀ နှစ်တိတိရှိပါသည်။

ကျွန်မမြင်တွေ့ခဲ့ရသော သံတမန်ပါ့စ်ပို့တွေရဲ့ သက်တမ်းကတော့ သာမန်ပါ့စ်ပို့တွေထက် နည်းပါသည်။

ပါ့စ်ပို့စာအုပ်ရဲ့ သက်တမ်းကို ၇ နှစ်ကနေ ၅ နှစ်အထိ သတ်မှတ်ထားတဲ့ နိုင်ငံတွေလဲရှိပါသည်။

အာရှမှာတော့ ကမ္ဘာအရပ်ရပ်မှာ သံရုံးတွေ ဖွင့်ထားတဲ့ နီပေါနိုင်ငံ နဲ့ အိန္ဒိယနိုင်ငံတွေကပတ်ပို့စာအုပ်ရဲ့ သက်တမ်းကို ဆယ်နှစ်အထိ ပေးထားပါသည်။

မှတ်သားဖွယ်ရာတွေ့ရှိခဲ့ရတဲ့ တက္ကမန်နစ္စတန် နိုင်ငံရဲ့ ပတ်ပို့စ်ကတော့ Life long လို့ပြောလာခဲ့ပါသည်။ စာအုပ်ပေါ်မှာ သက်တမ်းကုန်ဆုံးမည့်နေ့စွဲမပါရှိသလို အချို့သော စာအုပ်တွေကိုတော့ သက်တမ်း အနှစ်ငါးဆယ်လို့ ပြောလာကြသူတွေရှိပါသည်။
သက်တမ်းလွန်ရက်စွဲကို စစ်ဆေးစရာ မလိုသော နိုင်ငံတစ်ခုဖြစ်တာမို့ ဝန်ထမ်းတွေအတွက် အလွန်အင်မတန် ကျက်သရေမင်္ဂလာရှိသော ပါစ်ပို့တစ်ခုအဖြစ်သတ်မှတ်ထားကြပါသည်။

စာအုပ်စာတမ်းအတုအယောင်တွေ ပေါတယ်ဆိုတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ပါ့စ်ပို့စာအုပ်တွေကတော့ အတုအယောင်မှန်း သိသာစေတဲ့ အချက်အလက်ပေါင်းများစွာနဲ့ ပြည့်နှက်နေတတ်ပါသည်။

စာအုပ်ကိုင်ဆောင်သူရဲ့ မွေးနေ့တွေဟာ ဇန်နဝါရီလ တစ်ရက်နေ့ ဖေဖော်ဝါရီလ ၂ ရက်နေ့တွေနဲ့ ပြည့်နှက်နေတာမို့ အသက်လိမ်ပြီး စာအုပ်ထုတ်ပေးထားတာ သိသာနေတတ်ပါသည်။ အသက်မပြည့်ပဲ ပါ့စ်ပို့စ်မှာ လိမ်ညာထားသော ကလေးငယ်အချို့ကို ဒူဘိုင်းလူဝင်မှုကြီးကြပ်ရေးမှ လက်မခံတာမို့ သက်ဆိုင်ရာ လေကြောင်းလိုင်းတွေနဲ့ နေ့ချင်းပြန်ပို့တာကိုတော့ မကြာမကြာ တွေ့ရပါသည်။

စာရွက်စာတမ်းမှားယွင်းမှုကြောင့်ပဲဖြစ်ဖြစ် သက်တမ်းလွန်ပါ့စ်ပို့ကိုင်ဆောင်ထားလို့ပဲဖြစ်ဖြစ် ရာဇဝတ်မှုမကင်းသူပဲဖြစ်ဖြစ် မိမိထွက်လာခဲ့သော နိုင်ငံသို့ ပြန်လည်ပို့ဆောင်ခြင်းခံရသူများအတွက် သက်ဆိုင်ရာလေကြောင်းလိုင်းမှ ဒေါ်လာ ငါးထောင်ဒါဏ်ရိုက်ခံရလေ့ရှိပါသည်။

သက်တမ်းလွန်ပါ့စ်ပို့ဖြင့် မိမိနိုင်ငံသို့ ပြန်ဝင်လာသူ နိုင်ငံသားများကို လက်ခံသည့်နိုင်ငံများရှိသလို လုံးဝလက်မခံသည့်နိုင်ငံများလဲ ရှိပါသည်။

အာရှ နိုင်ငံအချို့နှင့် အရှေ့အလယ်ပိုင်းနိုင်ငံအချို့က သက်တမ်းလွန်ပါ့စ်ပို့ဖြင့် ပြန်ဝင်လာသူများကို လက်ခံကြသော်လဲ အင်ဒိုနီးရှားနိုင်ငံကတော့ သက်တမ်းလွန်ပါ့စ်ပို့ကိုင်ဆောင်ပြီး ပြန်ဝင်လာကြသော အင်ဒိုနီးရှားနိုင်ငံသားများအတွက် သက်ဆိုင်ရာ လေကြောင်းလိုင်းများကို ဒဏ်ငွေရိုက်လေ့ရှိပါသည်။

သက်တမ်းလွန် မြန်မာ ပါ့စ်ပို့ကိုင်ဆောင်ထားသူများကို ပြန်ခွင့်မပေးသော လေကြောင်းလိုင်းများလဲ ဒူဘိုင်းတွင် ရှိနေခဲ့ပါသည်။ နိုင်ငံတကာလေကြောင်းလိုင်းများနှင့် နိုင်ငံတကာ လေဆိပ်ဥပဒေများအရ သက်တမ်းကုန်ဆုံးနေသော စာအုပ်များနှင့် ခရီးသွားလာခြင်းကို တင်းကျပ်စွာ တားမြစ်ထားပါသည်။

မိမိနိုင်ငံမဟုတ်ပဲ အခြားနိုင်ငံများသို့ သွားရောက်လည်ပတ်မည်ဆိုပါကလဲ မိမိကိုင်ဆောင်ထားသော ပါ့စ်ပို့စာအုပ်၏သက်တမ်း ခြောက်လတိတိကျန်ရှိမှသာ ခရီးသွားလာခွင့်ပြုထားသော လေကြောင်းလိုင်းများလည်းရှိပါသည်။



ဆက်ရန်….

အိပ်မက် မမက်ချင်တော့ပါ

May 04
နေရောညပါ မနားတမ်း လည်ပတ်နေရတဲ့ လေကြောင်းလိုင်းတစ်ခုက လေယာဉ်ဝန်ထမ်း လေဆိပ်ဝန်ထမ်း သုံးသောင်းကျော်ကို နေ့စဉ်အိပ်စက်ချိန်နဲ့ ပက်သက်ပြီး စစ်တမ်းကောက်ထားကို Intranet ထဲမှာတွေ့မိတော့ ထုံးစံအတိုင်း မဲပေးလိုက်မိပါသည်။

တစ်နေ့ကို ရှစ်နာရီထက်ပိုပြီး အိပ်တဲ့သူက ၃% ရှိပြီး ခြောက်နာရီကနေ ရှစ်နာရီကြား အိပ်ချိန်ရှိသူက ၃၂ % ရှိပါသည်။
လေးနာရီမှ ခြောက်နာရီလောက် အိပ်ချိန်ရှိသူကတော့ ၅၄% ဖြစ်ပြီး အများဆုံးစံချိန်တင်ထားပါသည်။
တညကို လေးနာရီထက်နည်းပြီးအိပ်သူအရေအတွက်ကိုလဲ ၁၁% တွေ့ရပါသည်။

ပျမ်းမျှခြင်း လေးနာရီမှ ခြောက်နာရီလောက်သာ ပုံမှန်အိပ်စက်နေရသူတွေများလှတာကို သတိပြုမိတာမို့ အလုပ်ချိန်အပြင် မိမိရဲ့ အားလပ်ချိန်တွေကို နည်းမျိုးစုံနဲ့ ကုန်လွန်စေသူတွေများလှတာကို သတိပြုမိလိုက်ပါသည်။

လေကြောင်းလိုင်းမှာမှ မဟုတ်ပဲ အခြားအခြားသော အဖွဲ့အစည်းတွေမှာ အလုပ်လုပ်နေသူ သူငယ်ချင်းမိတ်ဆွေတွေလဲ အိပ်ချိန် နည်းပါးလွန်းတာကို သိသိသာသာ သတိထားမိပါသည်။
အထူးသဖြင့် ရေခြားမြေခြားမှာ မိသားစုနဲ့ဝေးနေသူတွေမို့ စိတ်ဖိစီးမှုတွေဖြေလျှော့အတွက်ဖို့ မိမိဝါသနာပါတဲ့ ကိစ္စရပ်တွေကို အလုပ်ချိန်ပြင်ပမှာ လုပ်နေကြတာများပါသည်။

အလုပ်ပြီးချိန်မှာ စာရေးသူ စာဖတ်သူ စာကျက်သူ ဂိမ်းကစားသူ ရုပ်ရှင်ကြည့်သူ ကလပ်သွားသူ ဖဲရိုက်သူ အားကစားလိုက်စားသူ ပြင်ပသင်တန်းတက်သူ အင်တာနက်ပေါ်မှာ စိတ်ဝင်စားရာ ဘာသာရပ်တွေကို စူးစမ်းရှာဖွေနေသူတွေကို နေရာတိုင်းမှာ တွေ့ရပါသည်။

အလုပ်ပြီးလို့ အိမ်ပြန်ချိန်မှာ ချက်ပြုတ်စားသောက်ပြီးတာနဲ့ မိမိအတွက် အမှန်အကန်လိုအပ်သော အိပ်စက်အနားယူဖို့အချိန်ကို တွက်ချက်ချန်လှပ်ပြီး မိမိဝါသနာပါရာ အလုပ်တွေကို သဲကြီးမဲကြီး လုပ်နေကြတာမို့ မဖြစ်မနေ အိပ်စက်ရမည့်အချိန်ရောက်မှသာ အိပ်ယာပေါ်မှာ မျက်စိစုံမှိတ်ပစ်သူတွေက များပါသည်။

အားလပ်ချိန် အနားယူချိန်တွေ ရှားပါးလွန်းလှတယ်လို့ တဖွဖွရွတ်နေရင်းက မိမိလုပ်ချင်တဲ့ အလုပ်တွေကို လုပ်ဖို့ အချိန်တွေကို အပြေးအလွားရှာပြီး မရမက လုပ်နေရတာကလဲ အလုပ်ခွင်မှ ကပ်ပါလာတဲ့ စိတ်ဖိစီးမှုတွေကို လျှော့ချစေတဲ့ နည်းလမ်းတစ်ခုဖြစ်ပါသည်။

၂၄ နာရီလုံးလုံး အလုပ်ကိစ္စ မိသားစုကိစ္စ ကိုယ်ရေးကိုယ်တာ ကိစ္စတွေမှာ ကိုယ်ရော စိတ်ပါ မြှုပ်နှံထားရသူတွေမို့ ကိုယ်တိုင်ရဲ့ ကျန်းမာရေးအတွက် အချိန်သီးသန့်ယူပြီး အိပ်စက်အနားယူဖို့ မစဉ်းစားမိပါ။ ယောဂလေ့ကျင့်ခန်း စိတ်အပန်းပြေဖို့ အတွက် အကြံပြုထားတဲ့ စိတ်ဖိစည်းမှုလျှော့ချတဲ့ လေ့ကျင့်ခန်းတွေကို လုပ်ဖို့အချိန်မပေးနိုင်ပါ။

ကျွန်မကိုယ်တိုင်လဲ လေးနှစ်အတွင်းမှာ စိတ်ဖိစီးမှုလျှော့ချတဲ့ လေ့ကျင့်ခန်းနဲ့ ယောဂတွဲဖက်ထားတဲ့ သီးသန့် လေ့ကျင့်ခန်းတစ်ခုကို Stress Managemnt အချိန်တို သင်တန်းတစ်ခုမှာသာ လုပ်ခဲ့ဘူးပါသည်။
သင်တန်းက သင်ပေးခဲ့သာ စိတ်ဖိစီးမှု လျော့ချသည့် သီးသန့် လေ့ကျင့်ခန်းအတွက် အချိန် ၁၀ မိနစ်ကို နေ့စဉ် မစီမံနိုင်ခဲ့တာမို့ စိတ်ဖိစီးမှုတွေက တနေ့အခြား များသထက်များလာသလို ခံစားရပါသည်။

အိပ်စက်ချိန်မှာ စနစ်တကျ အိပ်စက်တတ်ဖို့ထက် အိပ်ချိန် လေးနာရီကျန်မလား ငါးနာရီကျန်မလား အပြေးအလွား တွက်ချက်ပြီး အိပ်စက်ရတာမို့ ကျန်းမာရေးနဲ့ ညီညွတ်သော အိပ်စက်ခြင်းကို မရရှိခဲ့တာမဆန်းလှပါ။

Stages of Sleep, Technique of Sleep, Sleep Hygiene, Sleep Requirements တွေကို အပြးအလွား ဖတ်ရှုမှတ်သားခဲ့ဘူးသည့်တိုင်အောင် အသေးစိတ်ကို မလိုက်နာနိုင်ခဲ့။

“All in all make sleep a top priority in your life” လို့သတိပေးထားတာကိုတွေ့ခဲ့သည့်တိုင်အောင် ညစဉ် အိပ်စက်ခြင်းအတွက် နောက်ဆုံးဦးစားပေးအဆင့်မှာသာ ထားမိတတ်ကြပါသည်။ လူမှုရေး စီးပွားရေးနဲ့ ဝါသနာပါရာ အလုပ်ကိစ္စတွေမှာ ပိုင်ဆိုင်သမျှ အချိန်တွေကို ရက်ရက်ရောရော ရင်းနှီးမြှုပ်နှံပစ်ကြတာမို့ မိမိအတွက် လိုအပ်သမျှ အချိန်တွေအားလုံးကို အိပ်စက်ချိန်ထဲမှ ရက်ရက်စက်စက် ယူသုံးပစ်လိုက်ကြတာက အဆိုးရွားဆုံး။

အိပ်စက်ခြင်းဟာ ဇိမ်ခံခြင်းမဟုတ် လူ့ခနာကိုယ်ဖွဲ့စည်းတည်ဆောက်မှုအတွက် မရှိမဖြစ်လိုအပ်ချက် တစ်ခုပဲလို့ပြောကြပါသည်။
နှစ်ခြိုက်စွာ အိပ်စက်ခြင်းဖြင့် ကျန်းမာရေးကို များစွာအထောက်အကူပြုပေမယ့် အိပ်ချိန်နည်းပါးသူတွေအတွက်တော့ ရောဂါဘယများကို ဖိတ်ခေါ်နေသယောင်ရှိပါသည်။

အိပ်စက်ခြင်းဟာ မှတ်ဥာဏ်ကောင်းစေသလို အသက်ရှည်ဆေးတစ်မျိုးလဲ ဖြစ်ပါသည်။ စိတ်ဖိစီးမှုကို လျော့ကျစေသလို ကိုယ်အလေးချိန်ကိုလဲ ပုံမှန်ထိန်းသိမ်းထားနိုင်ပါသည်။ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်စေသလို စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်အေးချမ်းမှုကိုလဲ အထောက်အကူပြုပါသည်။

အထူးသဖြင့် လူတိုင်းစေ့ စိတ်ဖိစီးမှုဒဏ်ကို အလူးအလဲခံနေရသော လူ့ဘောင်လောကတွင် နှစ်ခြိုက်စွာ အိပ်စက် အနားယူခြင်းဖြင့် စိတ်ဖိစီးမှု စိတ်သောက ဝေဒနာများကို ကုစားနိုင်ပါသည်။

မွေးကင်းစအရွယ်ကလေးငယ်မှ ကွယ်လွန်သေဆုံးချိန်အထိ စိတ်ဖိစီးမှုဒဏ်ကို နည်းမျိုးစုံဖြင့် ခံစားရသည်ဟု သင်တန်းနည်းပြဆရာက ရှင်းပြချိန်တွင် မွေးကင်းစကလေးငယ်ခံစားရသော စိတ်ဖိစီးမှုများနှင့် ပက်သက်ပြီး ဆွေးနွေးချက်များကို ကြားခဲ့ရဘူးပါသည်။

အမိဝမ်းဗိုက်အတွင်း ကိုးလကျော် ဆယ်လခန့်နေခဲ့ရသော ကလေးငယ်သည် အမိဝမ်းမှ ကျွတ်သည်နှင့် မိခင်သားအိမ်နှင့် ပြင်ပလောက၏ မတူညီသော ပတ်ဝန်းကျင်နှစ်ခုကြောင့် ပြင်းထန်စွာ ထိတ်လန့်ပြီး အော်ဟစ်ငိုကြွေးခြင်းဖြင့် စိတ်ဖိစီးမှုဒဏ်ကို စတင်ခံစားရသည်။

ထိုမှတဖန် မွေးကင်းစ ကလေးငယ်သည် ဆာလောင်ခြင်းအတွက် ခံစားရသော စိတ်ဖိစီးမှု နွေးထွေးမှုအတွက် ခံစားရသော စိတ်ဖိစီးမှု အိပ်စက်ခြင်းအတွက် ခံစားရသော စိတ်ဖိစီးမှု နာကျင်ခြင်းအတွက် ခံစားရသော စသည်ဖြင့် သေဆုံးသည့်အချိန်အထိ မဆုံးနိုင်သော စိတ်ဖိစီးမှုများကို ခံစားသွားရမည်ဖြစ်သည်။

စိတ်ဖိစီးမှုပပျောက်အောင် မည်သူတစ်ဦးတစ်ယောက်မျှ မစွမ်းနိုင်ပါ။ စိတ်ဖိစီးမှု ဝေဒနာကို မည်သည့်တန်ခိုးရှင်ကမျှ မကုစားပေးနိုင်ပါ။ သို့သော် ကျွန်မတို့ နေ့စဉ်ခံစားနေရသော စိတ်ဖိစီးမှုများကို လျော့ကျစေရန်အတွက်တော့ စနစ်တကျ ထိန်းချုပ်နိုင်ပါသည်။

နှစ်ခြိုက်စွာ အိပ်စက်ခြင်း တရားထိုင်ခြင်း ယိုးဂလေ့ကျင့်ခန်းကျင့်ခြင်း ကျန်းမာရေးအတွက် အားကစားလေ့ကျင့်ခန်းပုံမှန်လုပ်ပေးခြင်း စိတ်ဖိစီးမှုလျော့ချရန် စိတ်အပန်းဖြေ လေ့ကျင့်ခန်းများပြုလုပ်ခြင်းသည် နေ့စဉ်ခံစားနေရသော လူမှုဘဝမှ စိတ်သောကများကို အတိုင်းအတာတစ်ခုအထိ လျော့ကျစေနိုင်ပါသည်။

တရားထိုင်ရန် လေ့ကျင့်ခန်းလုပ်ရန် ယိုးဂကျင့်ရန် အသက်ရှူလေ့ကျင့်ခန်းလုပ်ရန် နေ့လည်စာစားပြီးချိန်တွင် တရေးတမောမှေးစက်ရန် အခက်အခဲရှိကြသူအားလုံးအတွက် ညအိပ်ချိန်ပုံမှန်ဖြစ်ရန်နှင့် မိမိအတွက်လိုအပ်သော အိပ်စက်ချိန်ပုံမှန်ရနိုင်ရန် လိုအပ်ပါသည်။

အိပ်စက်ချိန်ပုံမှန်ရပါကလဲ စနစ်တကျ အိပ်စက်တတ်ရန်လိုအပ်ပါသည်။ အိပ်ခါနီးအချိန်တွင် ရှိရှိသမျှသော စိတ်သောကများကို မေ့လျော့ပစ်ပီး အိပ်မက်မျှပင် မမက်ပဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်နိုင်ဖို့လိုပါသည်။

အိပ်ယာထိုင်ခင်းကို တတ်နိုင်သမျှ သန့်ရှင်းအောင်ထားပြီး အိပ်စက်ခါနီးအချိန်တွင် ခြေလက်သန့်စင် ဆေးကြောသင့်သလို စိတ်ရောကိုယ်ပါ အေးငြိမ်းချမ်းသာစွာ အိပ်စက်မှသာ ကျန်းမာရေးအတွက် အထောက်အကူပြုမည့် အိပ်စက်ခြင်းမျိုးကို ရရှိနိုင်ပါသည်။

စိုးရိမ်သောက စိတ်ဖိစီးမှုတစုံတရာဖြင့် အိပ်စက်ခြင်းဖြင့် အိပ်မက်ဆိုးများကို ဖိတ်ခေါ်နေသလို တရေးနိုးချိန်ကယောင်ကတန်းလန့်နိုးတတ်သော အဖြစ်များနှင့်ကြုံတွေ့ရတတ်ပါသည်။

မိမိအိမ်နှင့် အဝေးတွင် နေရသူများမို့ အိပ်စက်ရာနေရာ အိပ်စက်ရာ ပတ်ဝန်းကျင်က ကျွန်မတို့ရဲ့ အိပ်စက်ခြင်းကို အပြည့်အဝ အကူအညီမပေးနိုင်ပါ။ ငြိမ်သက် အေးချမ်းပြီး အလင်းရောင်မှိန်မှိန် အိပ်ခန်းတွေမှာ အိပ်စက်ရသူထက် မြို့ပြလူနေထိုင်မှုစနစ်တစ်ခုအောက်မှာ ဆူညံပေါက်ကွဲနေသော အိပ်ခန်းတွေမှာ နေ့မရွေးညမရွေး မဖြစ်မနေ ကြိုးစားပြီး အိပ်စက်နေရသူတွေက ပိုလို့များပြားနေခဲ့ပါသည်။

အားကုန်ခမ်းနေတဲ့ ဓါတ်ခဲတစ်လုံးကို အားပြန်ဖြည့်ရုံသက်သက် သဘောမျိုးဖြင့် မဖြစ်မနေ အိပ်စက်ခြင်းဖြင့် အိပ်စက်ရသူအရေအတွက်က စနစ်တကျ အနားယူအိပ်စက်သူအရေအတွက်ထက် အဆပေါင်းများစွာ တိုးပွားနေခဲ့ပါသည်

မွေးကင်းစမှ နှစ်လသားအထိ ကလေးငယ်တစ်ယောက်ဟာ တနေ့ကို တစ်ဆယ့်နှစ်နာရီမှ တစ်ဆယ့် ရှစ်နာရီတိတိ အိပ်စက်ရန်လိုပါသည်။ သုံးလအရွယ်မှ တစ်ဆယ့်တစ်လအရွယ်ကလေးငယ်ကတော့ တစ်ဆယ့်လေးနာရီမှ တစ်ဆယ့်ငါးနာရီအထိ အိပ်စက်ဖို့လိုပါသည်။

တစ်နှစ်အရွယ်မှ သုံးနှစ်အရွယ်အထိ ကလေးငယ်ကတော့ တစ်ဆယ့်နှစ်နာရီမှ တစ်ဆယ့်လေးနာရီအထိ အိပ်စက်ရန်လိုပါသည်။ သုံးနှစ်မှ ငါးနှစ်အရွယ် ကလေးငယ်ကတော့ တစ်ဆယ့် တစ်နရီမှ တစ်ဆယ့်သုံးနာရီအထိ အိပ်ရန်လိုပြီး ငါးနှစ်မှ ဆယ်နှစ်အရွယ်ကလေးငယ်ကတော့ ဆယ်နာရီမှ တစ်ဆယ့်တစ်နာရီခန့် အိပ်စက်ရန်လိုပါသည်။

ဆယ်ကျော်သက်အရွယ် ကလေးများကတော့ ရှစ်နာရီမှ ကိုးနာရီခန့် အိပ်စက်သင့်ပြီး အရွယ်ရောက်သူများအားလုံးကတော့ ခုနစ်နာရီမှ ကိုးနာရီအထိ အိပ်စက်သင့်ကြောင်း အကြံပြုထားခဲ့ပါသည်။

သိပ်မကြာခင်ကမှ ကျွန်မတွေ့ရှိခဲ့သော စစ်တမ်းအရ ကျွန်မတို့ပတ်ဝန်းကျင်တွင် လေးနာရီမှ ခြောက်နာရီခန့်သာ အိပ်စက်သူက ငါးဆယ်ရာခိုင်နှုန်းကျော်နေတာမို့ ကျွန်မတို့ ဇီဝဖြစ်စဉ်တွေအတွက် လုံလောက်တဲ့ အိပ်စက်ခြင်းတွေကို မရရှိနိုင်တာ သေချာနေပါသည်။

အိပ်စက်ချိန် နည်းပါးခြင်း နှစ်ခြိုက်စွာ အနှောင့်အယှက်ကင်းစွာ အိပ်စက်ဖို့ စည်းစိမ်မရှိခြင်းဟာ မြို့ပြ ယဉ်ကျေးမှုတစ်ရပ်လို့ မဆိုချင်ပါ။ နိုင်ငံခြားရောက် လူမှုဘဝရဲ့ အစိတ်အပိုင်းတစ်ခုလို့လဲ မပြောချင်ပါ။
ခေတ်လူငယ်တွေပြောနေကျ လက်သုံးစကားတစ်ခုဖြစ်တဲ့ စတိုင်လို့လဲ မပြောချင်ပါ။

စားတော့အသား အိပ်တော့ အား လို့လူကြီးတွေ ပြောခဲ့ကြပါသည်။
စိတ်ရောကိုယ်ပါ အနားရချိန် စည်းစိမ်အရှိဆုံးအချိန်ဟာ ခေတ္တ အိပ်စက်အနားယူချိန်တွေပဲ ဖြစ်တာမို့
ကျွန်မတို့ရဲ့ ရှားပါးလှသော အိပ်ချိန်များထဲမှ အိပ်စက်ခြင်းကို အနှောင့်အယှက် ပေးတတ်သော
အိပ်မက်တွေ မက်ဖို့အတွက် အချိန်မပေးချင်တော့ပါ။
အိပ်မက်လှလှတွေလဲ မမက်ချင်ပါ။။။။။

အိပ်ချိန်ရှားပါးလှသော သူငယ်ချင်း မိတ်ဆွေများအားလုံးကိုလဲ အိပ်မက်လှလှ မမက်စေလိုတော့ပါ။။။
ညစဉ်နဲ့အမျှ အိပ်မက်မမက်ပဲ အိပ်စက်နိုင်ဖို့ကိုသာ ကျွန်မတို့ တောင့်တနေမိပါသည်။

(မှတ်ချက် အိပ်ချိန်နည်းပါးလှသော သူငယ်ချင်းများအားလုံးအတွက် ဒီပို့စ်လေးကို ကျွန်မရဲ့ အိပ်စက်ချိန်ထဲက လေးနာရီတိတိ မျှဝေသုံးစွဲပြီးရေးပါသည်။)

ဒူဘိုင်းရောက် ရွှေမြန်မာများရဲ့

Documents for Embassy

Middle East ရောက် မြန်မာများအတွက် passport သက်တမ်းတိုးရန်နှင့် အခွန်ဆောင်ရန် လိုအပ်သော စာရွက်စာတမ်းများ - ဆော်ဒီသံရုံး -

ဧည့်မှတ်တမ်းလေး

My Blog List


No comments:

Post a Comment